~ CWM ~
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလကရစ်ရှ်နန် မြောက်ကိုးရီးယားကို သွားရောက်ခဲ့တယ်။ တချိန်တည်းမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ သမ္မတ တိုလမ်က ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာတယ်။ ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေလို့ ဆိုရမလား။
စင်ကာပူနဲ့ မြောက်ကိုးရီးယားက သံတမန်အဆက်အသွယ် ရှိကြပေမယ့် စီးပွားရေး၊ နိုင်ငံရေး ဆက်နွှယ်မှု သိပ်မရှိတဲ့ နိုင်ငံတွေပါ။ တကယ်တော့ စင်ကာပူဟာ အနောက်အုပ်စု၊ အမေရိကန်နဲ့ ပိုပြီးနီးစပ်တဲ့ လစ်ဘရယ်ဒီမိုကရေစီအုပ်စုဝင်နိုင်ငံပါ။
စင်ကာပူနဲ့ မြောက်ကိုးရီးယားက ဒီနှစ်မှာ သံတမန်ဆက်ဆံမှု နှစ်(၅၀)ပြည့်မြောက်သလို ထိုင်း နဲ့ ဗီယက်နမ်ကလည် ဒီနှစ်အတွင်း သံတမန်ဆက်သွယ်မှု နှစ်(၅၀)ပြည့်မြောက်တယ်။ ထူးခြားမှုက ဒီနိုင်ငံတွေဟာ အယူဝါဒရေးရာအရ မတူညီကြတဲ့ နိုင်ငံတွေ ဖြစ်နေကြတာပါ။ ခုချိန်မှာ ထိုင်း နဲ့ ဗီယက်နမ်ဟာ အရှေ့တောင်အာရှ စီးပွားရေးအင်အားကြီးနိုင်ံတွေ ဖြစ်နေကြပေမယ့် လွန်ခဲ့တဲ့ နှစ်(၅၀)ကာလတုန်းက ဗီယက်နမ်ဟာ အင်မတန်ဆင်းရဲပြီး ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ နိုင်ငံတခုပါ။ ဗီယက်နမ်ကွန်မြူနစ်ပါတီကို ဆိုဗီယက်ရုရှားက ထောက်ခံအားပေးပြီး ထိုင်းနိုင်ငံကတော့ အမေရိကန်ရဲ့အစောင့်ရှောက်ခံအဖြစ်နဲ့ ရှိခဲ့တယ်။ ဗီယက်နမ်-အမေရိကန်စစ်ပွဲမှာ အမေရိကန်ဟာ စစ်ရှုံးခဲ့သလို တောင်နဲ့မြောက် နှစ်ပိုင်းကွဲနေတဲ့ ဗီယက်နမ်ဟာလည်း ကွန်မြူနစ်မြောက်ဗီယက်နမ်လက်အောက် လုံးလုံးကျရောက်သွားခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)က အင်မတန်ဆင်းရဲခဲ့တဲ့ ဗီယက်နမ်ဟာ ၁၉၈၀ နှောင်းပိုင်းကစလို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ၂၀ရာစုအလွန်မှာတော့ ဗီယက်နမ်စီးပွားရေးဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ ရင်ဘောင်တန်းလာခဲ့ပြီး ခုချိန်မှာတော့ အာဆီယံရဲ့ထိပ်တန်းစီးပွားရေးဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် ရပ်တည်နေပြီဖြစ်တယ်။ ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာတခုရဲ့ သင်္ကေတလည်း ဖြစ်တယ်။ တချိန်က ဆင်းရဲခဲ့တဲ့ ကွန်မြူနစ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ မဟာဗျူဟာမိတ်ဖက်အဆင့်ထိ တက်လှမ်းလာခဲ့ပြီဖြစ်တယ်။ ထိုင်း နဲ့ ဗီယက်နမ်ကြား အီလက်ထရွန်းနစ်ပစ္စည်း၊ စားသောက်ကုန်၊ ရေနံဓါတုပစ္စည်း၊ မော်တော်ကားအစိတ်အပိုင်း ထုတ်လုပ်ရေး အစရှိတဲ့ နယ်ပယ်စုံမှာ ပူးပေါင်းနေကြပြီး ကုန်သွယ်မှုပမာဏ ၂၅ ဘီလျံခန့် ရှိလာတယ်။ ဗီယက်နမ်ရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းက ၈% ရှိပြီး အရှေ့တောင်အာရှမှာ စီးပွားရေးအဖွံ့ဖြိုးဆုံး ဖြစ်တယ်။
ကမ္ဘာကြီးရဲ့လားရာတွေဟာ ဒီဘက်နှစ်တွေထဲ ပြောင်းလဲလာတယ်။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် ကမ္ဘာ့ပါဝါဗဟိုချက်ဟာ တနေရာကို ရွေ့လျားလာနေပြီလားလို့ ထင်မှတ်ရတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်အုပ်စုကြား တင်းမာခဲ့ရပြီး အင်အားကြီးမားခဲ့တဲ့ ရုရှားဟာ အင်အားချိနဲ့ ခဲ့ရတယ်။ ယူကရိန်းစစ်ပွဲကြောင့် ပိတ်ဆို့အရေးယူခံထားရတဲ့ ရုရှားကို အကာအကွယ် အထောက်အပံ့ပေးခဲ့သူက တရုတ်ပါ။ တရုတ်နဲ့အတူ ကွန်မြူနစ် မြောက်ကိုးရီးယားက ရုရှားနဲ့ ရင်ချင်းအပ်ခဲ့တယ်။
သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အမေရိကန်ဟာ အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲမှာ မမျှော်လင့်ဘဲ ပိတ်မိသွားတယ်။ ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ဟာ မပြီးသေးတဲ့ အီရန်စစ်ပွဲကို ဆင်နွှဲနေရတယ်။ အီရန်စစ်ပွဲမှာ ဥရောပ နေတိုးနိုင်ငံတွေ အမေရိကန်ဘက်က ဝင်ပါမပေးကြဘူး။ အမေရိကန်ဟာ သူစခဲ့တဲ့ ဇာတ်လမ်းကို သူ ပြန်အဆုံးသတ်ဖို့ ကြိုးစားနေရတယ်။ အမေရိကန် နဲ့ ဥရာပမဟာမိတ်တွေကြား ဆက်ဆံရး မင်ရည်ကျဲသွားတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ အမေရိကန်၊ ရုရှား အပါအဝင် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ကြတယ်။ တနေ့တခြားတိုးပွားလာနေတဲ့ ကမ္ဘာကြီးရဲ့ မသေချာ မရေရာမှုတွေ၊ ကုန်သွယ်ရေးမညီမျှမှုတွေ၊ နိုင်ငံတကာ အင်အားချိန်ခွင်လျှာအရွေ့တွေ ဖြစ်နေခိုက်မှာ ရောက်ရှိလာကြတာဖြစ်တယ်။ ဇန်နဝါရီလအတွင်း တောင်ကိုးရီးယားသမ္မတ လီဂျေမြန်း၊ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး၊ ဖင်လန်ဝန်ကြီးချုပ် အော့ပို၊ ဗြိတိန်ဝန်ကြီးချုပ် ကိုင် စတာမာ၊ ဖေဖော်ဝါရီလမှာ ဂျာမန်အဓိပတိ ဖရိုက်ဒရစ် မာ့ဇ်၊ မေလမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ ရုရှားသမ္မတပူတင်တို့ ရှေ့ဆင့် နောက်ဆင့် လာသွားကြတယ်။ တရုတ်ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဆုံမှတ်ဖြစ်လာပြီလား။ ကမ္ဘာ့ပါဝါ ချိန်ခွင်လျှာဟာ တရုတ်ဘက်ကို ရွေ့လျားနေပြီလား။
အစဉ်အလာအားဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးပြီး အနောက်အုပ်စုနဲ့ နီးကပ်တဲ့ စင်ကာပူဟာ စနစ်မတူ၊ အယူအဆရေးရာ ကွဲပြားတဲ့ ကွန်မြူနစ်နိုင်ငံတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမရှိပါဘူး။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘလကရစ်ရှ်နန်ရဲ့ မြောက်ကိုးရီးယားခရီးစဉ်ဟာ ၂၀၁၈ နောက်ပိုင်း(၈)နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်။ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံးအွန်တို့ဟာ စင်ကာပူနိုင်ငံမှာ ထိပ်သီးတွေ့ဆုံပွဲ ကျင်းပခဲ့တော့ ဒီဆွေးနွေးပွဲကို စင်ကာပူက ကမကထ ပြုလုပ်ပေးခဲ့တယ်။
ဘာလကရစ်ရှ်နန်ဟာ တရုတ်နိုင်ငံကို ပထမဆုံး ဝင်ရောက်ပြီးတော့မှ မြောက်ကိုးရီးယားကို ခရီးဆက်ခဲ့တာပါ။ သူ့ရဲ့ အရှေ့မြောက်အာရှ သုံးနိုင်ငံခရီးစဉ်လည်းဖြစ်တယ်။
ကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ပြင်ပကမ္ဘာကလူတွေနဲ့ ထိတွေ့မှုမရှိ၊ ပြင်ပကမ္ဘာကလူတွေလည်း သိရှိဖို့ခက်ခဲတဲ့ နိုင်ငံအနည်းငယ်ထဲမှာ မြောက်ကိုးရီးယားပါဝင်တယ်။ ဒီနိုင်ငံကို Pariah state လို့လည်း ခေါ်တယ်။ နိုင်ငံတကာက ဖယ်ကြဉ်ထားတဲ့၊ ပိတ်ဆို့အရေးယူထားတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအပြင်ဘက်က နိုင်ငံပေါ့။
မြောက်ကိုးရီးယားက ကွန်မြူနစ်အိုင်ဒီယိုလိုဂျီကို အခိုင်အမာဆုပ်ကိုင် တည်ဆောက်ထားတဲ့ နိုင်ငံလည်းဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖြစ်ပွားခဲ့တဲ့ တောင် နဲ့ မြောက် ကိုးရီးယားစစ်ပွဲဟာ စစ်အေးခေတ်ရဲ့ အထင်ရှားဆုံး ကြားခံစစ်ပွဲ(proxy war) ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးပြီးတဲ့နောက် မဟာမိတ်တွေက ကိုးရီးယားကျွန်းဆွယ်ကို ၃၈ မျဉ်းပြိုင်ကနေ နယ်နမိတ်ပိုင်းခြားလိုက်ကြတယ်။ ဆိုဗီယက် သိမ်းပိုက်ထားတဲ့ မြောက်ပိုင်း နဲ့ အမေရိကန်
သိမ်းပိုက်ထားတဲ့ တောင်ပိုင်းဆိုပြီး ကွဲသွားရာက တောင် နဲ့ မြောက် ကိုးရီးယားနှစ်နိုင်ငံဖြစ်သွားခဲ့တာ ဒီနေ့အထိပါပဲ။ လူမျိုး တမျိုးတည်း၊ တောင်ပိုင်းနိုင်ငံ နဲ့ မြောက်ပိုင်းနိုင်ငံ ကွဲပြားသွားသလို မတူညီတဲ့စနစ်၊ မတူညီတဲ့ လူနေမှုဘဝ၊ မတူညီတဲ့ အစိုးရအဖွဲ့ အောက်မှာ အသက်ရှင်ခဲ့ကြတယ်။
လူချင်းအတူတူ၊ လူမျိုးချင်းအတူတူ တောင်ပိုင်းက လူတွေက ဒီမိုကရေစီ လွတ်လပ်ခွင့်အပြည့်၊ လူ့ဂုဏ်သိက္ခာအပြည့်၊ တရားဥပဒေစိုးမိုးမှု ရှိရှိနဲ့ အသက်ရှင်ရပြီး မြောက်ပိုင်းက လူတွေကတော့ တသွေးတသံ တမိန့်အောက်မှာ အစိုးရရဲ့ ပေးတာယူ၊ကျွေးတာစား၊ ထားရာနေဘဝနဲ့ အကြောက်တရားအောက်မှာ အသက်ရှင်နေကြရတယ်။ စစ်အေးလွန်ခေတ်မှာ ကမ္ဘာကြီးဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပေမယ့် ကွန်မြူနစ် မြောက်ကိုးရီးယားကတော့ မူလအိုင်ဒီယိုလိုဂျီက လုံးဝသွေဖယ်သွားခြင်းမရှိဘဲ ကြံ့ကြံ့ခံနေခဲ့တယ်။
ဒီနိုင်ငံရဲ့ အခြေအနေမှန်ကို ပြင်ပကမ္ဘာက လူတွေ မသိရှိနိုင်ခဲ့ကြဘူး။ အံ့ဩစရာကောင်းတာ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးနဲ့အပြိုင် ဒီနိုင်ငံကလူတွေ ခံစားခွင့် ရကြပါရဲ့လားဆိုတဲ့ မေးခွန်းပါ။
၂၁ ရာစုမှာ လျှို့ဝှက်လွန်းတဲ့ မြောက်ကိုးရီးယားရဲ့ ပုံရိပ်တချို့ YouTube ပေါ် ဖိတ်စဉ်လာတာ မြင်ရတယ်။ ကွန်မြူနစ် မြောက်ကိုးရီးယားဟာ ထူးခြားတယ်လို့ ဆိုရမယ်။ စစ်ရေးပြအခမ်းအနားကြီးတွေ၊ လူထုအားကစားပွဲတော်တွေ၊ သံပြိုင်သီချင်းတွေ၊ ရောင်စုံပန်းပွားတွေ၊ တူတံစဉ်နဲ့ အလံတွေ၊ ခေါင်းဆောင်ကြီး ကင်အီဆွန်းရုပ်ပုံတွေ၊ တမင်တကာ မြင့်သည်
ထက်မြင့်အောင် ဆောက်ထားတဲ့ အထပ်၁၀၀ကျော် ပိရမစ်ပုံဟိုတယ်ကြီး။ မြို့ပြအိမ်ရာတွေ၊ လမ်းမကြီးတွေနဲ့ စနစ်တကျ။ အပေါ်ယံအမြင်မှာ ကြည့်ကောင်းနေတယ်။
တရုတ်နဲ့ ရုရှားကလွဲပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိ။ နိုင်ငံပိုင်လေကြောင်းလိုင်းတခုပဲ ရှိပြီး ရုရှားထုတ် တူပိုလက် လေယာဉ်တွေကို အသုံးပြုတယ်။ မြို့ပြအထပ်မြင့်အိမ်ရာတွေ၊ ဘတ်စ်ကားတွေ၊ မြေအောက်ရထားတွေ တွေ့ရတယ်။ မြောက်ကိုးရီးယားနိုင်ငံသားတွေ ကေပေါ့ ကြည့်ခွင့်မရှိ။ တရားမဝင် ဆင်ဆာမဲ့ ရုပ်ရှင်ကြည့်ခွင့်မရှိ။ အင်တာနက်သုံးခွင့်မရ။ အင်တာနက်အစား အင်ထရာနက် ပေးသုံးထားတယ်။ ကမ္ဘာကြီးက စမတ်ဖုန်းယဉ်ကျေးမှုထဲ ရောက်သွားတော့ မြောက်ကိုးရီးယားနိုင်ငံသားတွေလည်း စမတ်ဖုန်းကိုင်ခွင့်ရလာတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ သုံးတဲ့ စမတ်ဖုန်းတွေလို မဟုတ်ဘူး။ အစိုးရက အမြဲစောင့်ကြည့်နေတယ်။မြောက်ကိုးရီးယားမှာ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်၊ ယူကျု ဆိုရှယ်မီဒီယာမှန်သမျှ မသုံးရ။ မြောက်ကိုးရီးယားနိုင်ငံသားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ဆိုရှယ်မီဒီယာပဲ ရှိတယ်။
ကမ္ဘာပေါ်က လူတွေ သိပ်မသိတဲ့ ဒီနိုင်ငံကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလကရစ်ရှန် မကြာမီက ရောက်ရှိသွားတော့ အံ့ဩနေတယ်။ “ရှစ်နှစ်အတွင်းမှာ ပြုံယမ်းဟာ ခေတ်မီ၊သန့်ရှင်း စနစ်ကျတဲ့ မြို့တမြို့အဖြစ် ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားတယ်။ စည်ကားတဲ့လမ်းတွေ၊ မော်တော်ယာဉ်တွေ၊ အဆောက်အဦးသစ်တွေကို မြင်ရတယ်။မြောက်ကိုးရီးယားဟာ စိန်ခေါ်မှုပြည့်နေတဲ့ ပတ်ဝန်းကျင်အခြေအနေကြားက တိုးတက်လာတာတွေ့ရတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို လူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝနဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို တည်ဆောက်နေတာကို ပြနေတယ်” ဆိုပြီး မှတ်ချက်ပေးသွားတယ်။
ကွန်မြူနစ် မြောက်ကိုးရီးယားရဲ့ တိုးတက်ပြောင်းလဲလာတဲ့ အပေါ်ယံရုပ်ဝတ္တုတွေကို ဘာလကရစ်ရှ်နန်မြင်တွေ့လိုက်ရပေမယ့် မြောက်ကိုးရီးယားပြည်သူတွေရဲ့ ဝိဉာဉ်ကိုတော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။
စစ်အေးခေတ်ပြီးဆုံးချိန်မှာ ဟန်တင်တမ်က သမိုင်းနိဂုံးချုပ်ပြီလို့ ဆိုတယ်။ ကွန်မြူနစ်စနစ် ကျဆုံးပြီး လက်ယာ လစ်ဘရယ်ဒီမိုကရေစီ အောင်ပွဲခံပြီလို့ ဆိုတယ်။ နှစ်ပေါင်း(၃၀)ကြာတဲ့အခါ လက်ဝဲကွန်မြူနစ်အိုင်ဒီယိုလိုဂျီတွေ သေဆုံးမသွားသေးတာ တွေ့မြင်နေရတယ်။ ကမ္ဘာကြီးရဲ့ လက်ဝဲ၊ လက်ယာ ချိန်ခွင်လျှာအရွေ့ဟာ နောက်ဆုံးမှာ ဘယ်ဆီကို ဦးတည်မယ်ဆိုတာ မှန်းဆလို့တော့ မရနိုင်သေးပါ..။
#MeKongNews








