~ လင်းမောင် ~
၂၀၁၃ ခုနှစ်တွင် ဘေဂျင်း၌ သမ္မတ ရှီကျင့်ဖျင်သည် တင်းမာသည့် ကွန်မြူနစ်ဝါဒနှင့်အတူ အာဏာရလာချိန်မှစ၍ ဥရောပသမဂ္ဂနိုင်ငံများသည် တရုတ်နိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများအပေါ် သံသယများ ဖြစ်လာခဲ့ကြသည်။ သမ္မတရှီ၏ စိတ်ကူးဖြစ်သော ပတ်လမ်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ကို ချမ်းသာကြွယ်ဝသော ဥရောပနိုင်ငံအများစုက ငြင်းပယ်ခဲ့ကြသည်။
ဂျာမနီနိုင်ငံ၏ အတွေ့အကြုံမှာ သိသာစေသည့် အထောက်အထားတစ်ခု ဖြစ်သည်။ ဂျာမနီစီးပွားရေး၏ အဓိကမဏ္ဍိုင်ဖြစ်သော မော်တော်ကားလုပ်ငန်းအတွက် တရုတ်နိုင်ငံသည် အလွန်အရေးပါသောနေရာတွင် ရှိနေခဲ့သည်။ ဂျာမန်ကားလုပ်ငန်းသည် ကုန်ကြမ်းရရှိမှု၊ ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းနှင့် တင်ပို့ရမည့် ဈေးကွက်နေရာတို့အတွက် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာခဲ့ရသည်။ ယခင် ဂျာမန်အစိုးရများအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များထက် တရုတ်နိုင်ငံမှရရှိသော ကူးသန်းရောင်းဝယ်ရေး အမြတ်အစွန်းများက ပို၍ အလေးသာခဲ့သည်။
သမ္မတရှီ မိတ်ဆက်ခဲ့သော အမျိုးမျိုးသော အစီအမံများသည် ဂျာမန်ကုမ္ပဏီများ တရုတ်ပြည်တွင် ရရှိနိုင်သည့် အမြတ်အစွန်းများကို လျော့နည်းသွားစေခဲ့သည်။ တရုတ်အစိုးရသည် ပြည်တွင်းကုမ္ပဏီများကို ထောက်ပံ့ကြေးများ၊ စရိတ်သက်သာသော ကုန်ကြမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီမှုများပေးအပ်ခြင်းဖြင့် နိုင်ငံခြားကုမ္ပဏီများ တန်းတူယှဉ်ပြိုင်နိုင်စွမ်း မရှိစေရန် ပြုလုပ်ခဲ့သည်။ ပွင့်လင်းမြင်သာမှုမရှိသော ဒေတာလုံခြုံရေးဥပဒေနှင့် ပြင်ဆင်လိုက်သော သူလျှိုဆန့်ကျင်ရေးဥပဒေတို့သည် နိုင်ငံခြားကုမ္ပဏီများအတွက် နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းမှုဆိုင်ရာ ဥပဒေလိုအပ်ချက်များကို လိုက်နာရန် ခက်ခဲစေခဲ့သည်။ ထို့ပြင် “Made in China 2025” မူဝါဒအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ခွဲခြားဆက်ဆံခြင်း၊ နည်းပညာများ အတင်းအကျပ် လွှဲပြောင်းခိုင်းခြင်းနှင့် မူပိုင်ခွင့်ခိုးယူခြင်းတို့သည် ဂျာမနီ၏ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားများကို တိုက်ရိုက်ခြိမ်းခြောက်လာခဲ့သဖြင့် အန်ဂျလာမာကယ် အစိုးရသည် တရုတ်မူဝါဒကို ပြန်လည်သုံးသပ်ရန် ဖြစ်လာခဲ့သည်။
အာရှနှင့် အာဖရိကနိုင်ငံများတွင် BRI ချေးငွေများ ပြန်မဆပ်နိုင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာချိန်တွင် ဘေဂျင်းက ဥရောပသို့ BRI ကို တွန်းအားပေးရန် ကြိုးပမ်းမှုကို ဂျာမနီက သံသယဖြင့် ရှုမြင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဘာလင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ခဲ့ပြီး ပြင်သစ်နှင့်အတူ ပူးပေါင်းကာ ဥရောပသမဂ္ဂတစ်ဝှမ်းတွင် နိုင်ငံခြားသားများက လုပ်ငန်းများ လွှဲပြောင်းရယူခြင်းနှင့် တရုတ်နိုင်ငံပိုင် လုပ်ငန်းများအပေါ် ပိုမိုတင်းကျပ်သော ပြိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းများ သတ်မှတ်ရန် တွန်းအားပေးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဂျာမနီစက်မှုလက်မှုအဖွဲ့ချုပ် (BDI) က တရုတ်ဈေးကွက်အပေါ် အလွန်အမင်း မှီခိုနေရခြင်းကို သတိပေးခဲ့သည်။
ဥရောပနိုင်ငံများအကြားတွင် အီတလီ၏ အစောပိုင်းတုံ့ပြန်မှုမှာ အပြုသဘောဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် G7 နိုင်ငံများအနက် BRI တွင် ပါဝင်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ်အတွက်မူ အီတလီတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မြေထဲပင်လယ်ဒေသတွင် ဗျူဟာမြောက် ခြေကုပ်ရယူရန် ဆွဲဆောင်မှုရှိသော ကိစ္စဖြစ်သည်။ သို့သော် အီတလီသည်လည်း မျှော်မှန်းထားသော စီးပွားရေးအကျိုးအမြတ်များ ရရှိမလာသောအခါ စိတ်ပျက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ရောမသည် တရုတ်နှင့်ချုပ်ဆိုထားသော သဘောတူညီချက်များကို ရပ်ဆိုင်းခဲ့ပြီး တရုတ်ကုမ္ပဏီများက အီတလီလုပ်ငန်းများကို လွှဲပြောင်းယူခြင်းကို ပိတ်ပင်ခဲ့သည်။ အထူးသဖြင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးလုပ်ငန်းများ ရယူခြင်းကို တားဆီးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အီတလီသည် BRI မှ တရားဝင်နုတ်ထွက်ခဲ့ပြီး ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက BRI တွင် ပါဝင်ခဲ့ခြင်းမှာ “အမှားကြီးတစ်ခု” ဟု ဖော်ပြခဲ့သည်။ သူမသည် ရှင်ကျန်းရှိ ဝီဂါလူမျိုးများအပေါ် ဖိနှိပ်မှုနှင့် ထိုင်ဝမ်အပေါ် တရုတ်၏ ရန်လိုမှုများကို ကန့်ကွက်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများသည် တရုတ်နှင့် ကုန်သွယ်ရေးဆက်ဆံမှုများ ဆက်ရှိနေသော်လည်း BRI မှာမူ EU နိုင်ငံများတွင် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။ အကြောင်းမှာ BRI သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို မြှင့်တင်ရန်အတွက် ဗျူဟာမြောက် လုပ်ဆောင်နေသော နိုင်ငံတော်ဦးဆောင်သည့် အစီအစဉ်တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့ခ်က “တရုတ်က ပြောင်းလဲသွားပြီ၊ ဒါကြောင့် ကျွန်မတို့ရဲ့ တရုတ်မူဝါဒကလည်း ပြောင်းလဲဖို့ လိုအပ်တယ်” ဟု ဆိုကာ သတိကြီးစွာထားရန် အကြံပြုခဲ့သည်။ မွန်တီနီဂရိုးနိုင်ငံကဲ့သို့ တရုတ်ထံမှ ဒေါ်လာ ၁ ဘီလီယံ ချေးယူပြီးနောက် နိုင်ငံတော်ဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့် ကြွေးမြီတင်ကာ ဒေဝါလီခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များကြောင့် ဥရောပနိုင်ငံများသည် BRI အပေါ် ပိုမိုသံသယဖြစ်လာကြသည်။
ဥရောပသမဂ္ဂအတွင်း စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ဘေဂျင်းသည် BRI ကို “ပွင့်လင်း၊ စိမ်းလန်းပြီး သန့်ရှင်းသော အစီအစဉ်” အဖြစ် ပုံဖော်ရန် ကြိုးပမ်းလာကာ ပိုမိုသေးငယ်ပြီး ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုများဘက်သို့ ပြောင်းလဲလာသည်။ အနောက်ဥရောပတွင် BRI သည် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများမှသည် ငွေကြေးဆိုင်ရာ ချိတ်ဆက်မှု၊ အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုနှင့် သန့်ရှင်းသော စွမ်းအင်ဘက်သို့ ကူးပြောင်းလာနေသည်။ လျှပ်စစ်ကားနှင့် ဘက်ထရီထုတ်လုပ်မှုတို့တွင် ဗျူဟာမြောက် မိတ်ဖက်များ ထူထောင်လာကြသည်။ မည်သို့ပင်ဆိုစေ ယင်းကဲ့သို့သော BRI ရင်းနှီးမြှုပ်နှံမှုများကို ပုံမှန်တရုတ်ရင်းနှီးမြှုပ်နှံမှုများမှ ခွဲခြားရန် ခက်ခဲလှပေသည်။
#MeKongNews








