~ CWM ~
အီရန်စစ်ပွဲက ခုချိန်ထိ ဒရာမာစီးရီးတခုလို ကောင်းခန်းရောက်သွားလိုက်၊ ရပ်သွားလိုက်နဲ့ ဆန့်တငံ့ငံ့ ဖြစ်နေတုန်းပဲ။ ခုပဲ စစ်ကြီးက ပြီးသွားတော့မလိုလို ဖြစ်လိုက်၊ ခုပဲ ပြန်ချကြတော့မလိုလို ဖြစ်လိုက် ဇာတ်လမ်းရှည်ကြီး ဖြစ်နေတယ်။
အခု နောက်ဆုံးရောက်နေတဲ့ ဇာတ်ဝင်ခန်းက သူပိတ်၊ ကိုယ်ပိတ် ဇာတ်ဝင်ခန်းပါ။ ပြီးခဲ့တဲ့ စနေနေ့က အီရန်က ဟော်မုဇ်ရေလက်ကြားကို လုံးဝပြန်ဖွင့်ပေးလိုက်ပြီလို့ ကြေညာတယ်။ ဒီလို ကြေညာရတာကလည်း အစ္စရေး နဲ့ လက်ဘနွန်တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြတဲ့အတွက်ပါ။ အီရန်က ဟော်မုဇ်ကို ပြန်ဖွင့်လိုက်ပြီလို့ ကြေညာပြီး တရက်တောင် မကြာခင်မှာ ဟော်မုဇ်ကို ပြန်ပိတ်ထားလိုက်ပြီလို့ ကြေညာပြီး ဖြတ်သန်းသွားတဲ့ ရေနံတင်သင်္ဘောတချို့ အီရန်ရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတယ်။
အီရန်က ဟော်မုဇ်ပြန်ဖွင့်ပြီလို့ ကြေညာလိုက်ပေမယ့် အမေရိကန်ကတော့ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်မရမခြင်း ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားမယ်။ အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာတဲ့ ဘယ်သင်္ဘောကိုမှ ဖြတ်ခွင့်မပြုဘူး။ အမေရိကန်က ရေလက်ကြားအပေါက်ဝကို ပိတ်ထားလိုက်တော့ အီရန်ကလည်း ရေလက်ကြားအတွင်းပိုင်းကို ဆက်ပိတ်ထားမယ်ဆိုပြီး ပိတ်လိုက်ပြန်တယ်။ သူပိတ်၊ ကိုယ်ပိတ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို အလုံးစုံ ပြန်ဖွင့်ပေးလိုက်ပြီဆိုတော့ ရေနံဈေးတွေကျ၊ စတော့ရှယ်ယာတွေ ပြန်တက်သွားတယ်။ သိပ်မကြာဘူး။ အမေရိကန်က ပိတ်ထားလို့ ဆိုပြီး အီရန်က ပြန်ပိတ်လိုက်တော့ ရေနံဈေးတွေ ပြန်ထိုးတက်၊ စတော့ဈေးရှယ်ယာတွေ ပြန်ကျ။ အီရန်စစ်ပွဲဂယက်က ခုချိန်ထိ ဇယားမငြိမ်သေးဘူး။
ခုချိန်မှာ ကမ္ဘာ့ရေနံစိမ်း ငါးပုံတပုံ ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ရေတပ်က အပြင်ဘက်က ပိတ်ထားပြီး အီရန်က ရေလက်ကြားရှိတဲ့နေရာကို ပိတ်ထားကြတယ်။ ဧပြီ(၁၃)ရက်နေ့ကစပြီး အမေရိကန်က ပိတ်ဆို့ထားလိုက်တာဖြစ်ပြီး အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှု အဖြေမရမခြင်း ဟော်မုဇ်ပင်လယ်ဝ ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ ဆိုတယ်။
အခြေအနေက ရှေ့မတိုး နောက်မဆုတ်။ တနင်္ဂနွေနေ့(ဧပြီ-၁၉)ကတော့ အီရန်အလံတင် ကုန်သင်္ဘောကြီးတစီးကို အမေရိကန်ရေတပ်က အိုမန်ပင်လယ်ကွေ့မှာ ဖမ်းဆီးလိုက်တယ်။ ဒီသင်္ဘောက အမေရိကန်က ပိတ်ဆို့ထားတဲ့ကြားက ဟော်မုဇ်ရေလက်ကြားကို ဖြတ်ထွက်လာခဲ့တာပါ။ သတိပေးနေတဲ့ကြားက ဆက်မောင်းနေလို့ ပစ်ခတ်ပြီး ဖမ်းဆီးလိုက်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်က ဒေါသထွက်ပြီး ” ဒါဟာ လက်နက်ကိုင် ပင်လယ်ဓါးပြတိုက်မှု” ပဲလို့ ဆိုတယ်။
ဒီအတောအတွင်း အီရန်နဲ့ ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးဖို့ ရှိနေပြီး အကြိုဆွေးနွေးမှုတွေ အဆင်ပြေနေပြီလို့ ထရမ့်က မီဒီယာတွေကို ပြောကြားလိုက်တယ်။ ဒါက ထရမ့်ရဲ့အပြောသာဖြစ်ပြီး မြေပြင်အခြေအနေမှာ အီရန်ဘက်က အမေရိကန်နဲ့ နောက်ထပ်တွေ့ဖို့ အစီစဉ်မရှိဘူးလို့ ငြင်းထားတယ်။
အမေရိကန် နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် နောက်ဆုံးနေ့ကလည်း ဗုဒ္ဓဟူးနေ့ (ဧပြီ-၂၂)မှာ ပြည့်မယ်။ ဒီရက်မတိုင်ခင် ဒု-သမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အီရန်ကိုယ်စားလှယ်တွေ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာ တွေ့ဆုံကြဖို့ ပြင်ဆင်နေကြတယ်။
ဒီဆောင်းပါးရေးနေချိန်အထိ ဂျေဒီဗန့်စ်က ဝါရှင်တန်က ထွက်မလာသေးသလို အီရန်ဘက်ကလည်း ဒီအစည်းအဝေး လာတက်မယ်လို့ မပြောသေးဘူး။ အရင်တခေါက်က ပါကစ္စတန်မှာ တွေ့ခဲ့ကြတုန်းကလည်း အဆင်မပြေခဲ့ကြဘူး။ အီရန်ကတော့ အမေရိကန်ဟာ “ဥပဒေနဲ့မညီတဲ့ အလွန်အကျွံ တောင်းဆိုမှုတွေ” လုပ်နေတယ်လို့ ဆိုတယ်။ ဒီလိုဆိုရင် နောက်ထပ်တွေ့ဆုံညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတယ်။ ဂျေဒီဗန့်စ်ကလည်း အီရန်ဟာ သူတို့လိုချင်တဲ့အချက်တွေကို လက်ခံနိုင်မယ့် အနေအထားမှာ မရှိသေးဘူးလို့လည်း ဆိုတယ်။ အရင်တခေါက်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ဒု-သမ္မတ ဂျေဒီဗန့်စ် နဲ့ အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်၊ ထရမ့်ရဲ့သားမက်နဲ့ အကြံပေး ဂျားရ် ကုရှ်နာ တို့ပါဝင်ပြီး အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ နဲ့ လွှတ်တော်ဥက္ကဌ တို့ ပါဝင်တယ်။
ဒီတခေါက် တွေ့ဆုံညှိနိုင်းပွဲ ဖြစ်မလား မဖြစ်ဘူးလား မသေချာသေးပေမယ့် အိမ်ရှင် ပါကစ္စတန်ကတော့ နှစ်ဖက်တွေ့ဆုံဖို့အတွက် ဟိုတယ်ကအစ လုံခြုံရေးအထိ အစစအရာရာ ပြင်ဆင်နေတာတွေ့ရတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ နောက်ဆုံးရက်ကလည်း နီးကပ်လာပြီဖြစ်လို့ ဒီတကြိမ်တွေ့ဆုံပွဲ ပျက်ရင် အီရန်စစ်ပွဲက ပြန်စတော့မယ့် အခြေအနေမှာ ရှိနေတယ်။ ဒေါ်နယ်ထရမ့်ကလည်း အီရန်ဘက်က သူတို့လိုချင်တဲ့အချက်တွေကို သဘောမတူဘဲ ငြင်းဆန်နေဦးမယ်ဆိုရင် အီရန်ဓါတ်အားပေးစက်ရုံတွေ၊ တံတားတွေကို ချေမှုန်းဖျက်ဆီးပစ်မယ်လို့ ဆိုတယ်။ အီရန်ဘက်ကလည်း အမေရိကန်သာ စစ်ပွဲပြန်စခဲ့ရင် သူတို့မှာ အမေရိကန်ကို အနိုင်ယူမယ့် ဝှက်ဖဲရှိနေပြီလို့ တုန့်ပြန်လိုက်တယ်။ ပွဲက မပြီးသေးဘူး။
ဒီအခြေအနေမှာ ဟော်မုဇ်ကတော့ ပိတ်ထားဆဲပါ။ အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြား အပြင်ဘက် ပင်လယ်ဝကို ပိတ်ထားပြီး အီရန်အစ္စလမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC)က ဟော်မုဇ်ရေလက်ကြားအတွင်းပိုင်းကို ပိတ်ထားကြတယ်။ နှစ်ဖက်စလုံး ပိတ်ထားလိုက်ချိန်ကစလို့ ဟော်မုဇ်ရေလက်ကြားက သင်္ဘောအဝင်အထွက် လုံးဝမရှိတော့ဘဲ သင်္ဘောသား ၂၀၀၀၀ လောက် ပင်လယ်ကွေ့ဒေသမှာ သောင်တင်နေတယ်။ ဒီအတောအတွင်း အီရန်(IRGC)တပ်က ရေလက်ကြားထဲ ဝင်လာတဲ့ ဘော့ဆွာနာနဲ့ အင်ဂိုလာ အလံတင်သင်္ဘောနှစ်စီးကို ပြန်မောင်းထုတ်လိုက်သလို ပြင်သစ်အလံတင်သင်္ဘောနဲ့ ဗြိတိန်သင်္ဘောတွေကိုလည်း အီရန်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။
အမေရိကန်က အီရန်ဟာ ဟော်မုဇ်ရေလက်ကြားထဲဝင်လာတဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နေပြီး ရေနံတင်သင်္ဘောတွေကို ပြန်လှည့်ခိုင်းကာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နေတယ်လို့ စွပ်စွဲသလို အီရန်ကလည်း အမေရိကန်ဟာ အီရန်ဆိပ်ကမ်းတွေဝင်မယ့် သင်္ဘောတွေကို ပိတ်ဆို့ထားပြီး အီရန်သင်္ဘောတစီးကို ဖမ်းဆီးထိန်းသိမ်းကာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နေတယ်လို့ ပြန်စွပ်စွဲတယ်။ သူက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တယ်လို့ စွပ်စွဲလိုက်။ ကိုယ်က အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နေတယ်လို့ ပြန်စွပ်စွဲလိုက်။ အပြန်အလှန် စွပ်စွဲနေကြတယ်။
ပါကစ္စတန်ကကြီးမှူးတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အီရန်က ရေလက်ကြားကို အပြည့်အဝပြန်ဖွင့်ပေးဖို့ လိုတယ်။ အီရန်က သူတို့ကို အမေရိကန်က ဒီလိုပဲ ဆက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင် ရေလက်ကြားကို ဖွင့်မပေးဘဲ ပြန်ပိတ်ထားမယ်လို့ ဆိုတယ်။ အမေရိကန်ကလည်း အီရန်က အပြည့်အဝ ညှိနှိုင်းသဘောတူညီချက်ကို လက်မှတ်မထိုးသရွေ့ရေလက်ကြားအဝင်ဝကို ဆက်ပြီး ပိတ်ထားမယ်လို့ ဆိုတယ်။
အီရန်စစ်ပွဲ(၅၁)ရက်မြောက်လာတဲ့ နေ့အထိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြစ်တယ်။ နှစ်ဖက်စလုံးက အလျှော့ပေးမယ့် အနေအထားမှာ မရှိသလို ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးတဲ့ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲလည်း(ခုချိန်ထိ) မသေချာသေးဘူး။ ဒေါ်နယ်ထရမ့်ကသာ ညှိနှိုင်းမှုတွေ အဆင်ပြေနေပြီ၊ အီရန်ဘက်က သန့်စင်ပြီး ယူရေနီယံတွေကို လွှဲပြောင်းပေးတော့မယ်ဆိုနေပေမယ့် အီရန်ဘက်က ဒါတွေ တခုမှ မဟုတ်ဘူး။ ပါကစ္စတန်ညှိနှိုင်းဆွေးနွေးပွဲကိုလည်း ကိုယ်စားလှယ် စေလွှတ်မှာမဟုတ်ဘူး။ အမေရိကန်နဲ့ နောက်ထပ်ဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုနေလေရဲ့။
အီရန်စစ်ပွဲက ခုချိန်ထိတော့ ဒရာမာစီးရီးတခုလို ကောင်းခန်းလေးရောက်သွားလိုက်၊ ဆက်ရန် ဆိုပြီး စာတန်းလေးပေါ်လာလိုက်။ ရင်တထိတ်နဲ့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်လိုက်၊ ရပ်သွားလိုက်နဲ့ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းရှည်တပုဒ်ဖြစ်နေသေးတယ်။ အလားတူ ဟော်မုဇ်ရေလက်ကြားကလည်း တော်နေကြာ ပိတ်လိုက်၊ တော်နေကြာ ပွင့်သွားလိုက်။ နောက်တော့ သူက ပိတ်လိုက်၊ ကိုယ်က ပိတ်လိုက်နဲ့ လုံးခြာလိုက်လို့ နေဆဲပါ..။
#CWM ref: Trump says US will not lift Hormuz blockade until deal made with Iran. Why and how is US blockading Iranian ports in Strait of Hormuz?BBC. US,Iran signal war readiness as ceasefire deadline looms.CNA
#MeKongNews








