~ လင်းမောင် ~
မကြာသေးခင်ကပင် တရုတ်သမ္မတ ရှီကျင်းဖျင်သည် ၎င်းတို့ဘာသာ ခန့်အပ်လိုက်သော ပန်ချန်လားမားနှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုမှာ ဓာတ်ပုံမှတ်တမ်းတင်ခြင်းထက် ပိုမိုသော ရည်ရွယ်ချက်များစွာ ရှိနေသည်။ တိဗက်ဘာသာဝင်များ၏ အနာဂတ်၊ တိဗက်ဗုဒ္ဓဘာသာအပေါ် ဆုံးဖြတ်ပိုင်ခွင့်သည် တိဗက်များတွင်မရှိဘဲ ပေကျင်းလက်ထဲတွင် ရှိသည်ကို တွက်ချက်ပြသသည့် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။ အဆိုပါ လုပ်ရပ်သည် တိဗက်ပြည်သူများ၊ တစ်ကမ္ဘာလုံးမှ တိဗက်ဘာသာကိုးကွယ်ကြသူများအပေါ် တရားမဝင်သည့် လုပ်ပုံမျိုးနှင့် ဆိုးဆိုးရွားရွားစော်ကားလိုက် ခြင်းဖြစ်သည်။
တရုတ်အစိုးရမှ ပန်ချန်လားမားကို အတည်ပြုခန့်အပ်နိုင်ကာ နောက်လာမည့် ဒလိုင်းလားမား ဘာသာရေးခေါင်းဆောင်များကိုလည်း သူတို့သာလျှင် တရားဝင်ခန့်အပ်မည်ဆိုသော တရုတ်ကွန်မြူနစ် ပါတီ CCP လမ်းညွှန်ချက်ဖြင့် ရဲတင်စွာ မြေပြင်ထိုးဖောက်ဝင်ရောက် လှုပ်ရှားမှု ဖြစ်သည်။ ပြဿနာ ၏ အတိုင်းအတာကို သိရှိရန်မှာ တိဗက်ဗုဒ္ဓဘာသာသည် ၎င်းတို့ခေါင်းဆောင်ကို မည်သို့ ရွေးချယ် တင် မြှောက်ကြသနည်းဆိုသည်ကို ဦးစွာ သိရှိရန် လိုအပ်သည်။ ထုံးတမ်းဓလေ့အားဖြင့် ဒလိုင်းလားမား တစ်ယောက် ပျံလွန်ခဲ့လျှင် သက်ကြီးဝါကြီး ရဟန်များသည် လူဝင်စားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လက်တွေ့ကျသော ခေါင်းဆောင်သစ် ရှာဖွေတင်မြှောက်မှုကို လုပ်ဆောင်ကြရသည်။ အစိုးရ၏ တားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း လုံး၀မပါရှိရဘဲ ရူပါရုံများ၊ နိမိတ်လက္ခဏာများ၊ ထုံးတမ်းစဉ်လာများနှင့် ရပ်ရွာလူထုသဘောတူချက်စသည့် ဖြစ်စဉ်များစွာကို ထည့်သွင်းတွက်ချက် ဆန္ဒခံယူရွေးချယ်ကြ ခြင်းဖြစ်သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ CCP ဗားရှင်းဖြင့် ရွေးချယ်မှုမှာမူ အလွန်ကွဲပြား ခြားနားသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစတင်ကာ တရုတ်အာဏာပိုင်များသည် တိဗက် ဒလိုင်း လားမားများပြန်ဝင်စားသည်ဆိုသော ဓလေကို ၎င်းတို့ကသာ မဖြစ်မနေ အတည်ပြုပေးမည်ဟု အကျပ်ကိုင် ထုတ်ပြန်ကျင့်သုံးလာသည်။ ၂၀၀၇ ခုနှစ်တွင် ၎င်းတို့ အသိအမှတ်မပြုဘဲ ဒလိုင်းလားမား ပြန်ဝင်စားမှုမှာ ရာဇဝတ်မှုမြောက်သည်ဆိုသော နိုင်ငံတော် သာသနာရေးဗျူရို အမိန့်အမှတ် ၅ ကို တရားဝင်ရေးဆွဲပြဌာန်း ထုတ်ပြန်လိုက်သည်။ ရာစုနှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော၊ ပေါင်းစည်း ခဲ့သော ဘာသာရေးအစဉ်အလာကို ဘုရားမဲ့ဝါဒီ ကွန်မြူနစ်ပါတီမှ အရာရှိများလက်အတွင်း သက်ဆင်း ပြီး ဗျူရိုကရေစီအမိန့်တည်စေရမည်ဟု ခွင့်ပြုပေးခဲ့ခြင်းပင်ဖြစ်တော့သည်။
ဘုရားမဲ့ဝါဒီအစိုးရတစ်ခုတွင် ဝိညာဉ်ရေးကိစ္စများကို အဆုံးအဖြတ် ခံယူခိုင်းခြင်းက မည်သို့ တရားဝင် ခွင့်ရှိနိုင်မည်နည်း။ တရုတ်နိုင်ငံသည် ၎င်း၏ စွက်ဖက်မှုကို ယဉ်ကျေးမှု ထိန်းသိမ်းသည့် လုပ်ရပ်အဖြစ် ဘောင်ခတ်ထားကာ တိဗက်ဗုဒ္ဓဘာသာကို အကွဲအပြဲ သို့မဟုတ် အနောက်တိုင်း ဝင်ရောက်စွက်ဖက် ခြင်းမှ ကာကွယ်နေသည်ဟု တွင်တွင် အသံကောင်းဟစ်နေခဲ့သည်။ သို့သော် အဓိပ္ပါယ်အစစ်ကို ဘာသာပြန်လျှင် ပေကျင်းအစိုးရလုပ်ရပ်များသည် ၎င်းတို့အပေါ် နိုင်ငံရေးအရ အာခံနိုင်ခြင်းမရှိစေရန် လုပ်ဆောင်သည့် နိုင်ငံရေးခြိမ်းခြောက်မှု သက်သက်သာဖြစ်သည်။
လက်ရှိ ဒလိုင်းလားမားသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည်။ သို့သော် ယခုထိ တိဗက်၏ ဝိသေသလက္ခဏာနှင့် တော်လှန်ရေး၏ သင်္ကေတတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ တရုတ်လက် အောက်မှ လွတ်လပ်ရေးတောင်းဆိုခြင်းမျိုးထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပိုလိုလားသူဖြစ်သော် လည်း တရုတ်အစိုးရအမြင်တွင် လက်ရှိ ဒလိုင်းလားမားသည် ခွဲထွက်ရေးသမား ဖြစ်နေသည်။ တရုတ် အစိုးရမှ အတည်ပြုခန့်အပ်သည့် ဒလိုင်းလားမားသည် ၎င်းတို့လက်အောက်တွင် ထိန်းချုပ်နိုင်စွမ်းရှိစေ မည်ဖြစ်သော ပျော့ပြောင်းသည့် ဘာသာနှင့်ဝိညာဉ်ရေးဆိုင်ရာ ရုပ်သေးရုပ်ဥသျှောင်ကို ထားရှိစေခြင်း သာဖြစ်သည်။
၁၉၉၅ ခုနှစ်က လက်ရှိဒလိုင်းလားမား ပျံလွန်လျှင် လူစားဝင် ဆက်ခံမည့် ဒုတိယအကြီးမားဆုံး ဥသျှောင် (တိဗက်ဗုဒ္ဓဘာသာတွင် ဒုတိယအကြီးမြတ်ဆုံးပုဂ္ဂိုလ်) အဖြစ် ချာတိတ်လေး ဂတ်ဒ်ဟန်ချိုးကျီညီမာကို ၁၁ ဆက်မြောက် ပန်ချန်လားမားအဖြစ် တင်မြှောက်သတ်မှတ်ခဲ့ကြသည်။ တရုတ်အာဏာပိုင်းများသည် အဆိုပါ ရိုးရာဓလေ့အတိုင်း တင်မြှောက်သည့် ကလေးငယ်ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ သူတို့ကိုယ်တိုင် ရွေးချယ်သတ်မှတ်သူနှင့် အစားထိုးလိုက်သည်။ ယနေ့အထိ ပန်ချန်လားမားလေး ဂတ်ဒ်ဟန်ကို မည်သူမျှ ပြန်မတွေ့တော့ဘဲ ပျောက်ဆုံးနေခဲ့သည်။
အဆိုပါ လုပ်ထုံးလုပ်နည်းအတိုင်းပင် တရုတ်သည် ပန်ချန်လားမားကိုသာမက ဒလိုင်းလားမားကိုပင် ၎င်းတို့စိတ်ကြိုက် ရွေးချယ်ခန့်ထားနိုင်ရေး ထပ်ဆင့် လုပ်ဆောင်ရန် စီစဉ်သည်။ မည်သည့်နည်းများ နှင့် စေ့စပ်စွာ စီစဉ်သည်ဖြစ်စေ ဒလိုင်းလားမားဆိုသူကို တရုတ်အစိုးရ စိတ်ကြိုက်ရွေးချယ်တင်မြှောက် ခြင်းအား တိဗက်ပြည်သူအားလုံးသာမက တစ်ကမ္ဘာလုံးမှ ဗုဒ္ဓဘာသာဝင်တိုင်း လက်မခံကြပေ။
လက်ရှိ ဒလိုင်းလားမားက မိမိနေရာတွင်း ဝင်စားမည့်ဒလိုင်းလားမားသစ်သည် လက်ရှိမူအတိုင်းဆို လျှင် မည်သူတစ်ဦးတစ်ယောက်မှ မရှိနိုင်၊ အထူးသဖြင့် တရုတ်အစိုးရ ဆုံးဖြတ်ပေးခြင်းဖြင့် စစ်မှန် သည့် ဒလိုင်းလားမားသစ် ထွက်ပေါ်လာစရာမရှိဟု ပြတ်သားစွာ မြွက်ကြားထားသည်။ ဒလိုင်းလားမား မျိုးဆက် ပြတ်တောက်ပျောက်ဆုံးခြင်း သို့မဟုတ် ဒလိုင်းလားမားသစ်သည် တရုတ်လက်လှမ်းမမီရာ လွတ်လပ်သည့်နိုင်ငံတစ်ခု၊ တိဗက်ပြင်ပတွင်သာ ဝင်စားနိုင်မည်ဟုလည်း အခိုင်အမာမြွက်ကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဂယက်များ
နောက်ထွက်ပေါ်လာမည့် ဒလိုင်းလားမားအရေးသည် တိဗက်ပြည်သူများ၏ အရေးတစ်ခုတည်းသာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ အရေးလည်း ဖြစ်နေသည်။ ကမ္ဘာအနှံ့မှ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များသည် ဒလိုင်းလားမားကို ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြသည်။ တရုတ်နိုင်ငံသည် ဒလိုင်းလားမားနေရာ ဆက်ခံရန် တစ်ဖက်သတ်ခန့်အပ်ခြင်းမှာ တိဗက်အချုပ်အခြာအာဏာကို နင်းချေမှုသာမက ကမ္ဘာ့ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၏ ဂုဏ်သိက္ခာကို စော်ကားခြင်းလည်း ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ တရုတ် သည် တရားဝင်ဘာသာရေးဆိုင်ရာ အခွင့်အာဏာကို သတ်မှတ်နိုင်ခွင့် ရယူခြင်းမှာ တိဗက် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကိုပင် ကျော်လွန်သော အန္တရာယ်ရှိသည့် စံနမူနာဆိုးတစ်ခုဖြစ်နေသည်။ ထိုလုပ်ရပ် အပေါ် စိန်ခေါ် အာခံမှုမပြုကြလျှင် အာဏာရှင်နိုင်ငံများအားလုံး ဘာသာရေးအဖွဲ့အစည်းများအား လိုရာကြိုးဆွဲခန့်အပ်နိုင်သော အမျိုးသားရေးဝါဒီများအဖြစ် လိုက်လံတုပကာ အားလုံးကို ထိန်းချုပ်လာ သည့် နမူနာများကို ဖြန့်ဖြူးရာ လမ်းပြရာ စံနမူနာတစ်ရပ် ဖြစ်လာစေမည်ဖြစ်သည်။
ဘာသာရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ကိစ္စများတွင် တရားဝင်မှုမှာ တရားဥပဒေ သို့မဟုတ် နိုင်ငံတော်အာဏာနှင့် မပတ်သက်ပေ။ ဘာသာရေး အသိအမှတ်ပြုမှု၊ ယုံကြည်မှု၊ စစ်မှန်မှုများ ဆိုသည်မှာ အာဏာအမိန့်ဖြင့် သတ်မှတ်ပေးနိုင်သည့် အရာများလည်း မဟုတ်ပေ။ တရုတ်၏ တိဗက် အပေါ် နက်ရှိုင်းသော ဝိညာဉ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အနိုင်ကျင့် ချိုးဖောက် ပြဌာန်းနေမှုသည် တိဗက်နယ်ပယ်တစ်ခုတည်းကိုသာ အနိုင်ကျင့်ခြင်းမဟုတ်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို အာဏာဖြင့် ပိုင်းခြား ခြင်းလည်းဖြစ်သည်။
ဒလိုင်းလားမားသစ် ထွက်ပေါ်သည့်အချိန်အခါ ရောက်လာခဲ့လျှင် ကမ္ဘာကြီးကလည်း အစစ်အမှန်ကို ရွေးချယ်မှု လုပ်ရပေမည်။ တရုတ်အစိုးရ ခန့်အပ်သည့် ဒလိုင်းလားမားကို အသိအမှတ်ပြုမည်လား တိဗက်ပြည်သူ အသိုင်းအဝိုင်းမှ ဝိညာဉ်ရေးရာ ဘာသာရေးခေါင်းဆောင်အဖြစ် ရွေးချယ်သူကို လက်ခံမည်လား ရွေးချယ်ကြဦးမည်သာဖြစ်သည်။ တရုတ်အစိုးရခန့် ဒလိုင်းလားမားဆိုသည်မှာ ယုံကြည်စိတ်ချရမှုနှင့် အခွင့်အာဏာနှစ်ခုစလုံးတွင် ယုံကြည်စရာမရှိသူသာဖြစ်ပေမည်။ ဘာသာရေး လွတ်လပ်ခွင့်၊ ယဉ်ကျေးမှုဂုဏ်သိက္ခာ၊ လူမျိုးများ၏ ရိုးရာဓလေ့များကို ထိန်းသိမ်းပိုင်ခွင့်ရှိရမည်ဆို သည်အား ယုံကြည်သူတိုင်းအတွက် နောက်လာမည့် ဒလိုင်းလားမား ရွေးချယ်မှုသည် မှန်ကန်ရှင်းလင်း ရန် လိုအပ်ပေမည်။
#MeKongNews








