~ မာန်လုငယ် ~
အခုရက်ပိုင်း နော်ဝေးဘောလုံးအသင်း အောင်ပွဲတွေနဲ့အတူ ဗိုက်ကင်းတွေလှေလှော်သလို လူအုပ်ကြီးက စုပေါင်းလှော်ခတ်နေတဲ့ Reels ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ အများအပြား တွေ့နေရပါတယ်။ တချို့ကလည်း “ကမ္ဘာကို သိမ်းပိုက်ခဲ့တဲ့ ဗိုက်ကင်းတွေ” လို့ ရေးသားကြပါတယ်။
တကယ်တော့ ဗိုက်ကင်းတွေဟာ ကမ္ဘာကို သိမ်းပိုက်ခဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ၈ ရာစုမှ ၁၁ ရာစုအတွင်း စကန်ဒီနေဗီးယားဒေသက ထွက်ပေါ်လာတဲ့ ပင်လယ်ခရီးသွားများ၊ ကုန်သည်များ၊ စူးစမ်းရှာဖွေသူများနဲ့ စစ်သည်များ ဖြစ်ကြပါတယ်။
သူတို့ဟာ အင်္ဂလန်၊ အိုင်ယာလန်၊ ပြင်သစ်နဲ့ အခြားဥရောပဒေသများကို ရောက်ရှိခဲ့ကြပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ဂရင်းလန်းနဲ့ မြောက်အမေရိကအထိ သွားရောက်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ စပိန်၊ ဗြိတိသျှ သို့မဟုတ် ဒတ်ချ်အင်ပါယာတွေလို ကမ္ဘာတဝှမ်း ကိုလိုနီအင်ပါယာ တည်ဆောက်ခဲ့တာတော့ မဟုတ်ပါဘူး။
ဗိုက်ကင်းတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုက နယ်မြေသိမ်းပိုက်ခြင်းထက် ပင်လယ်သွားလာရေး၊ စူးစမ်းရှာဖွေမှုနဲ့ သင်္ဘောတည်ဆောက်မှု ဖြစ်ပါတယ်။
ဒါပေမဲ့ နော်ဝေးတွေဟာ သူတို့ရဲ့ ဗိုက်ကင်း အမွေအနှစ်ထဲက လုယက်မှု၊ ကျွန်ဖမ်းမှု၊ စစ်ရေးအကြမ်းဖက်မှုတွေကို ဂုဏ်ယူမနေကြပါဘူး။ အဲဒီအစား စွန့်စားရဲမှု၊ စူးစမ်းရှာဖွေမှု၊ အမည်မသိတဲ့ နေရာအသစ်တွေကို သွားရောက်ရဲမှုတို့ကိုပဲ အမျိုးသားဇာတ်ကြောင်းတစ်ခုအဖြစ် ရွေးချယ်ထားကြပါတယ်။
ဂျပန်မှာလည်း အလားတူပါပဲ။ဂျပန်ဘောလုံးအသင်းကို “Samurai Blue အပြာရောင်ဆာမူရိုင်း” လို့ ခေါ်ကြတယ်။ ဘူရှိဒိုစိတ်ဓာတ်ထဲက စည်းကမ်း၊ ကိုယ်ကျိုးစွန့်မှု၊ အရှုံးမပေးမှု၊ အသင်းအတွက် ပေးဆပ်မှုတွေကို ချီးကျူးကြတယ်။ ဒါပေမဲ့ ခေတ်သစ်ဂျပန်ဟာ အတိတ်က စစ်ရေးကျူးကျော်မှုတွေကို ဂုဏ်ယူနေတာ မဟုတ်ပါဘူး။”နိုင်ငံတိုင်းက သူတို့သမိုင်းထဲက အချို့သောတန်ဖိုးတွေကို ရွေးချယ်ပြီး အမျိုးသားစိတ်ဓာတ် (national identity) အဖြစ် ပြောဆိုတတ်ကြတာဖြစ်ပါတယ်”
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။”နိုင်ငံတစ်နိုင်ငံဟာ သူ့သမိုင်းထဲက ဘယ်အပိုင်းကို ရွေးပြီး ဂုဏ်ယူသလဲဆိုတဲ့မေးခွန်းပဲဖြစ်တယ်။
အခုနော်ဝေးတွေက ဗိုက်ကင်းတွေရဲ့ လုယက်မှုကို ဂုဏ်မယူကြဘူး။ စူးစမ်းရှာဖွေမှုကို ဂုဏ်ယူကြတယ်။ ဂျပန်တွေက ဆာမူရိုင်းတွေရဲ့ စစ်တိုက်မှုကို ဂုဏ်မယူကြဘူး။ စည်းကမ်းနဲ့ ပေးဆပ်မှုကို ဂုဏ်ယူကြတယ်။အင်္ဂလန်က ဘုရင်တွေရဲ့ စစ်အောင်နိုင်မှုကို မဟုတ်ဘဲ ဥပဒေစိုးမိုးရေးကို ဂုဏ်ယူတယ်။
မြန်မာတွေကရော သမိုင်းထဲက ဘာကို ဂုဏ်ယူဖို့ ရွေးချယ်မလဲ။ မြန်မာနိုင်ငံမှာတော့ အခြေခံပညာ အလယ်တန်း၊အထက်တန်းအဆင့် သမိုင်းသင်ကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုမှာ နယ်မြေချဲ့ထွင်အောင်မြင်မှုတွေကို အထူးအလေးပေး ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဒီအချက်ကို စဉ်းစားမိတာက အခုကမ္ဘာဖလား ဘောလုံးပွဲတွေကြည့်ရင်း ဖြစ်ပါတယ်။ ဘောလုံးမှာ အနိုင်ရတာကို လူတွေ ဂုဏ်ယူကြတယ်။ ဒါပေမဲ့ ဘာကြောင့် ဂုဏ်ယူတာလဲ။
ပိုကောင်းအောင် လေ့ကျင့်ခဲ့လို့။ ပိုစည်းကမ်းရှိလို့။ ပိုတီထွင်နိုင်လို့။ စည်းမျဉ်းအောက်မှာ ပြိုင်ဘက်ကို အနိုင်ယူနိုင်လို့။
အဲဒီအတွက် ဘောလုံးရဲ့ အောင်မြင်မှုဆိုတာ Excellence — ထူးချွန်မှုကို ဂုဏ်ယူတာ ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံကလည်း စစ်တပ်အာဏာမသိမ်းခင်က ပါလီမန်ဒီမိုကရေစီခေတ်က ဘောလုံးအပါအဝင် အားကစားနည်းတွေအတွက် ဂုဏ်မငယ်ခဲ့တာတွေ့နိုင်ပါတယ်။
ဒါပေမဲ့ နယ်ချဲ့စစ်ပွဲတွေမှာတော့ တခြားလူတွေရဲ့ မြေကို သိမ်းတယ်။ အသက်တွေ ဆုံးရှုံးစေတယ်။ လူ့အဖွဲ့အစည်းတွေကို ထိခိုက်စေတယ်။
အဲဒီအတွက် အဲဒီလို အောင်မြင်မှုမျိုးက Excellence မဟုတ်ဘဲ Domination — လွှမ်းမိုးမှု ဖြစ်သွားတယ်။ ဒီနှစ်ခုက မတူပါဘူး။သမိုင်းကို လေ့လာရမယ်။ နားလည်ရမယ်။ ဒါပေမဲ့ ဘာကို ဂုဏ်ယူရမလဲဆိုတာက သီးခြားမေးခွန်းတစ်ခု ဖြစ်တယ်။
ဒီနေ့ ဂျာမနီက သူ့ရဲ့ စစ်အင်ပါယာကို ဂုဏ်မယူဘူး။ ဂျပန်ကလည်း အတိတ်က ကျူးကျော်စစ်ပွဲတွေကို ဂုဏ်မယူဘူး။ သူတို့ ဂုဏ်ယူတာက ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ အားကစားနဲ့ ဒီမိုကရေစီ အောင်မြင်မှုတွေကို ဖြစ်တယ်။
မြန်မာနိုင်ငံအတွက်လည်း အနာဂတ်မှာ “ဘယ်ဘုရင်က ဘယ်နိုင်ငံကို သိမ်းခဲ့တယ်” ဆိုတာထက် “ဘယ်လို လူ့အဖွဲ့အစည်းကောင်းကို တည်ဆောက်နိုင်ခဲ့တယ်”၊ “ဘယ်လို ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု အောင်မြင်မှုတွေ ရရှိခဲ့တယ်” ဆိုတာတွေကို ပိုဂုဏ်ယူတဲ့ ဇာတ်ကြောင်းတစ်ခု လိုအပ်မယ် ထင်ပါတယ်။
တစ်နည်းအားဖြင့် မေးခွန်းက“ဘယ်သူ အနိုင်ရခဲ့သလဲ” မဟုတ်တော့ပါဘူး။
“ကျနော်တို့ ဘာကို ဂုဏ်ယူဖို့ သင်ယူခဲ့ကြသလဲ” ဆိုတာပဲ ဖြစ်တယ်။
#MeKongNews








