~ နွေနေ ~
(၂၁)ရာစုက နည်းပညာလောကကိုသာမက လူမှုရေး၊ နိုင်ငံရေးအယူဆ၊ အတွေးအမြင်၊ လူနေမှုပုံစံ အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ ယခင်က အမှန်ဟု ယူဆချက်များ ပြောင်းပြန်ဖြစ်သွားပြီး ယခင်က အမှားဟု လက်ခံထားသည်များကို အမှန်ကဲ့သို့ ယူဆမှုတွေ ရှိလာသည်။ နည်းပညာလောက က ဉာဏ်ရည်တု(AI) စက်ရုပ်များအထိ ထင်သာမြင်သာ ပြောင်းလဲသွားသော်လည်း ၂၀ ရာစုက လူအများလက်ခံထားသော အတွေးအမြင်၊ အယူအဆ၊ ယုံကြည်လက်ခံထားမှုများ ပြောင်းလဲသွားသည်ကမူ ထင်သာမြင်သာ သိပ်မရှိလှပါ။
သို့သော် အံ့အားသင့်ဖွယ်ရာပင် ၂၁ရာစုတွင် လူအများလက်ခံထားသည့် စံ နှင့်တန်ဖိုးများ ပြောင်းလဲသွားသည်။
” လူသားချင်းစာနာထောက်ထားမှု” ” လူ့အခွင့်အရေး” ” မတရားပြုကျင့်ခံရမှု” ” ဖိနှိပ်ရက်စက်မှု” ” လူမျိုးတုန်းသတ်ဖြတ်မှု” ” အမျိုးသမီး နှင့် ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း” ” ဒုက္ခရောက်နေသူများအား ကူညီထောက်ပံ့ခြင်း” ” အားနည်းသူဘက်မှ ကိုယ်ချင်းစာနာခြင်း” စသည့် လူသားတို့၏ စံများ၊ တန်ဖိုးများ၊ လောကပါလတရားများကို လူသားတို့ကိုယ်တိုင် လျစ်လျူရှုလာသည်။ ကုလသမဂ္ဂပဋိဉာဉ်လို လူသားတွေကိုယ်တိုင်က ရေးထိုးမှတ်ကျောက်တင်ထားသည့် စံ နှင့်တန်ဖိုးများသည် ၂၁ ရာစုတွင် လျစ်လျူရှုခံလာရသည်။ ကုလသမဂ္ဂ၏ ဩဇာသည် (၂၁)ရာစုတွင် လုံးဝနီးပါး ကျဆုံးသွားပြီဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည် ကမ္ဘာကြီးကို ကယ်တင်နိုင်သော အဖွဲ့အစည်းမဟုတ်တော့ပါ။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်းကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသားငယ် ၂၂ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးသွားသည့် ဖြစ်ရပ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဝမ်းနည်းကြောင်း နောက်တရက်တွင် ထုတ်ပြန်ကြေညာသည်။ မြန်မာ့နိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်းလည်း ဖော်ပြသည်။ ကုလသမဂ္ဂသည် ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသော တရားမဲ့မှုအားလုံးကို ဝမ်းနည်းစကားဆိုရုံမှအပ ဘာမျှလုပ်ပေးနိုင်ခြင်းမရှိခဲ့။ ထိုအခါ တရားမဲ့ပြုကျင့်သူတို့ တနေ့တခြား လက်ရဲ ဇက်ရဲဖြစ်လာကြသည်။ ကုလသမဂ္ဂသည် ကမ္ဘာ့ဇာတ်ခုံပေါ်က ဖြစ်စဉ်များကို လက်ပိုက်ကြည့်နေရုံမျှသာ။
မြန်မာပြည်တွင်းစစ်သည် နှစ်ပေါင်း(၇၀)ကျော်ပြီဆိုသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့သည်။ သို့သော် မြန်မာပြည်တွင်းစစ် အနိဌာရုံများသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲ၊ အာဖရိကနိုင်ငံများက ပြည်တွင်းစစ်လောက် မီးမောင်းထိုးပြခြင်း မခံရ။ လူမသိ သူမသိ သေဆုံးသွားကြသည့် အပြစ်မဲ့အရပ်သားပြည်သူတွေ များလှပြီ။ အိုးတိန်
တွင်းကျေးရွာက ကလေးသူငယ်တွေ စာသင်ကြားနေရင်း ဗုံးကြဲခံရပြီး သေဆုံးခဲ့ရသည့် ဝမ်းနည်းစရာအဖြစ်ဆိုးလို ပြီးခဲ့သည့်နှစ်တွေကလည်း မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့ပြီးဖြစ်သည်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလည်း ယခုလိုပဲ ဗုံးကြဲခဲ့၍ အပြစ်မဲ့ပြည်သူတွေ အတုံးအရုံးသေဆုံးခဲ့ရပြီးပြီ။
ဗုံးကြဲမှုတွေက ရပ်မသွားပါ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာလည်း ဗုံးကြဲခံရပြီး ရွာသား ၁၂ဦးသေသည်။ ကျောက်တော်ကို ကြဲသည်။ နောင်ချို၊ မိုးကုတ်ကို ကြဲသည်။ မိမိတို့ မြေပြင်စစ်ဆင်ရေး လက်လှမ်းမမီတော့သည့်နေရာ၊ လက်လွှတ်ထားရသည့်နေရာတွေကို လေတပ်အားကိုးဖြင့် ဗုံးကြဲဖျက်ဆီးသည်။ ဧပြီ ၃ ရက်မှ မေလ ၁၃ ရက်နေ့အထိ စစ်ကောင်စီသည် နိုင်ငံအနှံ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၁၈၁)ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၁၈၂) ယောက် သေဆုံးခဲ့ရသည်။
မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းနေရွယ်ကလေးသူငယ်အများအပြား သေဆုံးရသည့်ဖြစ်ရပ်အပါအဝင် နိုင်အနှံ့အပြားက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူအများအပြား နေ့စဉ်သေဆုံးနေရသည့်အပေါ် (ကုလသမဂ္ဂက ဝမ်းနည်းစကားပြောရုံမှအပ) ကမ္ဘာ့နိုင်ငံကြီးတွေက စိတ်ဝင်တစားမရှိကြပါ။ စူပါ ပါဝါဖြစ်သော အမေရိကန်နှင့် တရုတ်က ကုန်သွယ်ခွန်စစ်ပွဲဖြင့် အလုပ်ရှုပ်နေသည်။ စစ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများသေဆုံးရမှုသည် မိမိတို့နှင့် မသက်ဆိုင်သလို။
အထူးသဖြင့် အိမ်နီးချင်း တရုတ်သည် မြန်မာပြည်တွင်းစစ်၏ အလိုတူ အလိုပါဖြစ်နေခြင်းမှာ ဝမ်းနည်းစရာကောင်းသည်။ လူသားချင်းစာနာထောက်ထားမှုသည် ၂၁ရာစုကမ္ဘာတွင် တဖြည်းဖြည်း ဆိတ်သုဉ်းလာသည်။
တကယ်တော့ စစ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတို့ သေဆုံးထိခိုက်မှုဖြစ်စဉ်များမှာ ယနေ့ကမ္ဘာအတွက် မထူးဆန်းသော ဖြစ်ရပ်တွေလို ဖြစ်လာသည်။ သုံးနှစ်ကျော် ကြာပြီဖြစ်သော ယူကရိန်း-ရုရှားစစ်ပွဲမှာ နေ့စဉ်
နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပြီး နေ့စဉ်နှင့်အမျှ အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုတွေ ရှိနေသည်။ နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်နေသော အဖြစ်အပျက်များသည် ကြာလာသောအခါ သတင်းမဟုတ်တော့။ မြန်မာနိုင်ငံ ဒီပဲယင်း၊ အိုးတိန်တွင်းက ကျောင်းသားငယ်လေးတွေ ဗုံးကြဲခံရပြီးသေဆုံးကြရသလိုမျိုး ဂါဇာမှာ၊ ယူကရိန်းမှာ အပြစ်မဲ့ကလေးသူငယ်တွေ၊အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတွေ မကြာခဏ သေဆုံးနေကြရသည်။ ကုလသမဂ္ဂထုတ်ပြန်ချက်အရ ဂါဇာမှာ အပစ်အခတ်ရပ်စဲမှုပျက်ပြားပြီးနောက်ပိုင်း အစ္စရေးလက်ချက်ဖြင့် သေဆုံးသည့် ကလေးသူငယ် ၃၂၂ ယောက်ရှိသည်ဟု ဆိုသည်။ ထိုအထဲတွင် မတ်လ၂၃ ရက်နေ့က ဂါဇာတောင်ပိုင်း၊ အယ်လ်နာဆာဆေးရုံ ခွဲစိပ်ခန်းအား ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ကလေးသူငယ်များ ပါဝင်သည်။
ဂါဇာစစ်ပွဲ၊ ယူကရိန်းစစ်ပွဲတွေက နိုင်ငံကြီးတွေ၏ အာရုံစိုက်မှု ခံရသလောက် မြန်မာပြည်တွင်းစစ်ကတော့ ကမ္ဘာကြီး၏ လျစ်လျူရှုမှု ခံထားရသည်။ ကမ္ဘာကြီးသည် စစ်ပွဲများနှင့် အသားကျနေပြီး စာနာစိတ်ကင်းမဲ့လာသလိုရှိသည်။ အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့်တက်လာချိန်မှစ၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ကမ္ဘာ့အရေးများက နောက်ဆုတ်သွားခြင်းမှာ ယနေ့ ၂၁ ရာစုကမ္ဘာကြီးက ရင်ဆိုင်ကြုံတွေ့နေရသော ကံကြမ္မာဖြစ်သည်။
ပြည်တွင်းစစ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များက ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ဟန့်တားမှုများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဟန့်တားနိုင်ခြင်းမရှိတော့။ ၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် အမေရိကန် နှင့် မဟာမိတ်နိုင်ငံများသည် အီရတ်မြောက်ပိုင်း နှင့် တောင်ပိုင်းကို လေယာဉ်မပျံသန်းရဇုန် ( No-fly zine) သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အရမဟုတ်ဘဲ အမေရိကန်နှင့် မဟာမိတ်များ၏ ဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးစုများနှင့် တောင်ပိုင်းရှိ ရှီးယားစ်လူမျိုးစုများကို ဆက်ဒမ်ဟူစိန်တပ်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမပြုနိုင်အောင် ဟန့်တားခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ် ယူဂိုဆလားဗီးယားပြည်တွင်းစစ်ပွဲလည်း ကုလသမဂ္ဂနှင့် NATO အဖွဲ့က ဘော့စနီးယားတွင် လေယာဉ် မပျံသန်းရဇုန် ( No-fly zone) သတ်မှတ်ခဲ့သည်။ အာဏာရှင် ကဒါဖီ ပြုတ်ကျသွားသည့် ၂၀၁၄ ခုနှစ်၊လစ်ဗျားပြည်တွင်းစစ်တွင်လည်း နေတိုးအဖွဲ့က လစ်ဗျားတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ခဲ့သည်။
၂၀၂၂ခုနှစ်၊ ရုရှား- ယူကရိန်း စစ်ပွဲဖြစ်သောအခါတွင်မူ ဥရောပနိုင်ငံများမဟာမိတ်အဖွဲ့(NATO) သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သော ရုရှား နှင့် ထိပ်တိုက်တွေ့ဆုံလိုခြင်းမရှိသဖြင့် ရုရှားတိုက်လေယာဉ်များက ယူကရိန်းနယ်မြေများပေါ် ဖြတ်ကျော် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ယူကရိန်းအရပ်သားများ သေဆုံးမှုကို ” လေယာဉ်မပျံသန်းရဇုန်”(No-fly zone) သတ်မှတ်ပြီး ကာကွယ်ပေးနိုင်ခြင်းမရှိတော့။ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ခြင်းမှာ စစ်
အင်အားသာလွန်သော အုပ်စုတစ်စုက သတ်မှတ်ခြင်းဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုပင် ကျော်လွန်လုပ်ဆောင်ခဲ့ကြသည်။ ယခုနှစ်များအတွင်း စစ်ပွဲများတွင် ဒရုန်းအသုံးပြု တိုက်ခိုက်မှု၊ တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တိုးပွားလာသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။
မြန်မာပြည်တွင်းစစ်တွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအပါအဝင် နိုင်ငံအနှံ့ မိမိပြည်သူများအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျှက် ရှိနေသည်။ အစ္စရေးတပ်များက ဂါဇာရှိ ပါလက်စတိုင်းများကို ဗုံးကြဲတိုက်ခိုက်နေသလိုမျိုး မြန်မာစစ်တပ်သည် မိမိပြည်သူများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။ ရုရှားက ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်နေသလိုမျိုး မြန်မာစစ်တပ်သည် မိမိပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည်။ အစ္စရေး နှင့် ပါလက်စတိုင်း၊ ယူကရိန်း နှင့် ရုရှားတို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် နိုင်ငံတကာနယ်နမိတ်ကို ကျော်လွန်ဖြစ်ပွားသော နိုင်ငံတကာစစ်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က မိမိပြည်သူကို ဗုံးကြဲတိုက်ခိုက်နေသောစစ်ပွဲမှာ နိုင်ငံနယ်နမိတ်ထဲမှာဖြစ်သော ပြည်တွင်းစစ်ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်တွင်းစစ်ကို နိုင်ငံကြီးတွေက လျစ်လျူရှုထားခြင်း ဖြစ်သည်။
စစ်ပွဲတွင် အပြစ်မဲ့ အရပ်သားများ သေဆုံးရခြင်းအတွက် ကုလသမဂ္ဂက စိုးရိမ်ပူပန်ရုံကလွဲ၍ ဘာမျှမစွမ်းဆောင်နိုင်။ အာဏာသိမ်း လေးနှစ်တာကာလအတွင်း အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုတွေကလည်း အရာမထင်ဖြစ်နေချိန်တွင် အိမ်နီးချင်း တရုတ်က စစ်ပွဲ၏ အလိုတူ အလိုပါဖြစ်လာသည်။ အရာရာ မိမိအကျိုးစီးပွားအတွက်သာ ဦးစားပေးတတ်ပြီး စစ်ကောင်စီဘက်က လောင်းကြေးထပ်ထားသည့် တရုတ်ကတော့ အပြစ်မဲ့အရပ်သားပြည်သူတွေ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အတုံးအရုံးသေဆုံးနေရသည်မှာ မိမိနှင့် ဘာမှ မသက်ဆိုင်သလို ဖာသိဖာသာပင်..။
#MeKongNews








