~ CWM ~
ထိုင်းနိုင်ငံရေးက ဒရာမာဆန်လွန်းတယ်လို့ ဆိုရမယ်။ Drama ဇာတ်လမ်းတပုဒ်လိုပဲ အခန်းအကူးအပြောင်းတွေ၊ အလှည့်အပြောင်းတွေ များသလို မြန်လည်း မြန်ဆန်တယ်။ ဒရာမာဇာတ်လမ်းတပုဒ် ထိုင်ကြည့်နေရသလို မထင်မှတ်တဲ့ အလှည့်အပြောင်းတွေလည်း မထင်မှတ်တဲ့အချိန်မှာ ဖြစ်ပေါ်လာတာ တွေ့ရတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ-၄ ရက် (ကြာသပတေး)၊ ည ၇:၀၀ နာရီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စီးနင်းလိုက်ပါလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ဒွန်မောင်းလေဆိပ်ကနေ စတင်ပျံသန်းလာခဲ့တယ်။ ခရီးစဉ်ဟာ စင်ကာပူနိုင်ငံဖြစ်ပြီး အကြောင်းပြချက်က “ဆေးစစ်ခံယူဖို့” ဖြစ်တယ်။ ဒွန်မောင်းလေဆိပ်က မထွက်ခွါမီ လေဆိပ်ကောင်တာမှာ အာဏာပိုင်များရဲ့ နှစ်နာရီကျော်ကြာ စစ်ဆေးမေးမြန်းမှုခံခဲ့ရပြီး နောက်ဆုံးမှာ သက်ဆင်ကို ပြည်ပထွက်ခွါခွင့် တားမြစ်မိန့် ထုတ်ပြန်ထားတာမရှိဘူးဆိုပြီး ထွက်ခွါခွင့်ပြုလိုက်တယ်။
သက်ဆင်ရဲ့ ကိုယ်ပိုင်လေယာဉ် ဒွန်မောင်းလေဆိပ်က ထွက်ခွါသွားချိန်ကစလို့ Flightradar24 app ကတဆင့် သက်ဆင်ရဲ့လေယာဉ်ခရီးစဉ်လမ်းကြောင်းကို စောင့်ကြည့်နေခဲ့ရာမှာ လေယာဉ်ဟာ စင်ကာပူနိုင်ငံကို ဦးတည်နေရာကနေ လမ်းကြောင်းပြောင်းပြီး အရှေ့အလယ်ပိုင်း ဒူဘိုင်းဘက် ဦးတည်နေတာ တွေ့ကြရတယ်။
သက်ဆင်ရဲ့လေယာဉ် ဒူဘိုင်းဘက် လမ်းကြောင်းပြောင်းသွားချိန်ကစလို့ အွန်လိုင်းပေါ်မှာ “သက်ဆင် ထွက်ပြေးပြီ” ဆိုတဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာတော့တယ်။ ဒီသတင်းဟာ ယုတ္တိရှီပြီး ယုံကြည်ရတဲ့သတင်းလို့ ဆိုနိုင်တယ်။
အကြောင်းက နောက်တနေ့(စက်တင်ဘာ-၅ ရက်)မှာ ထိုင်းလွှတ်တော်မှာ အစိုးရအဖွဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်မှာဖြစ်ပြီး အစိုးရသစ်မတိုင်မီ လတ်တလော ရင်ဆိုင်နေရတဲ့အမှု တရားရုံး ဆုံးဖြတ်ချက်မချမီ ရှောင်ကွင်းသွားတာ ဖြစ်မယ်လို့ ယူဆကြတာဖြစ်တယ်။ သေချာစေတဲ့အကြောင်းက လေယာဉ်ဟာ သူထွက်ပြေးခဲ့ဖူးတဲ့ ဒူဘိုင်းကို လမ်းကြောင်းပြောင်းသွားတာပါ။
ဒါပေမယ့် ဒီသတင်းတွေ မမှန်ဘူးဆိုတာ သက်ဆင်က လူမှုကွန်ယက် X ကတဆငိ့ ရေးသားခဲ့တယ်။ သူ့လေယာဉ်ဟာ ဒွန်မောင်းလေဆိပ်မှာ အချိန်မီမထွက်နိုင်ခဲ့လို့ စင်ကာပူကို အဝင်နောက်ကျသွားပြီး ဒူဘိုင်းကို ခရီးဆက်လိုက်ရတာဖြစ်ကြောင်း၊ ဒူဘိုင်းမှာ သူပြနေကျဆရာဝန်နဲ့ ဆေးစစ်မှုတွေ ခံယူပြီးရင် စက်တင်ဘာ(၈)ရက် နောက်ဆုံးထားပြီး ပြန်လာမှာပါလို့ ရေးသားဖော်ပြခဲ့တယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ စက်တင်ဘာ(၉)ရက် မနက် ၁၀:၀၀ နာရီမှာ ထိုင်းနိုင်ငံ၊ ဗဟိုတရားရုံး၊ နိုင်ငံရေးရာထူးရှိသူများဆိုင်ရာ ရာဇဝတ်ရုံးရဲ့ စီရင်ချက်ကို ကြားနာရမှာဖြစ်တယ်။ တရားရုံးရဲ့ စီရင်ချက်အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သက်ဆင်ဟာ ထောင်ထဲမှာ သွားနေရဖွယ်ရှိနေတယ်။ သက်ဆင် ရင်ဆိုင်နေရတဲ့အမှုက ထောင်ကျမခံဘဲ ထောင်ဆေးရုံမှာ ခြောက်လအထိ နေထိုင်ခဲ့တဲ့အမှု ဖြစ်တယ်။
အမှုနောက်ကြောင်းကို ပြန်ကောက်ရရင် သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ဝန်ကြီးချုပ်တာဝန်ယူခဲ့စဉ်က အကျင့်ပျက်ခြစားမှု သုံးမှု နဲ့ စွဲချက်တင်ခံခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့အတူ သက်ဆင်ဟာ ၂၀၀၈ ခုနှစ်မှာ နိုင်ငံက ထွက်ပြေးခဲ့ရပြီး ပြည်ပြေးဘဝနဲ့ ပြည်ပမှာ တိမ်းရှောင်နေခဲ့ရတယ်။ သက်ဆင် ပြည်ပရောက်နေစဉ်ကာလအတွင်း သူကျူးလွန်ခဲ့တဲ့ အမှုသုံးမှုအတွက် ထောင်ဒဏ်(၈)နှစ် မျက်ကွယ်မှာ ချမှတ်ခံခဲ့ရတယ်။ ၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲပြီးတော့ သူ့သမီး ပေထုန်ထန်ဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီက လူငယ်နိုင်ငံရေးသမား ပီတ ရဲ့ Move Forward ပါတီပြီးရင် ဒုတိယ အမတ်နေရာအများဆုံးနဲ့အနိုင်ရခဲ့တယ်။ Move Forward ပါတီက လွှတ်တော်အမတ်နေရာအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် ဝန်ကြီးချုပ်ရွေးချယ်ခံရာမှာ စစ်ဗိုလ်ချုပ် ဝန်ကြီးချုပ်ပရာရွတ် ခန့်ထားတဲ့ အထက်လွှတ်အမတ်တွေ ကန့်ကွက်လို့ အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့ သက်ဆင်သမီးအငယ်ဆုံးရဲ့ ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ဖို့ အကြောင်းဖန်လာတယ်။ ဒီအချိန်မှာပဲ သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်ရောက်လာတယ်။
အဲဒီချိန်က သက်ဆင် ဒွန်မောင်းလေဆိပ်ကို ရောက်ရောက်ချင်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အတွက် အကျဉ်းထောင်ကို ပို့ရမှာဖြစ်တယ်။ ဒါပေမယ့် ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကြောင့် သက်ဆင်ကို ထောင်ထဲမပို့ဘဲ ရဲအထွေထွေဆေးရုံ(Police General Hospital) ကို ခေါ်ဆောင်သွားကြတယ်။ နောက်တော့ ထိုင်းဘုရင်က သက်ဆင်ရဲ့ပြစ်ဒဏ်ကို (၁)နှစ်အထိ လျှော့ချပေးလိုက်တယ်။ သက်ဆင်ဟာ (၁)နှစ် ထောင်ဒဏ်ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်။ ဒါပေမယ့် ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပဲ ခြောက်လအကြာမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသွားခဲ့တယ်။
အခု ဗဟိုတရားရုံးက အမိန့်ချမယ့်အမှုဟာ “ထောင်ကျမခံဘဲ ဆေးရုံမှာ ခြောက်လနေသွားတဲ့” အမှုပဲ ဖြစ်တယ်။ ဒီအမှုကို တရားစွဲဆိုခဲ့သူတွေဟာ သက်ဆင်ကို ဆန့်ကျင်သူတွေပဲ ဖြစ်တယ်။ သက်ဆင်ရဲ့အမှုကို 14th floor, Police General Hospital case လို့လည်း ခေါ်တယ်။ သက်ဆင်ဟာ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် ကျန်းမာရေးအကြောင်းပြချက်နဲ့ ထောင်ထဲမှာ တရက်မှ မနေဘဲ လွတ်မြောက်လာခဲ့တာဖြစ်တယ်။ တရားရုံးက အပြစ်ရှိတယ်လို့ အမိန့်ချရင်တော့ သက်ဆင် ထောင်ထဲကို ခဏဖြစ်ဖြစ် ပြန်နေရမှာဖြစ်တယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းကပဲ သူ့ကို စွဲဆိုထားတဲ့ “ဘုရင့်အသရေဖျက်မှု” နဲ့ပတ်သက်ပြီး အပြစ်က ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တယ်။
ခုချိန်ဟာ သက်ဆင်မိသားစုဝင်တွေ ကံဆိုးမိုးမှောင်ကျနေချိန်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉)ရက်ကပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးက ခေတ္တဖယ်ရှားခံထားရတဲ့ သက်ဆင်ရဲ့သမီး ဝန်ကြီးချုပ် ပေထုန်တန်ကို ဝန်ကြီးများလိုက်နာရမယ့် ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ်ရာထူးက အပြီးတိုင် ဖယ်ရှားပစ်လိုက်တယ်။
လစ်လပ်သွားတဲ့ ထိုင်းဝန်ကြီးချုပ်နေရာကို ပြီးခဲ့တဲ့ စက်တင်ဘာ-၅ ရက်နေ့က ထိုင်းပါလီမန်မှာ မဲပေးရွေးချယ်ခဲ့ရာမှာ စီးပွားရေးလုပ်ငန်းရှင် Bhumjaithai Party ခေါင်းဆောင် အနုတင် ချန်ဝီရာကွန် ဝန်ကြီးချုပ် ဖြစ်လာတယ်။ အနုတင်က ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတုန်းက တတိယမဲအများဆုံးရခဲ့တဲ့ Bhumjaithai ပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင်သုံးစွဲခွင့်ပေးဖို့ ဆော်ဩခဲ့လို့ “ဆေးခြောက်ပါတီ” လို့လည်း ခေါ်ကြတယ်။
ထိုင်းနိုင်ငံရေးဖြစ်စဉ်ဟာ အလှည့်အပြောင်းတွေ အနိမ့်အမြင့်အတက်အကျတွေ များလှတယ်။
၂၀၂၃ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတ ရွန်ဂျာရတ် ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရသလို Move Forward ပါတီဟာလည်း ဖျက်သိမ်းခံခဲ့ရတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ၂၀၂၄ မှာ ပီတ ရွန်ဂျာရတ် ဦးဆောင်တဲ့ Move Forward ပါတီကို (ထိုင်းဘုရင်နဲ့ ဘုရင့်မိသားစုကို အကာကွယ်ပေးထားတဲ့ “တော်ဝင်ဥပဒေ” ကို ပြင်ဆင်ဖို့ ကြိုးစားမှုနဲ့ ) ဖျက်သိမ်းခဲ့သလို ပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ပစ်ခဲ့တယ်။
အနိုင်ရပါတီက အစိုးရဖွဲ့ခွင့်မရခဲ့ဘဲ ဒုတိယရခဲ့တဲ့ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ပေထုန်ထန်ရဲ့ Pheu Thai ပါတီက တခြားပါတီငယ်တွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့တယ်။ ဒီအစိုးရအဖွဲ့မှာ ရွေးကောက်ခံမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင် စရက်ထာ ထာ့ဝီဆင် ဝန်ကြီးချုပ်ဖြစ်လာတယ်။ စရက်ထာ ထာ့ဝီဆင်လည်း တစ်နှစ်လောက်ပဲ ဝန်ကြီးချုပ်တာဝန်ယူခဲ့ရတယ်။ ထောင်ကျဖူးတဲ့ လွှတ်တော်အမတ်တဦးကို ဝန်ကြီးချုပ်ရုံးဝန်ကြီး ခန့်အပ်ခဲ့မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ထာ့ဝီဆင်ကို ရာထူးက ဖယ်ရှားခဲ့တယ်။
စရက်ထာ ထာ့ဝီဆင် ပြီးတော့ ဖွေ့ထိုင်းပါတီခေါင်းဆောင် သက်ဆင်သမီး ပေထုန်ထန် ဝန်ကြီးချုပ်ဖြစ်လာတယ်။ အားလုံးသိကြတဲ့အတိုင်း ပေထုန်တန်ဟာလည်း မကြာသေးမီက ရာထူးက ဖယ်ရှားခံလိုက်ရတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် “အနုတင်” ခုလို ဝန်ကြီးချုပ်ဖြစ်လာတာဟာ အတိုက်အခံ People Party နဲ့ အပေးအယူလုပ်ခဲ့တာကြောင့်လည်းဖြစ်တယ်။ People Party ဆိုတာ ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီကို အမည်ပြောင်းထားတဲ့ပါတီဖြစ်ပြီး လွှတ်တော်မှာ အမတ်နေရာ အများရယူထားတဲ့ ပါတီလည်းဖြစ်တယ်။ ဘွမ်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင်ကို အောက်လွှတ်တော်မှာ People Party အမတ်တွေက ထောက်ခံမဲပေးခဲ့ကြလို့ ခုလို ဝန်ကြီးချုပ်ဖြစ်လာရတာဖြစ်တယ်။ အပေးအယူဆိုတာထက် နားလည်မှု ယူထားကြတာဖြစ်တယ်။ အနုတင်ရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ လေးလပဲ ရှိမှာဖြစ်ပြီး လေးလအတွင်း လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့ သဘောတူထားကြတယ်။
ထိုင်းနိုင်ငံရေးဟာ ဒရာမာဆန်ပြီး အပြောင်းအလဲတွေ များပေမယ့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လူနေမှုဘဝအပေါ် ကြီးကြီးမားမား ထိခိုက်ပြောင်းလဲသွားမှု မရှိရုံမက ထိုင်းပြည်သူတွေက အလွန်အကျွံစိတ်ဝင်တစားမရှိတာလည်း တွေ့ရတယ်။ နိုင်ငံရေးအပြောင်းအလဲဟာ နိုင်ငံရေးသမားတွေရဲ့ အလုပ်ပဲလို့ သဘောထားပုံရကြတယ်။
ဒီနေ့(စက်တင်ဘာ-၈)ညနေပိုင်းသတင်းတွေမှာတော့ သက်ဆင်တယောက် ဒွန်မောင်းလေဆိပ်ကို သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ငယ်နဲ့ ပြန်ရောက်လာပြီလို့ သိရတယ်။ သက်ဆင်ဟာ သူ့ကတိအတိုင်း ဘန်ကောက်ကို ပြန်လာခဲ့တာပါ။ ထွက်မပြေးပါဘူး။ မနက်ဖြန် (စက်တင်ဘာ-၉)မနက် ၁၀ နာရီမှာ ထိုင်းဗဟိုတရားရုံးက သက်ဆင်ရဲ့ ဆေးရုံတက်ရှောင်အမှုကို စီရင်ချက်ချပါလိမ့်မယ်။ အဖြေဘယ်လိုထွက်မယ် မသိရပေမယ့် ဒါဟာလည်း ထိုင်းနိုင်ငံရေးရဲ့ ဇာတ်ဝင်ခန်းတခုသာ ဖြစ်ပါလိမ့်မယ်..။
နောက်ဆက်တွဲ …
သက်ဆင်ကို ထောင်ဒဏ်(၁)နှစ် ပြစ်ဒဏ်ကျခံရန် ထိုင်းဗဟိုတရားရုံး ဆုံးဖြတ်
ပြည်ပတွင် တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး သက်ဆင် ရှင်နာဝပ်ကို ထောင်ဒဏ်(၁)နှစ် ပြစ်ဒဏ်ကျခံရန် ထိုင်းဗဟိုတရားရုံးက ယနေ့ စီရင်ချက်ချမှတ်လိုက်သည်။
ပြည်ပတွင် တိမ်းရှောင်နေစဉ်အတွင်း ၄င်း၏ လက်ထက်တွင် ကျူးလွန်ခဲ့သော အကျင့်ပျက်ခြစားမှု သုံးမှုအတွက် မျက်ကွယ်တွင် ထောင်ဒဏ်(၈)နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော သက်ဆင်အား ထိုင်းဘုရင်က ပြစ်ဒဏ်(၁)နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ထောင်ဒဏ်ကျခံရမည်ဖြစ်သော်လည်း သကိဆင်သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရဲဆေးရုံတွင်သာနေခဲ့ပြီး ဘုရင့်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ထိုသို့ လွတ်မြောက်လာခဲ့ပြီးမှ သက်ဆင်အား မလိုလားသည့် အုပ်စုက သက်ဆင်သည် ထောင်ဒဏ်အပြည့်အဝ ကျခံခြင်းမရှိဘဲ လိမ်ညာ၍ ဆေးရုံတက်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံရခြင်းဖြစ်သည်။
#CWM ref: Thai court set to rule if Thaksin dodged jail with hospital stay. Former Thai PM Thaksin in Singapore for ” health check-up” Report. Conservative tycoon Anutin Charnvirakul is Thailand’s new prime minister.Bangkok Post.








