~ Ratish Mehta ~
မကြာသေးမီက တရုတ်ရေတပ်သည် ဩစတြေးလျနှင့်နယူးဇီလန်နှစ်နိုင်ငံကြား တက်စ်မန်းပင်လယ် (Tasman Sea) ၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ ထိုအခင်းအကျင်းကြောင့် တရုတ်၏ ရည်ရွယ် ချက်ရှိစွာဖြင့် ဒေသတွင် လုံခြုံရေးအမြင်ထားရှိမှုနှင့် မဟာဗျူဟာ အခင်းအကျင်းသည် စိုးရိမ်ပူပန်စရာ ဖြစ်လာရသည်။ ထိုစစ်ရေးလေ့ကျင့်မှုက တရုတ်၏ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း လုံခြုံရေး ဗိသုကာ အသွင်သဏ္ဍန်ပြောင်းလဲလာခြင်းကို အချက်ပြလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရှိရင်းစွဲဖြစ်သည့် အာဏာချိန်ခွင့်လျှာ အနေအထား၊ ကာကွယ်ရေး မဟာဗျူဟာ ပြန်လည်ချင့်တွက်မှုများ လုပ်ဆောင်နိုင်ရန် တပ်လှန်သလိုဖြစ်လာခဲ့ရသည်။
တရုတ်၏ စစ်ရေးလေ့ကျင့်မှုအတွက် တရားဝင်ကြေညာမှုမှာမူ အလှည့်ကျ သာမန်စစ်ရေးလေ့ကျင့်မှု ဟု ဆိုသော်လည်း လက်တွေ့ ပစ်ခတ်တိုက်ခိုက်လေ့ကျင့်ခြင်း အစီအစဉ်များပါ ပါဝင်လာခဲ့သောကြောင့် သမားရိုးကျ စစ်ရေးလေ့ကျင့်မှုဆိုသည်ထက် များစွာ ပိုလွန်သော လေ့ကျင့်မှု မှန်းသိသာစေခဲ့သည်။ တကယ်တမ်းတွင် ထို့ထက်ပိုပြီး တရုတ်ဘက်မှ စနစ်တကျတွက်ချက်ခြင်းဖြင့် အာဏာသွပ်သွင်းခြင်းသရုပ်သကန်ကို ပြသလိုက်ခြင်းဖြစ်ရာ ဒေသတွင်းနိုင်ငံများအတွင်း လုံခြုံရေး၊ လွတ်လပ်မှုနှင့် ပင်လယ်ရေပိုင်နက်၊ ပစိဖိတ်ကျွန်းနိုင်ငံများ၏ မဟာဗျူဟာနယ်မြေပိုင်ဆိုင်မှုများအား လုံးအတွက် စိန်ခေါ်မှုများပိုမို မြင့်မားသထက် မြင့်မားလာတော့သည်။
မဟာဗျူဟာ ရည်ရွယ်ချက်များ- ပါဝါနှင့် သြဇာကို မြှင့်တင်ခြင်း
ထို စစ်ရေးလေ့ကျင့်မှု၏ ဗဟိုချက်သည် ရိုးရာအစဉ်အလာအတိုင်း ဩဇာလွှမ်းမိုးသည့် နယ်မြေများ အလွန် ရေကြောင်းပိုင်နက် ချဲ့ထွင်ခြင်းရည်မှန်းချက်သာ ဖြစ်ကြောင်း ထင်ရှားစေသည်။ တက်စ်မန်းပင်လယ်သည် သမိုင်းအစဉ်အလာနှင့်ချီလျှင် ဩစတြေးလျ၊ နယူးဇီလန်နှင့် အနောက်မဟာ မိတ်များစိုးမိုးနယ်မြေသာ ဖြစ်ခဲ့သည်။ မည်သည့်အခါတွင်မှ တရုတ်စစ်ရေးဖော်ဆောင်လေ့ကျင့်မှုများ လာရောက်လုပ်ဆောင်သော ပိုင်နက်လည်း မဟုတ်ခဲ့ပေ။ ယခု လေ့ကျင့်မှုသည် ဩစတြေးလျနှင့် နယူးဇီလန်ရေပိုင်နက်နှင့် အနီးဆုံးနေရာသို့ပင် လာရောက်လေ့ကျင့်ကြခြင်းဖြစ်သည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ လက်တံမည်သည့် နေရာအထိရောက်ရှိသက်ရောက် စေသည် ကို သက်သေပြ ခြိမ်းခြောက်လိုရင်း ရည်ရွယ်ချက်နှင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် အစဉ်အဆက် အနောက်နိုင်ငံများ စိုးမိုးရာပင်လယ်ရေကြောင်းဖြစ်သည့် အင်ဒို-ပစိဖိတ်ဒေသအထိ အင်အားလွှမ်းမိုးနိုင်စွမ်းရှိသည်ကို အင်အားပြလိုက်ခြင်းလည်းဖြစ်သည်။
ဤစစ်ဆင်ရေးသည် သြစတြေးလျနှင့် နယူးဇီလန်တို့၏ လုံခြုံရေးယူဆချက်အတွက် တိုက်ရိုက်စိန်ခေါ်မှုတစ်ခုလည်းဖြစ်လာသည်။ နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ ရေပိုင်နက်နယ်နိမိတ်များကို တိုက်ရိုက်ပြင်ပခြိမ်းခြောက်မှုရန်များအား အတော် ကာရံထားနိုင်သည်ဟူသော ယုံကြည်ချက်အောက်တွင် ကာလကြာရှည်စွာ စွဲမြဲနေထိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ လုပ်ဆောင်ချက်များသည် ဤခံယူချက်ကို အနှောင့်အယှက်ဖြစ်စေပြီး အဆိုပါနိုင်ငံများအား ၎င်းတို့၏ ကာကွယ်ရေး အနေအထားနှင့် ဗျူဟာမြောက် ညှိနှိုင်းမှုများကို ပြန်လည်စဉ်းစားရန် တွန်းအားပေးခဲ့သည်။
ကန်ဘာရာနှင့် ဝယ်လင်တန်အစိုးရများဘက်မှ ကန့်ကွက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့သည်။ တရုတ် စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းသည် အတိုင်းအတာတစ်ရပ်ကို ကျော်လွန်ခြင်းဖြစ်သည်။ တောင် ပစိဖိတ်ဒေသတွင် ကာလရှည်ကြာ မိမိတို့နှစ်နိုင်ငံကြား သဘောတူထားသည့် ရေကြောင်းသွားလာမှု ဆိုင်ရာအနေအထားကို တရုတ်ဘက်မှ စွက်ဖက်ကာ လိုဘကြီးမားသည်ဆိုသည့် သဘောတရားကို ပြသခြင်းဟု ယုံကြည်ကြသည်။ အစဉ်အလာအရ ထိုပိုင်နက်ကို ဩစတြေးလျနှင့်နယူးဇီလန်တို့က ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်များဖြင့် ပုံဖော်တည်ဆောက်ထားပြီး အမေရိကန်အပါ မိတ်ဖက် နိုင်ငံများ၏ အားဖြင့် စိုးမိုးထားသည်။ ထိုအခြေအနေကို တရုတ်ဘက်မှ တွန်းလှန်လာကာ လုံခြုံရေး ကွန်ရက်အားနည်းသွားစေရန် ပြောင်ပြောင်းတင်းတင်း ဩဇာလွှမ်းမိုးရန် ကြိုးစားလာခြင်းဖြစ်သည်။
ထို့အပြင် တက်စ်မန်ပင်လယ်တွင် တရုတ်၏တည်ရှိမှုသည် ဒေသတွင်းပါဝင်ပတ်သက်သည့်နိုင်ငံ များအား ခက်ခဲသောဗျူဟာရွေးချယ်မှုများပြုလုပ်ရန် ဖိအားပေးလိုက်ခြင်းဖြစ်သည်။ သြစတြေးလျအတွက် ဤဖွံ့ဖြိုးတိုးတက်မှုသည် အထူးသဖြင့် အမေရိကန်၊ ယူကေတို့နှင့် မဟာမိတ် ဖွဲ့ထားသည့် AUKUS နှင့် အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားသည့် QUAD လက်အောက်၌ ပူးပေါင်းခြင်းခေါင်းစဉ်အောက်တွင် လုံခြုံနေခဲ့ရာမှ တရုတ်ကြောင့် စိုးရိမ်စိတ် ပိုမို မြင့်တက်လာရပြီဖြစ်သည်။ သမိုင်းကြောင်းအရ ပိုမိုလွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သည့် နယူးဇီလန်အတွက် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တရုတ်နိုင်ငံဘက်မှ ခိုင်မာသော ရပ်တည်ချက် ချမှတ်ဆက်ဆံရန် သို့မဟုတ် ယခင်အတိုင်း စီးပွားရေး ဆက်ဆံမှုကို ထိန်းသိမ်းထားပြီး ကြားနေသဘောထား မူဝါဒကျင့်သုံးရမည်လားဆိုသည်ကို အကျပ်ရိုက်စေပြီ ဖြစ်သည်။
ပစိဖိတ်ကျွန်းနိုင်ငံများအပေါ် ပိုမိုကျယ်ပြန့်သော သက်ရောက်မှု
တရုတ်ခြိမ်းခြောက်လာမှုကြောင့် ဩစတြေးလျနှင့် နယူးဇီလန်တို့ ချက်ချင်း ဆုံမှတ်များကို ပြောင်း ရွှေ့ရတော့မည့်အရေးမှာ နှစ်နိုင်ငံတည်းကို ဂယက်ရိုက်ခြင်းမျိုးမဟုတ်ပေ။ ပစိဖိတ်ဒေသအတွင်း ကျွန်းနိုင်ငံငယ်များစွာသည် အစဉ်အဆက် ဒေသတွင်း အင်အားအကြီးဆုံးဖြစ်သော ဩစတြေးလျနှင့် နယူးဇီလန်တို့ထံမှ လူခြုံရေးနှင့် စီးပွားရေး အထောက်အပံ့များကို အဓိက အားထား ရယူခဲ့ကြသည်။ လက်ရှိ အားထားရဆုံး နိုင်ငံနှစ်နိုင်ငံပင် စိုးရိမ်စရာများတည်ရှိလာခြင်းက အခြားကျွန်းနိုင်ငံငယ်များစွာ အတွက်ပါ ကြီးမားသော ဂယက်ရိုက်မှုကို ဖြစ်တည်စေပါပြီ။
ရေတပ် စစ်ရေးလေ့ကျင့်မှုသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် တရုတ်ဘက်မှ သံတမန်ရေးရာနှင့် စီးပွားရေးပိုင်း စေ့စပ်ချဲ့တွင်ခြင်းဟု နားလည်နိုင်မည်ဖြစ်သည်။ မကြာသေးမီက ဆော်လမွန်ကျွန်းစု နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို တရုတ်တို့ လက်မှတ်ရေးထိုးခဲ့ခြင်းလည်း တစ်ခု အပါ အဝင်ဖြစ်သည်။ ရန်သူတော် အနောက်အုပ်စု၏ တုံ့ပြန်မှုမည်သို့ ရှိမည်ကို သွေးတိုးစမ်းခြင်းဖြစ်သလို တစ်ဖက်တွင်လည်း ကျွန်းနိုင်ငံငယ်လေးများ လုံခြုံရေးအာမခံချက်ကို တရုတ်ဘက်မှ သွေ့ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ဘက်ပြောင်းကြစေလိုရင်းကိုလည်း စစ်ရေးလာလေ့ကျင့်မှုဖြင့် ပြသလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပစိဖိတ်နိုင်ငံငယ်များ မဟာဗျူဟာ မိတ်ဖက်နိုင်ငံရွေးချယ်ရေးတွင် အာရုံများ ထွေပြားပြီး တရုတ်ဘက် ကပ်ရမည်လား၊ အနောက်မဟာမိတ်များဘက် ဆက်လက်ရပ်တည်ရမည် လား တွက်ချက်နေကြရပြီဖြစ်သည်။ ဆော်လမွန်ကျွန်းစုနိုင်ငံကဲ့သို့ တရုတ်ဘက် ဘက်ပြောင်းရပ်တည် သည့် နိုင်ငံငယ်များလည်း ထွက်ပေါ်လာနေပြီဖြစ်သည်။
တက်စ်မန်ပင်လယ်ပြင်တွင် တရုတ်ရေတပ်များ ပုံမှန် ဆက်လက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဦး မည်ဆိုလျှင် ၎င်း ဒေသတွင်းရှိ ရေကြောင်းဆိုင်ရာ အုပ်ချုပ်မှုစံနှုန်းများကို ပျက်ပြားစေမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအတွက်သာမက ကုန်သွယ်စီးပွားရှာ ရေကြောင်း သင်္ဘောခရီးစဉ်များ အတွက် ရွေးချယ်ရာ လမ်းများကို ထည့်သွင်းစဉ်းစားကြရတော့မည်မှာ မလွဲပေ။ ဩစတြေးလျနှင့် နယူးဇီလန်တို့ မိမိတို့ ပိုင်နက်အနီး မဟာမိတ်များနှင့် ပိုမိုအားကောင်းသော ရေကြောင်း ပူးပေါင်းကင်း လှည့်မှုများ၊ အကာအကွယ်များပြုလုပ်ထားရေး ပိုမို စဉ်းစားလာရပြီဖြစ်သည်။ ထိုသို့သော အခြေအနေများသည် မဟာဗျူဟာကျသော တွက်ချက်မှု အလွဲအမှားများကိုလည်း ပိုမို ဖြစ်တည်စေ နိုင်သည့်အတွက် အန္တရာယ်များလာခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ မျှတမှုနှင့် ဗျူဟာမြောက် တန်ပြန်နိုင်ရန် လိုအပ်မှု
တရုတ်၏ တက်စ်မန်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုအပေါ် နိုင်ငံတကာမှ စိုးရိမ်ပူပန်ကြောင်း ရှုတ်ချ တောင်းဆိုမှုများကို တရုတ်ဘက်မှ မည်သည့် နိုင်ငံတကာစည်းမျဉ်းဥပဒေကိုမှ မချိုးဖောက်၊ ပုံမှန် အလှည့်ကျ စစ်ရေးလေ့ကျင့်မှု ဖြစ်စဉ်တစ်ရပ်မျှသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ သို့သော် အဆိုပါ တုံ့ပြန်မှုတွင် ပထဝီနိုင်ငံရေးဆိုင်ရာ နယ်မြေသက်ရောက်မှု ပြဿနာများပိုမို ကျယ်ပြန့်လာခြင်းကိုမူ မသိကျိုးကျွံ ဆိတ်ဆိတ်နေသည်။ အလှည့်ကျ၊ သမားရိုးကျ ဟုတ်သည်မဟုတ်သည် အပထား။ တရုတ် ၏ သမိုင်းစဉ်ဆက် သွားခဲ့သော ပင်လယ်ပြင်တွင် ရေတပ်အင်အား ထားရှိခြင်းက တိုက်ဆိုင်မှုဟု ပြောမရနိုင်ကြောင်းမှာ သေချာလွန်နေသည်။
တရုတ်သည် တခြားသော ပင်လယ်ရေကြောင်း ပိုင်နက်များတွင်လည်း အငြင်းပွားဖွယ်ရာ လုပ်ရပ်များ ဆက်တိုက်လုပ်ဆောင်နေသည်။ တောင်တရုတ်ပင်လယ်တွင် စစ်ရေးအင်အားပိုမို စေလွှတ်ကာ မဟာ ဗျူဟာကျ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများရရှိရန် နည်းပေါင်းစုံဖြင့် စည်းရုံးနေခြင်းက အတိတ်တွင်သာမက လက်ရှိထိပါ ရှိနေသောကြောင့် တက်စ်မန်ပင်လယ်တွင် စစ်ရေးလာရောက် လေ့ကျင့်ခြင်းသည် ယခုတစ်ကြိမ်တည် လေ့ကျင့်ခြင်းမျိုး မဖြစ်နိုင်ပေ။ တောင် ပစိဖိတ်ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးကို ရည်ရွယ်ချက်ရှိစွာ နှစ်ရှည်စီမံကိန်းချခြင်း၏ အစသာလျှင် ဖြစ် သည်။ နောင်တွင် တရုတ်တပ်များ တက်စ်မန်ပင်လယ်တွင် အခြေစိုက်ခြင်းက ထွေထူးသည့် ကိစ္စ မဟုတ်ဟု အများမြင်သိနိုင်စေရေး ခြေလှမ်းအစသာဖြစ်တော့သည်။
အနောက်အင်အားစုများ စိုးမိုးထား၊ လွှမ်းမိုးထားသည်မှာ သမိုင်းနှင့်ချီရှိနေသည့် တက်စ်မန်ပင်လယ်၊ ဩစတြေးလျနှင့်နယူးဇီလန်ပိုင်နက်အနီး အာဏာလွှမ်းခြုံနိုင်စေရေး၊ အဆိုပါဒေသ ရှိရင်းစွဲ လုံခြုံရေး စနစ်ပျက်ပြားစေရေး ဦးတည်လုပ်ဆောင်နေသော တရုတ်ကြောင့် ပစိဖိတ်နိုင်ငံများ မရေရာသော မဟာဗျူဟာကို လက်ကိုင်ထားနေရသည့် အခြေအနေရောက်စေရန် ဖိအားပေး ခြိမ်းခြောက်လာနိုင်ခဲ့ပြီဖြစ်သည်။
နယူးဇီလန်၊ ဩစတြေးလျနှင့် အနောက်မဟာမိတ်များ လက်ရှိ တရုတ်လုပ်ရပ်အပေါ် တုံ့ပြန် ကန့်ကွက် ထားကြသည်ဆိုရုံနှင့်မရတော့ဘဲ အရာရာကို သတိကြီးစွာ ချိန်ညှိရတော့မည်ဖြစ်သည်။ ကာကွယ်ရေး အမြင်ဖြင့် ရေတပ်ပူးပေါင်းကင်းလှည့်မှုများသက်သက် ပြုလုပ်ခြင်းက ပိုမိုတင်းမာစေသော အခင်း အကျင်းကို ဖြစ်စေသည်မှ လွဲ အကျိုးမထူးနိုင်ပေ။ တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို တန်ပြန် ချိန်ညှိ တွန်းလှန်ရေးတွင် သံတမန်ရေးရာ စေ့စပ်မှုများ၊ ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက် မှုများ၊ မဟာဗျူဟာကျ စီးပွားရေး ကူးလူးဆက်ဆံမှု မူဘောင်သစ်များ ချမှတ်အကောင်အထည်ဖော် နိုင်ရေး မဖြစ်မနေ လုပ်ဆောင်ကြရတော့မည်ဖြစ်သည်။
တရုတ်သည် ၎င်းတို့၏ ရေတပ် ပျံ့နှံ့ရောက်ရှိနိုင်စွမ်းကို ဆက်လက် စမ်းသပ် ရှေ့တိုးလာနေခြင်းဖြစ် သည်။ တောင်ပစိဖိတ်ဒေသသည် တရုတ်ကြောင့်ပင် ရေကြောင်းစိုးမိုးရေးဆိုင်ရာယှဉ်ပြိုင်မှုကြီး၌ အရေးပါသော ကဏ္ဍတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။ အဆိုပါ ဒေသတွင် တည်ငြိမ်သော လုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှု ဆက်လက်တည်ရှိနေမည်လား၊ ကမ္ဘာ့ဘက်စုံ အမိန့်များစွာ တိုးသထက်တိုးလာ မည်လား၊ ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များ တရုတ်၏ အခိုင်အမာ နယ်ချဲ့လာမည့် ရေကြောင်း မဟာဗျူဟာအတွက် မည်သို့ ဖြေရှင်းကြမည်ဆိုခြင်းက ပြဿနာဖြေရှင်းနိုင်ရေးတွင် အဓိက မူတည် နေပါတော့သည်။
Ratish Mehta,
[email protected]
Reserch Associate at Organisation for Research on China and Asia (ORCA)
#MeKongNews








