~ လင်းမောင် ~
“ကြွေးမြီထောင်ချောက် သံတမန်ရေး” (Debt trap diplomacy) ဟူသော ပထဝီနိုင်ငံရေး အယူအဆလောက် အငြင်းပွားမှု အားကောင်းပြီး ရှင်းလင်းမှုနည်းပါးသည့်အရာမှ မရှိသလောက်ပင်ဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံသည် ၎င်း၏ ပတ်လမ်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ရည်ရွယ်ချက်ရှိရှိ အလွန်အကျွံ ချေးငွေထုတ်ပေးပြီး၊ အကြွေးမဆပ်နိုင်သည့်အချိန်ကို စောင့်ကာ ယင်းနိုင်ငံများ၏ အရေးပါသည့် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကို အကြွေးအဖြစ် သိမ်းယူသည်ဟူသော စွပ်စွဲချက်ပင် ဖြစ်သည်။ ၂၀၂၅ ခုနှစ်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် တရုတ်နိုင်ငံသို့ စံချိန်တင် ကြွေးမြီ ဒေါ်လာ ၃၅ ဘီလီယံ ပြန်လည်ပေးဆပ်ရန် ရှိနေပြီး ထိုအထဲမှ ဒေါ်လာ ၂၂ ဘီလီယံခန့်မှာ ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံအပေါ် ကျရောက်နေသဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အသုံးစရိတ်များကို တိုက်ရိုက် အန္တရာယ်ဖြစ်စေသည်။
၂၀၁၇ ခုနှစ်ကတည်းက ဤအငြင်းပွားမှုတွင် ထွက်ပေါ်လာသည့် မေးခွန်းမှာ တရုတ်နိုင်ငံသည် ယင်းသို့ ဖြစ်စေရန် “ကြွေးမြီထောင်ချောက် သံတမန်ရေး” ဟု ဝေဖန်သူများ ခေါ်ဆိုသကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ပုံဖော်ခဲ့ခြင်းလား၊ သို့မဟုတ် စီမံခန့်ခွဲမှု ညံ့ဖျင်းသော ဘေးထွက်ဆိုးကျိုးများလား ဆိုသည်ပင် ဖြစ်သည်။ ရိုးရှင်းစွာ ဖြေရလျင် ယင်းခွဲခြားမှုမှာ တည်ဆောက်ပုံဆိုင်ရာ ရလဒ်လောက် အရေးမကြီးပေ။ ၂၀၂၂ ခုနှစ်ရောက်သော် တရုတ်၏ ပြည်ပချေးငွေ ရယူထားသူပမာဏ၏ ၆၀ ရာခိုင်နှုန်းမှာ အကြွေးပေးဆပ်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အကြွေးဆပ်ရန် သတ်မှတ်ချက်ပြန်လည် ပြင်ဆင်ရခြင်းများ ဖြစ်နေသည်။ တရုတ်သည် အန္တရာယ်များသော ချေးငွေထုတ်ပေးသည့်ပုံစံကို ရပ်တန့်လိုက်ပြီး ပိုမိုသတိကြီးကာ မိမိကိုကိုယ် ကာကွယ်သော ပုံစံဖြင့် အစားထိုးလာခဲ့သည်။ ဝင်ငွေနည်း၊ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများကို ချေးပေးသည့်အစား ပြန်ဆပ်နိုင်ချေများသည့် အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံများထံသာ ချေးပေးသည့် ပုံစံဖြစ်သည်။ တနည်းအားဖြင့် ပြသနာများကို ကိုင်တွယ်နိုင်စွမ်းအနည်းဆုံး နိုင်ငံများသည်သာ နောက်ထပ်ပြသနာများကို အဆိုးဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။
သက်သေတွေက ဘာပြောလဲ
ပါကစ္စတန်သည် အထင်ရှားဆုံးနှင့် အလတ်ဆတ်ဆုံး သင်ခန်းစာတစ်ခု ဖြစ်သည်။ တစ်ချိန်က ဒေါ်လာ ၆၂ ဘီလီယံတန် အသွင်ပြောင်းစီမံကိန်းဟု ကြေညာခဲ့သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် အစ္စလာမ္မာဘတ်အတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာခဲ့သည်။ ပါကစ္စတန်၏ စွမ်းအင်ကဏ္ဍသည် ဆင့်ကဲကျရှုံးမှု၏ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ တရုတ်လျှပ်စစ်ထုတ်လုပ်သူများကို လျှပ်စစ်ဓာတ်အား အမှန်တကယ် သုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ နိုင်ငံခြားငွေဖြင့် အာမခံချက်ပေးကာ ပေးချေရန် သဘောတူခဲ့ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိသော အစီအစဉ်ဖြစ်ပြီး ဆိုးရွားသော ကြွေးမြီသံသရာကို ဖြစ်စေခဲ့သည်။
ပါကစ္စတန်၏ အခြေအနေကို လာအိုနိုင်ငံတွင်လည်း တွေ့နိုင်ခဲ့သည်။ ဒေါ်လာ ၆ ဘီလီယံတန် တရုတ်-လာအို ရထားလမ်းသည် ကုန်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်မှု ဗဟိုချက်ဖြစ်လာစေမည်ဟု တင်ပြခဲ့သော်လည်း လက်တွေ့တွင်မူ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ထိန်းချုပ်မှုကို ခြိမ်းခြောက်လာသည်အထိ တရုတ်အပေါ်မှီခိုမှုကို ဖြစ်စေခဲ့သည်။ လာအိုသည် ၎င်း၏ စုစုပေါင်း နိုင်ငံ ကြွေးမြီ၏ ထက်ဝက်ကို တရုတ်နိုင်ငံသို့ ပေးဆပ်ရန် ရှိနေသည်။ ပိုဆိုးသည်မှာ ထိုရထားလမ်းသည် လာအို၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက် တရုတ်၏ ကုန်သွယ်ရေး ပို့ဆောင်မှုကဏ္ဍကိုသာ အဓိက အကျိုးပြုနေခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်တောင်ပိုင်း လျှပ်စစ်ဓာတ်အားလိုင်း ကုမ္ပဏီက လာအို၏ အမျိုးသား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ကုမ္ပဏီတွင် ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ၂၅ နှစ်စာ ငှားရမ်းမှုဖြင့် ရယူခဲ့သည်။ ၎င်းမှာ ဆိပ်ကမ်းသိမ်းယူမှုမျိုးကဲ့သို့ သိသာသည့်ကိစ္စ မဟုတ်သော်လည်း အကြွေးမဆပ်နိုင်သည့်အတွက် နိုင်ငံ၏ စွမ်းအင်အချုပ်အခြာအာဏာကို တဖြည်းဖြည်းချင်း လွှဲပြောင်းပေးလိုက်ရခြင်း ဖြစ်သည်။
အင်ဒိုနီးရှားတွင်လည်း ‘Whoosh’ အမြန်ရထားစီမံကိန်းမှာ အရှုံးပေါ်နေသဖြင့် ဘေဂျင်းနှင့် ကြွေးမြီပြန်လည် ပြင်ဆင်ရေး ညှိနှိုင်းမှုများ စတင်နေပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားသည် ဂျပန်၏ အတိုးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း ချေးငွေကို ငြင်းပယ်ကာ တရုတ်၏ ၂ ရာခိုင်နှုန်း အတိုးနှုန်း ချေးငွေကို ရွေးချယ်ခဲ့ခြင်း၏ အကျိုးဆက်ကို ခံစားနေရသည်။ ထိုင်းနှင့် မလေးရှားတို့သည်လည်း ညှိနှိုင်းမှုများမှတစ်ဆင့် တရုတ်ကြွေးမြီအပေါ် မှီခိုမှုကို လျှော့ချရန် လုပ်ဆောင်ခဲ့ကြသည်။
“ထောင်ချောက်မဟုတ်” ဟူသော ငြင်းဆိုမှု အလုပ်မဖြစ်ရခြင်း
တရုတ်နိုင်ငံသည် အကြွေးမဆပ်နိုင်တိုင်း ပိုင်ဆိုင်မှုများကို တရားသေ သိမ်းယူလေ့မရှိဘဲ အကြွေးပြန်လည် ပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်းနှင့် သက်တမ်းတိုးခြင်းများကို ပြုလုပ်ပေးလေ့ရှိသည်။ သို့သော် ပြဿနာမှာ ဤသို့ သက်တမ်းတိုးပေးခြင်းသည် အခြေခံကျသော အကြွေးဆပ်နိုင်စွမ်း ပြဿနာကို မဖြေရှင်းပေးနိုင်ခြင်းပင် ဖြစ်သည်။ အတိုးနှုန်း သက်သာခွင့် သို့မဟုတ် မူလကြွေးမြီ လျှော့ချပေးခြင်း မရှိဘဲ သက်တမ်းသာ တိုးပေးခြင်းမှာ အကျပ်အတည်းကို ရွှေ့ဆိုင်းလိုက်ခြင်းသာ ဖြစ်သည်။ အချိန်ဆွဲခြင်းသည် ရေတိုတွင် နိုင်ငံရေးအရ တည်ငြိမ်မှုရစေသော်လည်း ရေရှည်တွင် တည်ဆောက်ပုံဆိုင်ရာ မှီခိုမှုကို ဖြစ်စေသည်။
BRI ချေးငွေများ၏ ဥပဒေဆိုင်ရာ တည်ဆောက်ပုံမှာလည်း တရုတ်အပေါ်မှီခိုမှုကို ပိုဖြစ်စေသည်။ အကြွေးလျှော့ပေါ့သည်မှာ ရှားပါးပြီး စာချုပ်များမှာလည်း ပွင့်လင်းမြင်သာမှု မရှိသလောက်ပင် ဖြစ်သည်။ ဇမ်ဘီယာနိုင်ငံ အကြွေးမဆပ်နိုင်သည့်အခါတွင် တရုတ်ချေးငွေများနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် အခြားသော ချေးငွေပေးသူများနှင့် ညှိနှိုင်းမှုများကို ရှုပ်ထွေးစေပြီး အကျပ်အတည်းကို ပိုမိုကြာရှည်စေခဲ့သည်။
နိဂုံး
တရုတ်နိုင်ငံသည် BRI ကို ပထဝီနိုင်ငံရေးအရ ဖိအားပေးသည့် ကိရိယာတစ်ခုအဖြစ် တိကျစွာ ပုံဖော်ခဲ့ခြင်း မဟုတ်နိုင်သော်လည်း လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရမည့် အပိုဒ်များ၊ နိုင်ငံခြားငွေဖြင့် ပြန်ဆပ်ရမည့်စနစ်၊ စီးပွားရေးဆန်သော အတိုးနှုန်းများနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ဖြင့် ပုံဖော်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ကမ္ဘာ့အထိခိုက်လွယ်ဆုံး နိုင်ငံများ၏ ထက်ဝက်ကျော်မှာ တရုတ်သို့ အကြွေးပြန်ဆပ်ရမည့် အချိန်နှင့် တိုက်ဆိုင်ကာ ကြွေးမြီအကျပ်အတည်း ကြုံတွေ့နေရသည်။ ဤရလဒ်သည် ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ယခုအခါ ရင်ဆိုင်နေရသော လက်တွေ့ဘဝပင် ဖြစ်သည်။
#MeKongNews








