~ CWM ~
နောက်ဆုံးအကြိမ် ရာဇသံ သတိပေးချက်တွေ တခုပြီးတခု ထုတ်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ နောက်ဆုံးအကြိမ် သတိပေးချက်ဖြစ်တဲ့ (၄၈)နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ပြန်မဖွင့်ဘူးဆိုရင် အီရန်တနိုင်ငံလုံးကို ငရဲမိုးရွာချမယ်လို့ ကြိမ်းဝါးခဲ့ပြီးနောက် အဲဒီ(၄၈)နာရီ နောက်ဆုံးရာဇသံကလည်း ထပ်မံကျော်လွန်သွားတဲ့အခါ တနင်္လာနေ့က နောက်ဆုံးရာဇသံတခု ထပ်မံထုတ်ပြန်ပြီး အီရန်ကို ကြိမ်းဝါးလိုက်ပြန်တယ်။
ထရမ့် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ (၄၈)နာရီ ရာဇသံဟာ မတ်လ(၆)ရက်(တနင်္လာနေ့)မှာ ပြည့်ပါတယ်။ (၄၈)နာရီအထိ အီရန်ဘက်က ဘာမှမတုန့်ပြန်၊ တုပ်တုပ်မလှုပ်ဘဲ နေတဲ့အခါ အင်္ဂါနေ့ နောက်ဆုံးထားပြီး နောက်ထပ်ရာဇသံတခုကို ထရမ့်က ထပ်ထုတ်လိုက်တာပါ။ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တဲ့ ဒီတခါ သတိပေးချက်မှာတော့ ဆဲဆိုတဲ့အသုံးအနှုန်းတွေပါ ထည့်ပြီး အီရန်ကို သတိပေးသွားပြန်ပါတယ်။
“အင်္ဂါနေ့ဟာ ဓါတ်အားပေးစက်ရုံနေ့၊ တံတားနေ့၊ အီရန်ကို ပွဲသိမ်းမယ့်နေ့။ ဒါမျိုး ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူး။ စောက်ရူးတွေ ရေလက်ကြားကို ဖွင့်ပါ။ မဖွင့်ရင် ငရဲတွင်းထဲရောက်မယ်။ စောင့်ကြည့်လိုက်။ အလ္လာကို ဆုတောင်းလိုက်ကြ”
ဒါကတော့ ဒေါ်နယ်ထရမ့်ရဲ့ အီရန်ကို နောက်ဆုံးသတိပေးချက်ပါ။
ထရမ့်က ခုလိုပဲ အီရန်ကို နောက်ဆုံးသတိပေးချက်တွေ ထုတ်ပြန်ပြီး ခြိမ်းခြောက်နေခဲ့တာ ပြီးခဲ့တဲ့ မတ်လကတည်းကပါ။ မတ်လ(၂၁)ရက်နေ့က ဟော်မုဇ်ရေလက်ကြားကို (၄၈)နာရီအတွင်း ပြန်ဖွင့်ပေးဖို့ ရာဇသံပေးခဲ့ပြီး ပြန်ဖွင့်မပေးရင် အီရန်ဓါတ်အားပေးစက်ရုံတွေကို ဖျက်ဆီးပစ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ နောက် နှစ်ရက်အကြာမှာတော့ အီရန်နဲ့ ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်ဆိုပြီး နောက်ထပ် ငါးရက်၊ မတ်လ(၂၈)ရက် နောက်ဆုံးထားပြီး ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ထပ်မံသတိပေးခဲ့ပြန်တယ်။ အီရန်က သူတို့နဲ့ ထရမ့်အစိုးရကြား ဆွေးနွေးညှိနှိုင်းမှုတွေ တခုမှ မခဲ့ရှိဘူးလို့ ငြင်းဆိုခဲ့တယ်။
နောက်ဆုံးရက်တွေ နီးလာပြန်တော့ ထရမ့်က နောက်ထပ်(၁၀)ရက်၊ ဧပြီလ (၆)ရက် နောက်ဆုံးထားဖို့ သတိပေးခဲ့ပြန်တယ်။ ဧပြီ(၆)ရက် နီးလာပြန်တော့ (၄၈)နာရီအတွင်း ရေလက်ကြားကို ဖွင့်ပါ။ မဖွင့်ရင် အီရန်တနိုင်ငံလုံးကို ငရဲမိုးရွာချမယ်လို့ ခြိမ်းခြာက်ခဲ့တယ်။ ခုတခါမှာတော့ မတ်လ(၇)ရက်အထိ မဖွင့်ရင် ဓါတ်အားပေးစက်ရုံတွေ၊ တံတားတွေ အားလုံး ဖျက်ဆီးပစ်တော့မယ်လို့ ဆိုပြန်တယ်။
ခဏ ခဏ ရာဇသံပေး ခြိမ်းခြောက်နေတဲ့ ထရမ့်ကို အီရန်က မကြောက်ပါဘူး။ “အဓိပ္ပါယ်မရှိ၊ ကြောက်လန့်တကြားနဲ့ တောင်းဆိုနေတာပါ” “လာခဲ့ပါ။ ခင်ဗျားအတွက် ငရဲတခါးဖွင့်ပေးလိုက်မယ်” လို့ အီရန် ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အလီအဗ္ဗဒူလာ အလီဘာဒီက ပြောတယ်။
ထရမ့်ရဲ့ နောက်ဆုံးခြိမ်းခြောက်မှုဟာ တနင်္ဂနွေနေ့က အီရန်မှာ ပစ်ချခံလိုက်ရပြီး အသက်မသေဘဲ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ဒုတိယမြောက် တိုက်လေယာဉ်မှူးကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။ သိပ်မကြာခင်မှာပဲ Fox News နဲ့ တွေ့ဆုံတဲ့အခါ တနင်္လာနေ့ဆို အီရန်နဲ့ ညှိနှိုင်းမှု အဆင်ပြေမှာပါ။ စစ်ပြီးဆုံးဖို့ ဒီတခါမှ လက်မခံရင် ရေနံရဖို့ အားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်ရမှာပဲ လို့ ပြောဆိုခဲ့တယ်။ အင်္ဂါနေ့၊ည ၈:၀၀ နာရီ (အရှေ့ပိုင်းစံတော်ချိန်) လို့လည်း ဆိုတယ်။
ဒါက (၆)ပတ်မြောက်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ အီရန်စစ်ပွဲ ရဲ့ နောက်ဆုံးအခြေအနေပါ။
ဒီအတောအတွင်း ထူးခြားမှုတခုက အီရန်မှာ အမေရိကန် တိုက်လေယာဉ်တစီး ပစ်ချခံလိုက်ရတာပါ။ အမေရိကန် တိုက်လေယာဉ်တစီး ခုလို ရန်သူရဲ့ ပစ်ချခြင်း ခံလိုက်ရတာဟာ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ်ပါ။ အီရန်အနောက်တောင်ပိုင်း တောင်ထူထပ်တဲ့ နေရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် ဂျက်တိုက်လေယာဉ် F-15E Strike Eagle ပစ်ချခံလိုက်ရတယ်။ လေယာဉ်ပျက်ကျသွားပြီး လေယာဉ်မောင်း နဲ့ ဒုတိယစစ်လက်နက်အရာရှိတို့ လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့တယ်။ လေယာဉ်မောင်း(Pilot)ကို ချက်ချင်း ကယ်တင်နိုင်ခဲ့ပေမယ့် ဒုတိယလေယာဉ် လက်နက်အရာရှိကိုတော့ ကယ်တင်နိုင်ခြင်း မရှိခဲ့ဘူး။
အမေရိကန် တိုက်လေယာဉ်တစီးကို ပစ်ချနိုင်လိုက်တဲ့အတွက် အီရန်တော်လှန်ရေးအစောင့်တပ်က အင်မတန် ဂုဏ်ယူနေပြီး လွတ်မြောက်သွားတဲ့ အမေရိကန် လေယာဉ်မှူးနှစ်ဦးကို လက်ရဖမ်းဆီးဖို့ အသည်းအသန် ကြိုးစားခဲ့တယ်။ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ဖျက်ဆီးပစ်လိုက်နိုင်ပြီလို့ ဆိုပေမယ့် လက်တွေ့မှာ အီရန်ဟာ အမေရိကန်တိုက်လေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိနေပြီး အီရန်မှာ လေကြောင်းကာကွယ်ရေးစနစ်တခု ရှိနေသေးတာ တွေ့ရတယ်။
အီရန်အနောက်တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ အမေရိကန်တိုက်လေယာဉ်က လေယာဉ်မှူးနှစ်ဦးကို အသက်ရှင်လျှက် ပြန်လည်ကယ်ထုတ်ရေးဟာ အမေရိကန်အတွက် အင်မတန် အရေးကြီးသလို အီရန်အတွက်လည်း အမေရိကန် သုံ့ပန်းကို အရှင်ဖမ်းဆီးရမိလိုတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ဟာ အမေရိကန် တိုက်လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ရင် ပေါင်-၅၀၀၀၀( ဒေါ်လာ-၆၆၀၀၀) ဆုချီးမြှင့်မယ်လို့ ဒေသခံတွေကို မက်လုံးပေးခဲ့တယ်။ ဗီဒီယိုဖိုင်တခုထဲမှာ အီရန်အနောက်တောင်ပိုင်းက လက်နက်ကိုင်ဆောင်ထားတဲ့ ဒေသခံလူမျိုးစုတွေဟာ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ကို ရှာဖွေဖို့ အသည်းအသန်ကြိုးစားနေကြတာ တွေ့ရတယ်။
အမေရိကန်ဟာ ရန်သူ့နယ်မြေထဲ ပျက်ကျသွားတဲ့ တိုက်လေယာဉ်မှူးနှစ်ဦးကို ကယ်ဆယ်ဖို့ စစ်ဆင်ရေးတရပ်ကို ချက်ချင်းဆောင်ရွက်ခဲ့တယ်။ ဒီစစ်ဆင်ရေးဟာ အလွန်ကြီးမားပြီး နောက်ဆုံးမှာ (လေသူရဲနှစ်ဦးစလုံး ကယ်တင်နိုင်ခဲ့လို့) အောင်မြင်ခဲ့တယ်လို့ ဆိုတယ်။ ပထမဦးဆုံး အမေရိကန်က ရန်သူကို စိတ်ဓါတ်စစ်ဆင်ရေးအဖြစ် လေသူရဲနှစ်ဦးစလုံးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီလို့ သတင်းထုတ်ခဲ့တယ်။
တကယ်တော့ F-15E ဂျက်တိုက်လေယာဉ် ပစ်ချခံရအပြီးမှာ လေယာဉ်မောင်း(Pilot)တဦးကိုသာ ချက်ချင်းကယ်တင်နိုင်ခဲ့တယ်။ ဒုတိယတဦးဖြစ်တဲ့ လေယာဉ်လက်နက်အရာရှိ( weapons systems officer) က ပျောက်ဆုံးနေတယ်။ ဒုတိယလေသူရဲကို အသက်ရှင်လျှက် အချိန်မီ ကယ်ထုတ်နိုင်ဖို့ အရေးကြီးတယ်။ ဒုတိယလေသူရဲမှာ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ပစ္စတိုတလက်ပဲ ပါတယ်။
အရေးပေါ်အခြေအနေမှာ ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ လေ့ကျင့်ထားပြီးဖြစ်လို့ အချက်ပြမီးဖွင့်တာ၊ အမြင့်တနေရာကနေ ဆက်သွယ်တာတွေ သိရှိပြီးဖြစ်တယ်။ အမေရိကန် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒုတိယလေသူရဲဟာ တောင်နံရံနှစ်ခုကြားထဲ ပုန်းအောင်းနေခဲ့ရပြီး အီရန်တွေ မြင်မသွားအောင် အချက်ပြမီးကို အသုံးပြုခဲ့ရတယ်လို့ သိရတယ်။ နောက်တော့ အဲဒီနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိပြီး သူ့ကို ကယ်ထုတ်သွားခဲ့တယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန် စီအိုင်အေက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ အမေရိကန်ထောက်လှမ်းရေးဟာ ဒုတိယလေသူရဲ ပုန်းအောင်းနတဲ့ တောင်နံရံချပ်နှစ်ခုကြားနေရာအတိအကျကို ထောက်လှမ်းပြီး ပင်တာဂွန်အထိ သတင်းပေးပို့ခဲ့တယ်။
ထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ လေသူရဲရဲ့နေရာအတိအကျကို အမေရိကန်အရာရှိတွေက ၂၄နာရီမပြတ် စောင့်ကြည့်နေပြီး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုတယ်။
” လေသူရဲရှိတဲ့နေရာကို ရန်သူတွေက ရှာတွေ့သွားပြီး နာရီပိုင်းအတွင်းမှာ တဖြည်းဖြည်းနဲ့ အနီးကို ရောက်လာတယ်” လို့ ထရမ့်ကပြောတယ်။ ဒီစစ်ဆင်ရေးမှာ ကမ္ဘာ့အကောင်းဆုံးလက်နက်တွေ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်အများအပြား အသုံးပြုခဲ့ရပြီး လေသူရဲကို ကယ်ဆယ်ဖို့ ချဉ်းကပ်လာစဉ်မှာ အမေရိကန်အထူးတပ်ဖွဲ့တွေက ရန်သူအီရန်တွေ အနီးကို ရောက်ရှိမလာအောင် ဗုံးကြဲတာ၊ ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ခဲ့ရတယ်လို့ ဆိုတယ်။ အမေရိကန် မီဒီယာတွေရဲ့ အဆိုအရ ကယ်ဆယ်ရေးအတွက် အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စီး ပြန်မတက်နိုင်တော့လို့ အီရန်နယ်မြေထဲမှာပဲ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရတယ်လို့ ဆိုတယ်။ အဲဒီနောက် အခြားလေယာဉ်သုံးစီးက အထူးတပ်ဖွဲ့ဝင်တွေကို သယ်ထုတ်သွားခဲ့တယ်။
အီရန်စစ်တပ်ဘက်ကတော့ အမေရိကန် C-130 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စီးနဲ့ Black Hawk ရဟတ်ယာဉ်နှစ်စီးကို ပစ်ခတ်ဖျက်ဆီးပစ်ခဲ့ပြီး အစ္စဖာဟန်တောင်ပိုင်း လေဆိပ်ဟောင်းက အမေရိကန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုတယ်။
အမေရိကန်စံတော်ချိန် သန်းခေါင်ယံမတိုင်မီ စစ်ဆင်ရေးအားလုံး အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပြီး ဒဏ်ရာရထားတဲ့ လေသူရဲကို ဆေးကုသဖို့ ကူဝိတ်ကို ခေါ်ဆောင်သွားတယ်လို့ ထရမ့်က ဆိုတယ်။ ဒီ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ထရမ့်က ” အမေရိကန် တိုက်ပွဲဝင်စစ်သည်တဦးကို ဘယ်တော့မှ နောက်မှာ ချန်ထားခဲ့မှာ မဟုတ်ဘူး” လို့ truth ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တယ်။
ဒီအဖြစ်အပျက်ဟာ အီရန်စစ်ပွဲမှာ အမေရိကန်တိုက်လေယာဉ်တစီး ပထမဦးဆုံးအကြိမ် ပစ်ချခံခဲ့ရသလို မိမိတို့ရဲ့ လေသူရဲနှစ်ဦးကို မရ ရအောင် ပြန်လည် ကယ်ထုတ်နိုင်ခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးကိုလည်း တွေ့မြင်ကြရတယ်။ အမေရိကန်ဟာ သူ့ရဲ့ လေသူရဲနှစ်ဦး အသက်ကို ကယ်တင်နိုင်ဖို့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လေယာဉ် နဲ့ ရဟတ်ယာဉ်တွေ ဆုံးရှုံးခဲ့ရတယ်။ စစ်သည်တစ်ဦးရဲ့ အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူးဆိုတာ သက်သေပြခဲ့တယ်။
အီရန်စစ်ပွဲဟာ တဖြည်းဖြည်းနဲ့ ရက်သတ္တပတ်(၆)ပတ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ စစ်ပွဲအစမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီစစ်ပွဲ ပြီးဆုံးတော့မယ်လို့ ဆိုခဲ့တဲ့ ထရမ့်က ပြီးခဲ့တဲ့ ပြည်ထောင်စုမိန့်ခွန်းမှာ လာမယ့် နှစ်ပတ် သုံးပတ်အတွင်း အဆုံးအဖြတ်စစ်ပွဲကြီးနဲ့အတူ ပြီးဆုံးတော့မယ်လို့ ဆိုပြန်တယ်။
ထရမ့်ပြောတဲ့ နှစ်ပတ်၊ သုံးပတ်က မကြာခင်ရောက်လာတော့မှာ ဖြစ်တယ်။ ခုချိန်ထိတော့ ကမ္ဘာ့ရေနံစိမ်း ငါးပုံတပုံဖြတ်သန်းနေတဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားဆဲဖြစ်သလို ဟော်မုဇ်အပေါက်ဝကနေ ရေနံတင်သင်္ဘောတွေကို (ဖြတ်သန်းခ)ဂိတ်ကြေးကောက်မယ်လို့လည်း ဆိုနေတယ်။ ထရမ့်က အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ဖျက်ဆီးပစ်လိုက်ပြီလို့ ပြောခဲ့ပေမယ့် အီရန်ဟာ အမေရိကန် တိုက်လေယာဉ်တစီးကို ပစ်ချနိုင်ခဲ့တယ်။ အီရန်ဟာ ကူဝိတ်က ဓါတ်အားပေးစက်ရုံနဲ့ ရေနံဓါတုစက်ရုံကို ဒုံးကျည်နဲ့ ပစ်နေတုန်းဖြစ်သလို ယူအေအီးက ရေနံဓါတ်ငွေ့စက်ရုံကိုလည်း ဒုံးကျည်နဲ့ ပစ်နေတယ်။ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့အထိ အီရန်ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲနေဆဲဖြစ်တယ်။
ဒေါ်နယ်ထရမ့်ကတော့ ဟော်မုဇ်ရေလက်ကြားကို အင်္ဂါနေ့ည(အမေရိကန်အရှေ့ပိုင်းစံတော်ချိန်) နောက်ဆုံးထားပြီး ပြန်ဖွင့်ဖို့ နဲ့ မလိုက်နာဘူးဆိုရင် အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံး အီရန်ကို တိုက်ခိုက်ဖျက်ဆီးသွားမယ်လို့ နောက်ဆုံးထပ်မံ သတိပေးလိုက်ပြန်ပြီဖြစ်တယ်။ ဒီတကြိမ် ထရမ့်ရဲ့ သတိပေးချက်ဟာ နောက်ဆုံးဖြစ်လာမလား၊ နောက်ဆုံးနေ့ ရောက်ခါနီးမှ ထပ်မံ ပြောင်းလဲသွားဦးမလားစောင့်ကြည့်ကြရမယ်။
အီရန်စစ်ပွဲဟာ အပြန်အလှန် ပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်နေဆဲပါ။ အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ ကူဝိတ်၊ ယူအေအီး၊ ဆေယ်ဒီအာရေဗျ၊အိုမန်၊ အစ္စရေးနိုင်ငံထဲ ကျရောက်နေဆဲဖြစ်သလို အစ္စရေးတိုက်လေယာဉ်တွေက အီရန်ရဲ့ ရေနံဓါတုစက်ရုံအပါအဝင် ပစ်မှတ်တွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေဆဲပါ။
ဧပြီ(၆)ရက်၊ နောက်ဆုံးသတင်းအရ အမေရိကန်-အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထောက်လှမ်းရေးအကြီးအကဲ မာဂျစ် ခါဒီမီ လည်း သေဆုံးသွားခဲ့ပြီလို့ သိရတယ်..။
#CWM ref BBC World,CNN,AFP news.
#MeKongNews








