~ CWM ~
ဘောလုံး နဲ့ နိုင်ငံရေးက မပတ်သက်ဘူးဆိုပေမယ့် ပတ်သက်မှုကတော့ ရှိနေတာပါပဲ။ လာမယ့် ဇွန်လအတွင်း အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတွေမှာ ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်မလား၊ မပါဝင်ဘူးလားလို့ ခုချိန်ထိ သို့လော သို့လော သုံးသပ်မှုတွေ ရှိနေတုန်းပါ။ အမေရိကန် နဲ့ အီရန်က စစ်ဖြစ်နေတော့ အာရှတိုက်က ခြေစစ်ပွဲအောင်ထားတဲ့ အီရန်က အမေရိကန်နိုင်ငံမှာဆိုရင် မကစားဘူးလို့ ဆိုနေတယ်။ သူတို့ကစားတဲ့ပွဲတွေကို မက္ကဆီကို ကို ပြောင်းကစားခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် နောက်ဆုံးအခြေအနေမှန်ကိုတော့ မသိရသေးဘူး။ စစ်ပွဲက မပြီးသေးပေမယ့် ပြီးသွားပြီလိုလို အပစ်အခတ်ရပ်စဲထားတော့ အီရန်အသင်း အမေရိကန်ကို လာကစားချင်လည်း ကစားမှာပေါ့။ တကယ့်အခြေအနေမှန်တော့ မသိရသေးဘူး။
တဆက်တည်းမှာ ပြောစရာလေး ရှိလာတာက အာရှအမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တခုအကြောင်းပါ။ အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မေလ(၂၀)ရက်မှာ တောင်ကိုးရီးယားအမျိုးသမီးကလပ် ဆူဝမ် အသင်းနဲ့ မြောက်ကိုးရီးယားအမျိုးသမီးကလပ် နေဂိုရမ် အသင်းတို့ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတယ်။
စနစ်မတူ၊ အုပ်ချုပ်သူ အစိုးရမတူ၊ လူမျိုးက တမျိုးတည်းနဲ့ နှစ်နိုင်ငံဖြစ်နေတဲ့ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားအမျိုးသမီးအသင်းနှစ်သင်း တွေ့ဆုံမှုဟာ ထူးခြားလှတယ်လို့ ဆိုရမယ်။ တနည်းအားဖြင့် မတည့်ကြတဲ့ ရန်ဘက်နှစ်နိုင်ငံရဲ့ တွေ့ဆုံမှုပေါ့။ တောင်-မြောက် ကိုးရီးယား နှစ်နိုင်ငံရဲ့ သမိုင်းကြောင်းဖြစ်စဉ်ကို ရှင်းပြရရင် အင်မတန်ရှည်လျားသွားပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်အေးခေတ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲဟာ ပြီးဆုံးမသွားသေးဘဲ တောင် နဲ့ မြောက် ခွဲခြားပြီး အပစ်ရပ်ထားကြတာဖြစ်တယ်။ မြောက်ကိုးရီးယားက ဆိုဗီယက်၊ တရုတ်က ထောက်ခံတဲ့ ကွန်မြူနစ်အစိုးရ။ တောင်ကိုးရီးယားက အမေရိကန် ထောက်ခံတဲ့ ဒီမိုကရေစီအစိုးရ။
နှစ်တွေကြာလာတဲ့အခါ မတူညီတဲ့နှစ်နိုင်ငံဟာ သူ့ပုံစံနဲ့သူ အပြိုင်းအရိုင်း ကြီးထွားလာခဲ့တယ်။ ကွန်မြူနစ်မြောက်ကိုးရီးယားကတော့ ဒီမိုကရေစီ တောင်ကိုးရီးယားလို လွတ်လွတ်လပ်လပ် မရှိဘူးပေါ့။ ပွင့်လင်းမှုမရှိတဲ့ နိုင်ငံ။ ပုံစံခွက်ထဲ နေရတဲ့ နိုင်ငံ။ ထူးခြားတာက ကွန်မြူနစ်မြောက်ကိုးရီးယားရော ဒီမိုကရေစီ တောင်ကိုးရီးယားပါ ဘောလုံးမှာ ထူးချွန်ကြတာပါ။ တောင်ကိုးရီးယားအမျိုးသားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖူးသလို မြောက်ကိုးရီးယားအသင်းလည်း အောင်ဖူးတယ်။
မေလ(၂၀)ရက်နေ့ ညနေမှာကစားခဲ့တဲ့ မြောက်ကိုးရီးယားအမျိုးသမီးအသင်း နေဂိုရမ် နဲ့ တောင်ကိုးရီးယားအမျိုးသမီးအသင်း ဆူဝမ် တို့ဟာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ မနှစ်က (၂၀၂၅၊ နိုဝင်ဘာ) အုပ်စုပွဲစဉ် ကစားခဲ့ကြဖူးတယ်။ အားကာသိပ္ပံ မြန်မာအမျိုးသမီးအသင်း ပါဝင်ပေမယ့် ခြေစစ်ပွဲ မအောင်ခဲ့ဘူး။ ရန်ကုန်မှာ ကစားကြတုန်းက မြောက်ကိုးရီးယားအမျိုးသမီးအသင်း နေဂိုရမ်က တောင်ကိုးရီးယား ဆူဝမ်ကို (၃-၀)နဲ့ ဂိုးပြတ်နိုင်ခဲ့တယ်။ သုဝဏ္ဏကွင်းမှာ ဒီလို နိုက်ငံရေးအယူအဆမတူတဲ့ ရန်ဘက်နိုင်ငံတွေ ကစားကြတဲ့ပွဲစဉ်တွေ ရှိခဲ့ဖူးတယ်။ တရုတ်(ထိုင်ဝမ်) နဲ့ တရုတ်နိုင်ငံအသင်းတို့ ကစားကြခဲ့တဲ့ ပွဲတွေ ရှိခဲ့တယ်။ ဒီလိုပွဲတွေ ကစားတဲ့အခါ သက်ဆိုင်ရာ သံရုံးဝန်ထမ်းတွေက သူတို့အလံကိုင်ပြီး လာအားပေးတတ်ကြတယ်။ တရုတ်(ထိုင်ဝမ်)ပွဲတုန်းကတော့ တာဝန်ရှိသူတွေက ထိုင်ဝမ်အလံ ကိုင်ဆောင်ခွင့် တားမြစ်ထားခဲ့တယ်။
ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ တွေ့ဆုံဖူးတဲ့ တောင် နဲ့ မြောက် ကိုးရီးယားအမျိုးသမီးအသင်း နှစ်သင်းဟာ ဆိုးလ်မြို့မှာ ဆီမီးဖိုင်နယ်ပွဲ ထပ်မံဆုံတွေကြတာဖြစ်တယ်။ထူးခြားမှုကတော့ ဒါပါပဲ။
တောင် နဲ့ မြောက်ကိုးရီးယားတို့ဟာ လူမျိုးချင်းတူပေမယ့် စနစ်မတူလို့ မတည့်ကြတဲ့ ရန်ဘက်နိုင်ငံတွေပါ။ ခုလို မြောက်ကိုးရီးယားဘောလုံးအသင်းတသင်း တောင်ကိုးရီးယားမှာ လာကစားတယ်ဆိုတာ ရှားပါးဖြစ်စဉ်ပါ။ တောင် နဲ့ မြောက် ကိုးရီးယားနှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းအဆက်အသွယ်မရှိတော့ မြောက်ကိုးရီးယားအမျိုးသမီးအသင်းဟာ တရုတ်နိုင်ငံ ဘေဂျင်းအထိ လေယာဉ်စီးခဲ့ရပြီး ဘေဂျင်းကနေ ဆိုးလ်ကို ခရီးဆက်လာခဲ့ရတာပါ။ နှစ်နိုင်ငံ ရန်ဘက်ဖြစ်နေကြပေမယ့် တဖက်နဲ့ တဖက်ပေါင်းစည်းလိုတဲ့အဖွဲ့တွေ ရှိသလို သံယောဇဉ်ရှိကြသူတွေလည်း အများကြီး ရှိတယ်။ မြောက်ကိုးရီးယားအမျိုးသမီးအသင်း အင်ချွန်းလေဆိပ်ကို ရောက်လာတော့ တောင်ကိုးရီးယား ပရိသတ်တွေက ဝမ်းသာအားရ ကြိုကြတယ်။ ကွန်မြူနစ် မြောက်ကိုးရီးယားအမျိုးသမီးဘောလုံးအသင်းအတွက်လည်း ဒါ ပထမဆုံးအကြိမ် တောင်ကိုးရီးယားမြေပေါ် ခြေချဖူးခြင်းဖြစ်တယ်။
နိုင်ငံရေးက တောင်/မြောက် နှစ်နိုင်ငံ ပိုင်းခြားထားပေမယ့် လူမျိုးကတော့ တမျိုးတည်း။ စနစ်မတူ၊ အယူအဆကွဲပြားတဲ့ နိုင်ငံနှစ်ခုရဲ့တွေ့ဆုံမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတယ်။ စစ်ပွဲတပွဲလို ယှဉ်ပြိုင်ကစားလေ့ရှိကြတယ်။ ရန်ကုန်မြို့မှာ အုပ်စုခြေစစ်ပွဲ ကစားခဲ့စဉ်က မြောက်ကိုးရီးယား အမျိုးသမီးဘောလုံး အသင်း နေဂိုရမ် ဟာ ဂျပန် တိုကျိုဗာဒီအသင်းကို (၅-၀)နဲ့ ဂိုးပြတ်ရှုံးခဲ့တယ်။ နေဂိုရမ်ဟာ ဂျပန် တိုကျိုဗာဒီ အမျိုးသမီးအသင်းကို ဂိုးပြတ်ရှုံးထားပေမယ့် တောင်ကိုးရီးယား ဆူဝမ် အမျိုးသမီးအသင်းနဲ့ တွေ့တဲ့အခါကျတော့ (၃-၀) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။
တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထပ်မံဆုံတွေ့ကြတဲ့ မြောက်ကိုးရီးယား နေဂိုရမ် အမျိုးသမီးအသင်းနဲ့ တောင်ကိုးရီးယား ဆူဝမ် အမျိုးသမီးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းလှတယ်။
စနစ်မတူ၊ အယူမဆမတူတဲ့ တောင်/မြောက်ကိုးရီးယားနှစ်နိုင်ငံရဲ့ ဒီပွဲစဉ်ကို တောင်ကိုးရီးယားပရိသတ်တွေ အထူးစိတ်ဝင်စားပြီး အွန်လိုင်းကနေ ရောင်းချတဲ့ လက်မှတ်(၇၀၀၀) ချက်ချင်းကုန်သွားတယ်လို့ သိရတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ မြောက်ကိုးရီးယားအလံကိုင်ဆောင်ခွင့် တားမြစ်ထားတဲ့အတွက် ဒီပွဲစဉ်ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေဟာ မြောက်ကိုးရီးယားအလံကိုင်ဆောင် အားပေးခွင့် မရှိဘူး။ နှစ်နိုင်ငံပေါင်းစည်းရေး လှုံ့ဆော်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုကတော့ တောင်/မြောက် ကိုးရီးယားအလံအစား ကိုးရီးယားကျွန်းဆွယ်ကို ဂျပန်က မသိမ်းပိုက်မီ ၁၉၁၀ မတိုင်မီက အသုံးပြုခဲ့တဲ့ ကိုးရီးယားအလံကိုတော့ ကိုင်ဆောင်အားပေးနိုင်တယ်လို့ ဆိုတယ်။
တောင်ကိုးရီးယားကလပ် ဆူဝမ်ကွင်းမှာ မေလ(၂၀)ရက်နေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြောက်ကိုးရီးယား အမျိုးသမီးအသင်း နေဂိုရမ်ဟာ တောင်ကိုးရီးယားအမျိုးသမီးအသင်း ဆူဝမ်ကို(၂-၁) အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တယ်။ တောင်ကိုးရီးယားမြေမှာ အိမ်ရှင်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားတဲ့ မြောက်ကိုးရီးယားအမျိုးသမီးအသင်းဟာ ပွဲအပြီးမှာ (တောင်ကိုးရီးယားနိုင်ငံမှာ ကိုင်ဆောင်ခွင့် မရှိတဲ့) မြောက်ကိုးရီးယားအလံနဲ့အတူ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရတယ်။
#MeKongNews








