~ CWM ~
Forbes မဂ္ဂဇင်းမှာ Wesley Alexander Hill ဆိုသူက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးရှည်တပုဒ် ရေးလာတာကို ဖတ်ရှုလိုက်ရတယ်။ ခေါင်းစဉ်က New US Mineral Stockpile Creats Opportunities in Myanmar ပါ။ ဆောင်းပါးရှင်က မြန်မာနိုင်ငံမှာ ပေါကြွယ်ဝတဲ့ မြေရှားသတ္တုလို သတ္တုအရင်းအမြစ်တွေဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အရေးကြီး ဓါတ်သတ္တု အမြောက်အများ သိုလှောင်ထားရေး မူဝါဒအရ အရေးပါပြီး လက်ရှိ စစ်အစိုးရရဲ့ အသွင်ပြောင်း ရွေးကောက်ခံအစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး ရယူသွားဖို့ လိုကြောင်း တိုက်တွန်းထားတာ(တနည်းအားဖြင့်) လော်ဘီလုပ်ထားတာပါ။
ဆောင်းပါးရှင်က လက်ရှိအမေရိကန်အစိုးရရဲ့ ဓါတ်သတ္တုဗဟိုပြု ပထဝီနိုင်ငံရေးမှာ ဓါတ်သတ္တု အမြောက်အများ သိုလှောင်ထားရေးဟာ ရေရှည် စီးပွားရေးအတွက် ဖြစ်ပြီး ဒါဟာ အမေရိကန် စီးပွားရေး လုံခြုံမှုနဲ့ ပထဝီနိုင်ငံရေး အားသာချက် အရွေ့တခုလည်းဖြစ်ကြောင်း၊ ကမ္ဘာကြီးဟာ ၁၉ နဲ့ ၂၀ ရာစုက ရေနံ( ဟိုက်ဒရိုကာဘွန်) အလုအယက် ရရှိဖို့ ကြိုးစားသလို ခုလည်းပဲ ဒီသတ္တု ရရှိဖို့ အပြိုင်ကြိုးစားနေကြောင်း နိဒါန်းပျိုးထားပြီး အမေရိကန်အနေနဲ့ ဒီ သတ္တုရရှိရေး ပြိုင်ပွဲမှာ လုပ်ဖော်ကိုင်ဖက်အသစ် ရှာဖွေဖို့ နဲ့ အမေရိကန်နိုင်ငံရဲ့ အစဉ်အလာဆက်ဆံရေးလမ်းကြောင်းကနေ သွေဖယ်နေတဲ့ နိုင်ငံအချို့နဲ့ ဆက်ဆံရေး ပြည်လည်တည်ဆောက်ဖို့ စဉ်းစားသင့်တယ်လို့ တိုက်တွန်းထားတယ်။ နမူနာပြစရာ အများကြီးထဲက ပြရမယ်ဆိုရင် မြန်မာနိုင်ငံဟာ သိသာပေါ်လွင်ထင်ရှားတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ဆိုတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေရှားသတ္တုဒြပ်စင် အရင်းအမြစ် အပေါကြွယ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီး လျှပ်စစ်ကားတွေ၊ စွမ်းဆောင်ရည်မြင့် သံလိုက်တွေ၊ ခေတ်မီကာကွယ်ရေးစနစ်နဲ့ မျိုးဆက်သစ် အီလက်ထရွန်းနစ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒစ်ပရိုစီယမ်၊ တာဘီယန် နဲ့ အခြားမြေရှားသတ္တုဒြပ်စင်တွေ ရှိနေတယ်။ အမေရိကန်ရဲ့ မဟာဗျူဟာ အရန်သတ္တုလိုအပ်ချက်ကို မြန်မာနိုင်ငံကလွဲပြီး ဖြည့်ဆည်းပေးနိုင်တဲ့နိုင်ငံ အနည်းငယ်ပဲ ရှိတယ်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ အဖိုးတန်သတ္တုသိုက်တွေ ပြန့်ကျဲတည်ရှိနေပြီး ဒီအထဲက အများအပြားကိုတော့ လက်ရှိအချိန်မှာ တော်လှန်ရေးအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရှေးဟောင်းနည်းလမ်းတွေကို အသုံးပြုပြီး တူးဖော်နေကြတယ်။ သတ္တုသိုက်တစ်ခုကို စီးပွားဖြစ်တူးဖော်တွေ့ရှိချိန်ကစပြီး သက်တမ်း ကုန်ဆုံးတဲ့အထိ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တတ်ပေမယ့် အခုအခြေအနေဟာ လုပ်ငန်းတိုးတက်မှုအတွက် ရှားပါးတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပေါ်နေတာဖြစ်တယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ခေတ်မီသတ္တုတူးဖော်ရေး စက်ကိရိယာတွေကို အသုံးပြုခြင်းဖြင့် သိသိသာသာ စက်မှုကုန်ထုတ်လုပ်မှုပုံစံ ပြောင်းလဲနိုင်တဲ့အပြင် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးကွင်းဆက်ကိုလည်း တည်ဆောက်နိုင်မှာဖြစ်တယ်။ သတ္တုတွင်းတွေရဲ့ လက်ရှိအခြေအနေတွေ တိုးတက် ကောင်းမွန်လာစေမှာ ဖြစ်လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကိစ္စလည်းဖြစ်တယ်။
အမေရိကန်အနေနဲ့ စုံလင်ပြီး တာရှည်ခံတဲ့ ထောက်ပံ့ရေးကွင်းဆက်ကို လိုချင်ရင် မြန်မာနိုင်ငံလို နိုင်ငံမျိုးက မဟာဗျူဟာမြောက်သတ္တုတွေကို (တည်ငြိမ်မှု၊ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေ မြှင့်တင်ပေးရေး ခေါင်းစဉ်အောက်က) ဝယ်ယူဖို့လိုအပ်တယ်။
ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်မူဝါဒက အယူအဆရေးရာ ဖိအားပေးမှု နဲ့ ပြစ်ဒဏ်ခတ် အထီးကျန်စေခြင်းဖြစ်ပြီး ဒီချဉ်းကပ်မှုဟာ ခိုင်မာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မရရှိစေဘဲ အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေ ထုတ်ယူပြီး ဩဇာလွှမ်းမိုးဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံမှာ မကြာခင်ကပဲ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားခဲ့တယ်။ ဒီရွေးကောက်ပွဲတွေဟာ လုံးဝသန့်ရှင်းတဲ့ ရွေးကောက်ပွဲမဟုတ်ပေမယ့် ပြဿနာတွေ၊ အခက်အခဲတွေကြားက အဖွဲ့အစည်းတွေ ဆက်လက်ရှင်သန်နေတယ်ဆိုတာ ပြသခဲ့တယ်။
စစ်တပ်ကျောထောက်နောက်ခံပြု ပါတီဟာ မကြာခင်မှာ အစိုးရသစ်အဖြစ် ပေါ်ပေါက်လာတော့မယ်။ လာမယ့် မတ်လမှာ လွှတ်တော်ခေါ်ယူပြီး ဧပြီလမှာ အစိုးရသစ်တာဝန်တွေ စတင်ထမ်းဆောင်တော့မှာဖြစ်တယ်။
ထွက်ပေါ်လာတဲ့ နိုင်ငံရေးရလဒ်ကို ကြိုတင်ခန့်မှန်းလို့ရပေမယ့် အခြေအနေအရ ပြည်သူတွေကြားမှာ တည်ငြိမ်မှုနဲ့ အေးချမ်းမှု ရှိဖို့ လိုအပ်ပြီး ရွေးကောက်ပွဲကို စိတ်ပျက်နေသူများအနေနဲ့ အောင်မြင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေဟာ စစ်အုပ်ချုပ်ရေးထက်စာရင် မပြည့်စုံတဲ့ အရပ်သားအုပ်ချုပ်ရေးအောက်မှာ ပိုမိုဖြစ်ထွန်းလာနိုင်တယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုသင့်တယ်လို့ ဆိုတယ်။
ဒီဆောင်းပါးဟာ ရွေးကောက်ပွဲအပြီး စစ်အုပ်စုကို ချဉ်းကပ်နည်းအသစ်တခုနဲ့ ချဉ်းကပ်ပြီး အမေရိကန်က လိုအပ်နေတဲ့ မဟာဗျူဟာမြောက် မြေရှားသတ္တုကို မြန်မာနိုင်ငံက ရယူဖို့ အဓိကတိုက်တွန်းထားတာဖြစ်တယ်။
ဆောင်းပါးရှင်က အမေရိကန်အစိုးရဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ပိတ်ဆို့အရေးယူမှု၊ လူသိရှင်ကြားဝေဖန်မှု၊ သံတမန်ရေးအရ ဖယ်ခွာနေမှုပုံစံတွေကို ကျင့်သုံးခဲ့တယ်။ သမ္မတ ဘိုင်ဒင်အစိုးရဟာ ၂၀၂၁ခုနှစ်မှာ အမိန့်အမှတ် (၁၄၀၁၄) နဲ့ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာပြီး နယူးယောက်မှာ သိမ်းဆည်းထားတဲ့ မြန်မာအစိုးရပိုင် ဒေါ်လာ (၁)ဘီလျံကို ထုတ်ယူခွင့်မပေးတော့တဲ့အပြင် မြန်မာစစ်
ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ ပတ်သက်နေတဲ့ကုမ္ပဏီတွေ၊စစ်အစိုးရကို ထောက်ပံ့နေသူတွေအားလုံးကို ပိတ်ဆို့အရေးယူခဲ့တယ်။ ဆောင်းပါးရှင်က ဒီအမိန့်ဟာ ကြောင်းကျိုးဆီလျော်မှု ရှိပေမယ့် လက်တွေ့ရလဒ်က အမေရိကန်ရဲ့ ဩဇာ သိသိသာသာ ကျဆင်းသွားတာပါတဲ့။ အမေရိကန် ရေနံ နဲ့ ဓါတ်ငွေ့ကုမ္ပဏီတွေ မြန်မာက ထွက်ခွါသွားတော့ တရုတ်က မြန်မာရဲ့ တခုတည်းသော နိုင်ငံရေး နဲ့ စီးပွားရေး အသက်သွေးကြောဖြစ်လာတယ်လို့ ဆိုတယ်။
အခု ထရမ့်အစိုးရလက်ထက်မှာ အမိန့်အမှတ် ( ၁၄၀၁၄) ကို ပြီးခဲ့တဲ့ တစ်ပတ်က ပြန်လည်အသက်သွင်းခဲ့ပေမယ့် အပြောင်းအလဲ သိပ်မရှိခဲ့ဘူး။ ဒါက ဒီအမိန့်ဟာ (ကြားထဲမှာ ကွန်ဂရက်က စောပြီး မပယ်ဖျက်ခဲ့ဘူးဆိုရင်) ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ အကြုံးဝင်နေဦးမယ့်သဘောပါ။ ဒါဟာ အငြင်းပွားစရာမလိုတဲ့ အမေရိကန်ရဲ့ အရေးကြီး မြေရှားသတ္တု လိုအပ်ချက်အတွက် မြန်မာနဲ့ ဆက်ဆံဖို့ တွန်းအားပေးနေတဲ့ အကြောင်းတခုဖြစ်တယ်လို့ လွှတ်တော်အမတ် ဒေ့ဗ် ဘရတ်က ဝါရှင်တန်တိုင်းမ် မှာ ရေးသားခဲ့တယ်။
ဆောင်းပါးရှင်က လက်ရှိပုံစံအတိုင်း မြန်မာနိုင်ငံကို ဆက်လက်ချဉ်းကပ်နေခြင်းဟာ အရေးပါတယ်ဆိုတဲ့ ဒေသတွင်းမှာ အမေရိကန်ကို ပိုပြီးအထီးကျန်စေဖို့ပဲ ဖြစ်မှာပါလို့ ဆိုတယ်။ဒါဟာ အမေရိကန် ပထမ မဟုတ်ဘဲ ထိရောက်တဲ့ အခြားနည်းလမ်းတွေကို သုံးသင့်တယ်လို့ ဆိုတယ်။ ဒီအထဲမှာ အမေရိကန်အစိုးရရဲ့ အမိန့်အမှတ်(၁၄၀၁၄) ကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတဲ့အချက်လည်း ပါဝင်တယ်။
သူက လူ့အခွင့်အရေးချိုးဖောက်မှု၊ ငွေကြေးဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေသူ တဦးချင်းအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေစဉ်မှာ ရှင်းလင်းတဲ့ အကြောင်းအချက်တွေပေါ် မူတည်ပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို စတင်အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်။
ဒီအချက်တွေထဲမှာ မြန်မာနိုင်ငံနယ်စပ်မှာ ကြီးထွားနေတဲ့ နိုင်ငံတကာငွေလိမ်စခန်းတွေကို ပူးပေါင်းပြီး နှိမ်နင်းဖို့၊ တွင်းထွက်သတ္တုထုတ်လုပ် သန့်စင် တင်ပို့ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အချက်တွေပါဝင်တယ်။
အသစ်ရေးဆွဲထားတဲ့ အမေရိကန်-မြန်မာ သတ္တုဆိုင်ရာ အခြေခံမူဘောင်က အမေရိကန်ရဲ့ ရည်မှန်းချက်အားလုံး ပြည့်ဝစေပြီး မြန်မာအတွက် တရုတ်နေရာမှာ အစားထိုးနိုင်မယ့် ကုန်သွယ်ရေးအလှည့်အပြောင်းလည်း ဖြစ်တယ်။ ခုလို ဆောင်ရွက်ခြင်းဖြင့် အမေရိကန်က အမြောက်အများလိုအပ်နေတဲ့ သတ္တုအရင်းအမြစ် လုံခြုံမှုနဲ့ ထုတ်လုပ်ရေးအခြေခံစခန်းကို ရရှိမှာဖြစ်တယ်။ အလားတူ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ဖို့ မြန်မာက ကြိုးပမ်းလာချိန်မှာ အမေရိကန်ရဲ့ အကျိုးတူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုက သံတမန်ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာမယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။
ဆောင်းပါးရှင်က အမေရိကန်က သိမ်းဆည်းထားတဲ့ ဒေါ်လာ (၁)ဘီလျံ အသုံးချဖို့နည်းလမ်းတွေကိုလည်း ဖော်ပြခဲ့တယ်။ သူက ဒီငွေတွေ ဒီအတိုင်း ဘဏ်ထဲမှာ အိပ်နေမယ့်အစား တချို့တဝက်ကို ခေတ်မီသတ္တုတူးဖော်ထုတ်လုပ်ရေးအတွက် အမေရိကန်ထုတ် ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုသင့်တယ်လို့ ဆိုတယ်။ ဒါဆိုရင် အမေရိကန်စက်မှုလုပ်ငန်းကို အားပေးရာရောက်ပြီး မြန်မာအတွက် သဘာဝပတ်ဝန်းကျင် စွမ်းဆောင်ရည်နဲ့ တိုးတက်မှုဖြစ်စေယ့် နည်းပညာ နဲ့ ကိရိယာ ရင်းနှီးမြှုပ်နှံမှုဖြစ်သလို ဒီကဏ္ဍမှာ နှစ်ပေါင်းများစွာ ချုပ်ကိုင်လာတဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်။
ဆောင်းပါးရှင်က အမိန့်အမှတ်(၁၄၀၁၄)ကို သက်တမ်းဆက်တိုးထားပေမယ့် ထရမ့်အစိုးရတက်လာပြီးနောက်မှာ အမေရိကန် နဲ့ နေပြည်တော်ကြား စာပေးစာယူ သံတမန်ဆက်သွယ်မှုတွေ ရှိခဲ့ပြီး နှစ်နိုင်ငံကြား နွေးထွေးမှု ရှိနေတယ်လို့ ရေးသားထားတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနဟာ မြန်မာကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်အတော်များများကို ပိတ်ဆို့အရေးယူမှုက တိတ်တဆိတ် ရုပ်သိမ်းပေးထားပြီးဖြစ်တယ်လို့ ဆိုတယ်။ ဆောင်းပါးရှင်ရဲ့အဆိုအရ အမေရိကန်ဟာ မြန်မာနဲ့ ပြန်လည်ဆက်ဆံရေးမူ အကောင်ထည်ဖော်နေပြီလို့ ဆိုတယ်။
ဝေဖန်သူတွေကတော့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု မှန်သမျှဟာ မြန်မာစစ်တပ်ကို တရားဝင်မှုဖြစ်စေပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဟန့်တားနှောက်ယှက်ရာရောက်တယ်လို့ ဝေဖန်ကြပြီး ဒီအတွက်လည်း လက်ရှိချဉ်းကပ်ပုံရဲ့ အကျိုးဆက်နဲ့ ချိန်ဆရမှာဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။
အထီးကျန်ဖြစ်စေခြင်းဟာ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကို မဖြစ်စေနိုင်ဘူး။ အလားတူ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း အားပျော့သွားအောင် မလုပ်နိုင်ဘူး။ မြန်မာနိုင်ငံနယ်စပ်တလျှောက်နဲ့ နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်မှာ မဟုတ်ဘူး။
မဟာဗျူဟာ အရှိတရားက ရှင်းပါတယ်။ မြန်မာက အင်ဒို-ပစိဖိတ်ရဲ့ အချက်အချာမှာ ရှိပြီး ကမ္ဘာကြီးအတွက် အဖိုးမဖြတ်နိုင်တဲ့ သတ္တုသိုက်တွေကို ပိုင်ဆိုင်ထားတယ်။ မြန်မာဟာ တရုတ်ရဲ့ စွမ်းအင်ပိုက်လိုင်းနဲ့ စီးပွားရေးအဆောက်အအုံ ကြားခံစခန်းဖြစ်တယ်။ အရှေ့တောင်အာရှနိုင်ငံတွေ အမေရိကန်နဲ့ တရုတ် ဘယ်သူနဲ့ ပူးပေါင်းမလဲ ရွေးချယ်နေကြချိန်မှာ မြန်မာဟာ အာဆီယံရဲ့ အဓိကကျတဲ့ အတွင်းစွမ်းအားတခုဖြစ်တယ်။ ဒေသတွင်းမှာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံတခုနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဘဲ အမေရိကန်က ဒေသတွင်းမှာ သိက္ခာရှိရှိ ပြိုင်ဆိုင်နေတယ်လို့ မဆိုနိုင်ဘူး။
ဒါတွေကတော့ Forbes မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် ဝက်စ်လေ အလက်ဇန္ဒား ဟီးလ်ရဲ့ ဆောင်းပါးအာဘော် အနှစ်ချုပ်ပဲ ဖြစ်တယ်။ ဆောင်းပါးရှင်က ရွေးကောက်ပွဲလွန် မြန်မာစစ် ကောင်စီနဲ့ အမေရိကန် ထိတွေ့ဆက်ဆံဖို့၊ အဓိက အကြောင်းအရင်းက မြန်မာဟာ အမေရိကန် လိုအပ်နေတဲ့ အရေးကြီးသတ္တု ဖြစ်တဲ့ ” မြေရှားသတ္တု” အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ရဲ့ “အရေးကြီးသတ္တုများ သိုလှောင်ထားရေး အမျိုးသား မဟာဗျူဟာ” အကောင်အထည်ဖော်နိုင်ဖို့နဲ့ မြန်မာကို ပစ်ထားရင် မြန်မာက တရုတ်ရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားပြီး မြန်မာရဲ့ အရင်းအမြစ်တွေကို တရုတ်က စိတ်ကြိုက်ခြယ်လှယ်သွားနိုင်ကြောင်း သုံးသပ်ထားတာပါ။
#MeKongNews








