~ လင်းမောင် ~
ဂျပန်နိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် ဆာနအဲတာကာအိချိ၏ ထိုင်ဝမ်ရေလက်ကြားနှင့်ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုမှုကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးသည် အဆိုးရွားဆုံး အနိမ့်ကျဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပေကျင်းအစိုးရ၏ တုံ့ပြန်မှုများက ရန်လိုသော၊ မမျှတလွန်းသော လုပ်ရပ်များ ကြောင့် ပိုမိုအခြေအနေဆိုးလာရခြင်းပင်။ ယခုဖြစ်ပေါ်လာရသည့်အကျိုးဆက်ကြောင့် နှစ်နိုင်ငံ သံတမန်ဖလှယ်ရေးဆိုင်ရာမူဘောင်ကို ကျော်လွန်သွားသည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား ရန်ငြှိုး များလည်း တိုးပွားလာပြီဖြစ်သည်။ တရုတ်နိုင်ငံအတွင်း ရှိကြကုန်သော နိုင်ငံသားများအနေဖြင့် လူထူထပ်သောနေရာများမသွားရန်၊ လုံခြုံရေးအနေအထားကို ကြိုတင်စေ့စပ်သေချာစေရန် ပြုလုပ် ထားကြရေး သတိပေးအကြံပြုချက်များ ထုတ်ပြန်ခဲ့ရသည်။ တရုတ်တွင် ဂျပန်နိုင်ငံသားများ သားသမီး များနှင့်အတူသွားလာရာ၌ အထူးသတိထားကြရမည်ဖြစ်ကာ တရုတ်နိုင်ငံတစ်ဝန်းတွင် သံသယဖြစ် ဖွယ် လူများစွာ ရှိလာနေသည်ဟု သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။
“မသင်္ကာဖွယ်ရာ လူတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စုကိုတွေ့ရင် သူတို့နားကို လုံး၀ မကပ်ပါနဲ့။ ချက်ချင်းဒီလိုနေရာမျိုးက ရှောင်ထွက်သွားပါ” ဟု တရုတ်နိုင်ငံရှိ ဂျပန်သံရုံးက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ကပင် ရှန်ဇန်းပြည်နယ်၌ တရုတ်အစွန်းရောက်အမျိုးသားရေးဝါဒီ ဇောင်း ဆိုသူသည် ၁၀ နှစ်အရွယ်သာရှိသေးသော ဂျပန်လူငယ်လေးအား ဓားဖြင့် ထိုးသတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်ကလည်း ဆူဇူးမြို့တွင် ဂျပန်မိခင်နှင့်သားဖြစ်သူတို့ ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသေးသည်။ တိုင်ဝမ်ကို တရုတ်ကျူးကျော်လျှင် စစ်ရေးအရ ဝင်ပါပြီး အရေးယူသွားရမည်ဟု ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ပြောဆိုခဲ့မှုအပေါ် တရုတ်တို့ အလွန်ဒေါသထွက်ပေါက်ကွဲကာ အိုဆာကာရှိ တရုတ်ကောင်စစ်ဝန် Xue Jian က ဂျပန်နိုင်ငံအပေါ် မလေးစားသော၊ သံတမန်ရေးရာစကားမဟုတ် သည့် လမ်းဘေးအရပ်စကားမျိုးဖြင့် သုံးနှုန်း ပြောဆိုခဲ့သည်။ “ရွေးစရာ လမ်းမရှိဘူး။ ညစ်ပတ်တဲ့ လည်ပင်းကို ဖြတ်ပစ်ခြင်းမျိုးနဲ့ပဲ တုံ့ဆိုင်းမှုမရှိ လုပ်ဆောင်ရမယ်။ မင်းတို့ အသင့်ဖြစ်ပြီလား” ဟု လမ်းဘေးလူမိုက်စကားမျိုးဖြင့် ဂျပန်ကို စော်ကားပြောဆိုသွားခဲ့သည်။
ဂျပန်နိုင်ငံတွင် ကောာင်စစ်ဝန် Xue Jian ၏ ယခုလို လူကြီးလူကောင်းမဆန်သော စော်ကားပြောဆိုမှုကြောင့် ဆူပူအုံကြွမှုများဖြစ်လာ ပြီး နိုင်ငံအတွင်းမှ မောင်းထုတ်ရန်ပါ တောင်းဆိုလာကြသည်။ ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်၏ ရှင်သန် နိုင်ချေရှိမှုအတွက် ယူဆချက်ဆိုင်ရာ အတွေးအခေါ်ကို ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း တရုတ်သည် သံတမန်နည်းဖြင့် ပြင်းထန်စွာ ကန့်ကွက်ရုံသာမက ကုလသမဂ္ဂသို့ပါ စောဒကတက်မှုများ လုပ်ဆောင်ခဲ့ သည်။ နောက်ထပ်ခြေတစ်လှမ်းတိုးရန်စခြင်းအဖြစ် ဂျပန်ပင်လယ်စာများတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ကာ အရှေ့တရုတ်ပင်လယ်ပြင်တွင်လည်း စစ်ရေးတင်းမာစေမည့် ရန်ပြုလိုဟန် အရိပ်အယောင်များကို ပြသလာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာကာအိချိအနေဖြင့် အလွန်ဆိုးရွားသော စကား လုံးကို ပြောဆိုခဲ့ခြင်းကြောင့် နှစ်နိုင်ငံ သံတမန်ဖောင်ဒေးရှင်းအတွက် ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ အဆိုပါ စကားကို ပြန်မရုပ်သိမ်းလျှင် ပိုမိုပြတ်သားခိုင်မာသည့် ဆုံးဖြတ်ချက်များဖြင့် တန်ပြန်မှုများကို လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Mao Ning က ခြိမ်းခြောက်ထုတ်ပြန်ခဲ့သည်။
ပေကျင်းအစိုးရသည် အစွန်းရောက်အမျိုးသားရေးဝါဒီများအကြား ဂျပန်အပေါ် ပိုမိုမုန်းတီးစေနိုင်သော ဝါဒဖြန့်မှုများကို အစိုးရပိုင်မီဒီယာများ၊ လူမှုကွန်ရက် ကီးဘုတ်ဖိုက်တာများအကြား ဖြန့်ဖြူးပေးနေ သည်။ အစိုးရပိုင် CCTV က ဂျပန်သည် သတ်မှတ်စည်းမျဉ်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း၊ တာကာအိချိသည် ပြဿနာဖန်တီးသူဖြစ်ကြောင်းကို အကြီးဆုံးပုဂ္ဂိုလ်အား မျိုးရိုးနာမည် ပင်ရှေ့မှ မထည့်ဘဲ တာကာအိချိဆိုသည့် စကားလုံး သုံးနှုန်းကာ ဝေဖန်သွားခဲ့သည်။ လူမှုကွန်ရက် အကောင့် Yuyuan Tantian ဆိုသူက “ဒီမိန်းမခေါင်းကို မြည်းတစ်ကောင်က ကန်သွားခဲ့ပြီ။ ဒီလို အလေနတ္တော စည်းမရှိ၊ ဘောင်မရှိ စကားတွေ ထပ်ပြောရင် တာကာအိချ ဆိုတဲ့မိန်းမ ထိုက်တန်တဲ့ ပြန်ပေးဆပ်မှု လုပ်ရမယ်” ဟု ရေးသားခြိမ်းခြောက်ခဲ့သည်။
အရှေ့တရုတ်ပင်လယ်တွင် တရုတ်သည် ဂျပန်ထိန်းချုပ်သော ဆန်ကာကူ (ဒီယိုယူ) ကျွန်းစုများ အနီး စစ်သင်္ဘောများ စေလွှတ်ပြီး စစ်ရေးတင်းမာမှုများဖြစ်ပေါ်စေရန် လှုပ်ရှားနေသည်။ ပေကျင်းအစိုးရ အကြံပေးတစ်ဦးက တရုတ်အခေါ် ဒီယိုယူကျွန်းအနီး နောက်ထပ် စစ်ရေးလှုပ်ရှားမှုအသစ်များ ထပ် လုပ်ကောင်းလုပ်ဦးမည်ဟုပါ ဖွင့်ပြောခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ပင်လယ်ဝါတွင် တရုတ်ရေတပ် စစ်သင်္ဘောများက လက်တွေ့ ပစ်ခတ်သော စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်။ တရုတ် အကြီးအကဲများ တာကာအိချိပြောစကားအတွက် အလွန်ဒေါသထွက်ကာ တောင်းပန်မှုသို့မဟုတ် စကားကိုပြန်လည်ရုပ်သိမ်းကြောင်း ကြေညာမှုကို အလိုရှိနေကြသည်။ စီးပွားရေးမူဝါဒ အတိုင်ပင်ခံကုမ္ပဏီ The Asia Group ၏ မိတ်ဖက် George Chen က “ပေကျင်း၏ တုံ့ပြန်မှု အရှိန်အဟုန်နှင့် အတိုင်းအတာသည် မကြုံစဖူးဖြစ်သည်” ဟု သုံးသပ်ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ယဉ်ကျေးမှုနှင့် ပြည်ပခရီးသွားလုပ်ငန်းစဉ်များအားလုံးကို ဖျက်သိမ်းလိုက်သည်။ ဂျပန် အနုပညာရှင်များ တရုတ်တွင် ဖျော်ဖြေမှုလုပ်ငန်းစဉ်များ စီစဉ်ထားပြီး သားရှိသည်များအားလုံးကို ဖျက်သိမ်းလိုက်သည်။ တရုတ်နိုင်ငံသားများ ဂျပန်သို့ သွားရောက်လည်ပတ် မှုမလုပ်ကြရန်ပါ တိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။ ဂီတဆိုင်ရာ အေးဂျင့် Christian Petersen-Clausen က ဂျပန်နှင့်ပတ်သက်သည့် အရာအားလုံးကို တရုတ်နိုင်ငံအတွင်း တရုတ်အစိုးရက ဖျက်သိမ်းလိုက်ပြီ ဟု ပြောသည်။ တရုတ်အစိုးရ၏ မူဝါဒသည် မည်သို့ရှိမည်ဆိုသည်ကိုလည်း ခန့်မှန်းနိုင်မည်မဟုတ်၊ မူဝါဒက မည်သို့ အတိအကျဖြစ်သည်ကိုလည်း မည်သူမျှ ထုတ်ပြန်လိုက်မည်မဟုတ်ဟု ဆက်လက် ပြောကြားခဲ့သည်။
တာကာအိချိပြောခဲ့သည့်စကားမှာ အစွန်းရောက်ခွဲထွက်ခြင်းမျိုးမဟုတ်သည်ကို တရုတ်အစိုးရဘက်မှ တုံ့ပြန်မှုများသည် အချိုးအစားလုံး၀ ညီမျှမှုမရှိဟု ရတ်ဂါးစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူ သောမတ်စ်ရိုင်လီက ဆိုသည်။ “ တာကာအိချီရဲ့ မှတ်ချက်ဟာ အကျပ်အတည်းတစ်ခုကို မဖြစ်ပေါ်စေခဲ့ပါ။ တရုတ်နိုင်ငံမှာစီးပွားရေးနှေးကွေးလာခြင်း၊ လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းနဲ့ လူမှုရေးမကျေနပ်မှုတွေကြားမှာ ပြည်တွင်းဖိအားတွေ တိုးပွားလာနေတယ်။ ဒီအခြေအနေအောက်မှာ ပြင်ပတင်းမာမှုတစ်ခုကို အကြောင်းပြပြီး နိုင်ငံရေးအရဟန်ပြအသုံးချခြင်းသက်သက်သာဖြစ်တယ်” ဟု ရိုင်လီက သုံးသပ်သည်။
ပေကျင်းအစိုးရသည် တာကာအိချိအနေဖြင့် နှုတ်ထွက်စကားအား ပြန်လည်ရုပ်သိမ်းမည်မဟုတ်သည် ကို သေချာပေါက် သိထားပြီးဖြစ်သည်။ သို့ရာတွင် တရုတ်အစိုးရသည် အခြေအနေကို အခွင့်ကောင်း ယူရန် ကြိုးစားလာနိုင်သဖြင့် ယခုအကျပ်အတည်းမှာ အချိန်အတော်ကြာအထိ တင်းမားစွာဖြင့် ဆက် ရှိနေနိုင်သည်။ ဟားဗတ်ကနေဒီကျောင်းတွင် တရုတ်ရေးရာ အထူးပြုလေ့လာသင်ကြားနေသူ ရာနာမစ်တာက ပေကျင်းအစိုးသည် ယေဘုယျအားဖြင့် အလွန်အမြင့်ဆုံးတောင်းဆိုမှုများ ပြုလုပ်လေ့ရှိပြီး ဆွေးနွေးပွဲအစောပိုင်းတွင် အလွန်ပြင်းထန်သည့် စကားလုံးများကို မကြာခဏ ပြောဆိုသုံးနှုန်းလေ့ရှိသည်ဟု လက်ရှိအခြေအနေနှင့်နှိုင်းယှဉ် သုံးသပ်ပြောကြားသွားခဲ့သည်။
#MeKongNews








