~ CWM ~
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲက ငါးရက်တာ ဟိုဘက် ဒီဘက် အသည်းသန် ပစ်ခတ်တိုက်ခိုက်ကြပြီးတဲ့နောက် ပြီးသွားပြီလို့ ဆိုရမယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တိုက်တွန်းမှု၊ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ဇူလိုင်(၂၈)ရက်၊ တနင်္လာနေ့က မလေးရှားနိုင်ငံမှာ ထိုင်း ယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်း နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇူလိုင်(၂၈)ရက်၊ ညသန်းခေါင် (၁၂:၀၀) နာရီကစပြီး နှစ်ဘက် ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်းတို့နှစ်ဦးရဲ့ အလယ်မှာ ရပ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေကို လက်ဆွဲနှုတ်ဆက်စေကြတဲ့ သတင်းဓါတ်ပုံတွေကိုလည်း မြင်တွေ့ကြရတယ်။ နှစ်ဖက် ခေါင်းဆောင်တွေ စကားပြောကြတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က တွေ့ဆုံဆွေးနွေးမှုက ရလဒ်ကောင်းတွေ ရခဲ့ကြောင်း၊ နှစ်နိုင်ငံကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံက ပြည်သူ ၃၀၀၀၀၀ကျော် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရကြောင်း နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်ခြင်းဖြင့် လူ့အသက်တွေ ထပ်မံ မဆုံးရှုံးဖို့၊ နှစ်နိုင်ငံကြား ယုံကြည်မှု ပြန်လည်တည်ဆောက်အဖို့ ပြောကြားသွားခဲ့တယ်။ အမေရိကန် ဝက်စ်ပွိုင့် စစ်အကယ်ဒမီ သင်တန်းဆင်း၊ နယူးယောက်တက္ကသိုလ် နဲ့ ဘရစ္စတိုးလ် တက္ကသိုလ်က ပီအိတ်ချ်ဒီ ဘွဲ့ရထားတဲ့ အသက်(၄၇)နှစ်အရွယ် ဟွန်မာနက်က အင်္ဂလိပ်ဘာသာနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့တယ်။ ထိုင်း ယာယီဝန်ကြီးချုပ် ဖမ်သမ်ကလည်း နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တယ်။
နှစ်နိုင်ငံကြား ဇူလိုင်(၂၈)ရက်၊ ညသန်းခေါင် ၁၂:၀၀ နာရီကစပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တဲ့သတင်းက နှစ်နိုင်ငံ စစ်ပွဲသတင်းကို စောင့်ကြည့်နေသူတွေအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နောက်တနေ့မနက်မှာ ခေါင်းဆောင်နှစ်ဦးထံ ဖုန်းဆက်ပြီး အပစ်အခတ်ရပ်စဲလိုက်လို့ ဝမ်းမြောက်ကြောင်းနဲ့ ကုန်သွယ်ခွန်ကိစ္စ စကားဆက်ပြောမယ်လို့ ဆိုတယ်။
ဇူလိုင်(၂၉)ရက် မနက်ခင်း ထွက်လာတဲ့ သတင်းတွေမှာတော့ ကမ္ဘောဒီးယားဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို မလိုက်နာဘဲ ည ၁၂:၀၀နာရီနောက်ပိုင်း နယ်စပ်သုံးနေရာမှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ ကမ္ဘောဒီးယားစစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က ဆိုတယ်။
“ထိုင်းအစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ရိုးရိုးသားသား ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပေမယ့် ကမ္ဘောဒီးယားစစ်တပ်ဟာ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး နယ်စပ်နေရာအများအပြားကို ဆက်ပြီး တိုက်ခိုက်နေတယ်” လို့ ထိုင်းအစိုးရကလည်း ထုတ်ပြန်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုမှာ ပါဝင်တဲ့ တရုတ်၊အမေရိကန်၊ အာဆီယံဥက္ကဌ မလေးရှားနဲ့ နိုင်ငံတကာက သိရှိအောင်ထုတ်ပြန်ခဲ့တာလို့ ဆိုတယ်။
ဒီ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိုင်း ယာယီဝန်ကြီးချုပ် ဖမ်သမ်က ငြင်းဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲပြီးနောက် နယ်စပ်တလျှောက်မှာ အေးအေးချမ်းချမ်းရှိနေတယ်လို့ ဆိုတယ်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာလီဆိုချီတာ ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဘယ်နေရာမှာမှ မဖြစ်ခဲ့ဘူးလို့ ပြောသွားခဲ့တယ်။ မာလီဆိုချီတာရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သူမဟာ ကမ္ဘောဒီးယားပြည်သူတွေကို မမှန်သတင်းတွေ ၊ လုပ်ကြံသတင်းတွေ ထုတ်လွှင့်နေတယ်လို့ ထိုင်းတော်ဝင်လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်က ကန့်ကွက် ထုတ်ပြန်ခဲ့တယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်အရ နှစ်နိုင်ငံ တပ်မှူးတွေဟာ ဇူလိုင်-၂၉ ရက် မနက်မှာ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတဲ့အတိုင်း ဇူလိုင်-၂၉(အင်္ဂါနေ့) မနက်မှာတော့ ထိုင်း အမှတ်(၁) စစ်ဒေသတပ်မှူး နဲ့ အမှတ်(၂) စစ်ဒေသ တပ်မှူးတို့ဟာ ကမ္ဘောဒီးယားအမှတ်(၄)နဲ့ အမှတ်(၅) စစ်ဒေသတပ်မှူးတွေနဲ့ နယ်စပ်စစ်ဆေးရေးစခန်းတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုနဲ့ နယ်စပ် စစ်ရေးလှုပ်ရှားမှုအားလုံးကို လာမယ့်တနင်္လာနေ့အထိ ရပ်ဆိုင်းထားဖို့ သဘောတူခဲ့ကြတယ်။
ဒီသဘောတူညီချက်အရ ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ နယ်စပ်စစ်ပွဲဟာ (၅)ရက်အကြာမှာ ပြီးဆုံးသွားတော့မယ်လို့ ဆိုနိုင်တယ်။ ငါးရက်တာ စစ်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်စပ်တလျှောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၃၀၀၀၀၀ ကျော်ရှိပြီး အရပ်သား(၃၅)ဦး သေဆုံးခဲ့ရတယ်။
စစ်ပွဲ ရေရှည်ဆက်ဖြစ်နေခဲ့ရင် စီးပွားရေးအရ နှစ်နိုင်ငံစလုံး ထိခိုက်စေမှာဖြစ်တယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ကုန်သွယ်ရေးဟာ တစ်နှစ်ကို ဘတ် သန်း(၁၈၀) ရှိတယ်လို့ သိရတယ်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၅၀၀၀၀၀ ကျော်ရှိပြီး ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်အားဆုံးရှုံးမှု ကြုံတွေ့ရနိုင်သလို ကုန်သွယ်ရေးပိုလျှံမှုရှိတဲ့ ထိုင်းဘက်က နစ်နာဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။ အလားတူ ထိုင်းကလာတဲ့ ကမ္ဘာလှည့်ခရီးသည်ဝင်ငွေကို အဓိကထားနေရတဲ့ ကမ္ဘောဒီးယားအတွက်လည်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပိတ်သွားခဲ့ရင် စီးပွားရေးကို အများကြီး ထိခိုက်သွားနိုင်တယ်။
သမိုင်းကြောင်းအရ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုဟာ ကာလရှည်ကြာခဲ့ပြီ ဖြစ်တယ်။ ခုတကြိမ်မှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ကြမှုဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ဖြစ်ခဲ့တယ်။ ရေရှည်စစ်ပွဲသာ ဖြစ်ခဲ့ရင် ကမ္ဘောဒီးယားအတွက် ထိခိုက်နစ်နာမှု ကြီးမားနိုင်သလို ထိုင်းအတွက်လည်း ထိခိုက်ဆုံးရှုံးမှု ကြီးမားနိုင်တယ်။
ခုလိုအခြေအနေမျိုးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းလာသလို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ကလည်း ကြားဝင်စေ့စပ်ပေးခဲ့တယ်။
မလေးရှားနိုင်ငံမှာ ဇူလိုင်(၂၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲကို အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေကပါ တက်ရောက်ပြီး စောင့်ကြည့်ခဲ့ကြတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲက ဒီနေရာမှာတင် ပြီးဆုံးသွားခဲ့မယ်ဆိုရင်တော့ အမှတ်ရမယ့်သူတစ်ဦးက ဒေါ်နယ်ထရမ့်ပါ။
ထရမ့်ဟာ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံစစ်ပွဲ နှစ်ပွဲကို ရပ်စဲသွားအောင် ဩဇာသုံး ကြားဝင်ပေးနိုင်ခဲ့တယ်။ တခုက အိန္ဒိယ နဲ့ ပါကစ္စတန်ကြား မေလ(၇)ရက်ကနေ (၁၁)ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ (အိန္ဒိယ-ပါကစ္စတန်) လေးရက်ကြာ စစ်ပွဲဖြစ်ပြီး တခုက အစ္စရေး နဲ့ အီရန်ကြား ဇွန်လ(၁၃)ရက်နေ့က စတင်ဖြစ်ပွားတဲ့ (၁၂)ရက်ကြာ စစ်ပွဲဖြစ်တယ်။
ဒီစစ်ပွဲ နှစ်ပွဲစလုံးကို ဒေါ်နယ်ထရမ့်က ချက်ချင်းရပ်ဆိုင်းဖို့ တိုက်တွန်းတောင်းဆိုခဲ့သလို သက်ဆိုင်ရာ နိုင်ငံတွေကလည်း လိုက်နာခဲ့ကြတယ်။ ထိုင်း-ကမ္ဘောဒီးယား (၅)ရက်ကြာ စစ်ပွဲသာ အမှန်တကယ် ရပ်ဆိုင်းသွားခဲ့ရင် ထရမ့်ရဲ့ ဩဇာအာဏာနဲ့ ကြားဝင်တိုက်တွန်းမှုကြောင့် စစ်ရပ်စဲသွားတဲ့ တတိယမြောက် စစ်ပွဲတခု ဖြစ်လာတော့မှာပါ။
CWM. Ref: Thai govt tells the world Cambodia broke ceasefire agreement. Thai, Cambodia generals agree to halt strikes, reinforcement until Monday. Thailand and Cambodia truce agreement comes into effect. Bangkok Post.








