~ မြူနှင်း ~
ရှေ့တန်းစစ်မြေပြင်သို့ ပထမဆုံးအကြိမ် လိုက်ဖူးသည့် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးက ဒဏ်ရာရ ရဲဘော်တစ်ဦးကို ကျည်လွတ်မြေသို့ ကယ်ထုတ်လိုက်နိုင်သည်။
စက်သေနတ်သံ၊ လက်နက်ကြီးသံ၊ လေယာဥ်သံများအပြင် တိုက်ပွဲအတွင်း ရဲဘော်များ၏ ညာပေးသံများ၊ ထိုထိုသော ဝရုန်းသုန်းကား ဆူညံသံများကြားမှ ကယ်ထုတ်ခဲ့သည့် ရဲဘော်က သူ့အား စကားတစ်ခွန်း လှမ်းပြောလိုက်သည်ကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။
“ဆရာမ ကျေးဇူးနော်”
ထိုစကားသည် သူ့နှလုံးသားသို့ တည့်တည့်ထိုးဖောက်သွားသည့် ကျည်ဆန်ဖြစ်လာခဲ့သည်။ ဤသို့ကြောင့်ပင် စစ်မြေပြင်၌ ရဲဘော်များအား ကူညီကယ်ဆယ်ရေး ဆက်လုပ်ရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။ သူကယ်တင်လိုက်သည့် ရဲဘော်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) မှ ခြေထောက်ထိထားသည့် ရဲဘော်ဖြစ်သည်။
တိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ရှမ်း-ကယားနယ်စပ်၌ စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များကြား သုံးလကျော်ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲအတွင်း ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်။
ထိုသို့ ကယ်တင်လိုက်သူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ (SSRY) အဖွဲ့မှ ဆယ်ကျော်သက် ကူညီကယ်ဆယ်ရေးခေါင်းဆောင် ရဲမေအားယွမ်း ဖြစ်သည်။ အားယွမ်းသည် ရှမ်းပြည်တောင်ပိုင်း ဇာတိဖြစ်ပြီး အင်းတိုင်းရင်းသူပါ။
အားယွမ်အမည်သည်လည်း တော်လှန်ရေး အမည်သာဖြစ်သည်။ သူဟာ ဒီတော်လှန်ရေးအဖွဲ့သို့ မရောက်မီက စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ဆယ်ကျော်သက် လူငယ်တစ်ဦးပါ။
ငြိမ်းချမ်းစွာဆန္ဒပြရင်း သူငယ်ချင်းဖြစ်သူ သူ့မျက်စိရှေ့မှာပင် ပစ်သတ်ခံလိုက်ရချိန် တော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဘောလုံးကန်ခြင်းနှင့် Dancer ကို ဝါဿနာထုံသည့် ဆယ်ကျော်သက် မိန်းကလေးသည် တော်လှန်ရေးအဖွဲ့သို့ ရောက်ရှိချိန် ရဲဘော်အားယွမ်း ဟု အမည်တွင် သွားသည်။
တရုတ်ဇာတ်လမ်းများကို ကြိုက်နှစ်သက်ပြီး ထိုရုပ်ရှင်များထဲမှ အားယွမ်းဆိုသည့် ဇာတ်ကောင်အမည်ကို သဘောကျနှစ်ခြိုက်သောကြောင့် သူ၏ တော်လှန်ရေးရဲဘော်နာမည်အား အားယွမ်းဟုသာ ခေါ်တွင်စေခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သော်လည်း သူသည် လက်နက်ကိုင် တိုက်ခိုက်ချင်သူတော့ မဟုတ်။ လက်နက်မကိုင်ချင်သော်လည်း ရှေ့တန်းတွင် ရဲဘော်များနှင့်အတူ နီးနီးကပ်ကပ်လည်း ရှိချင်နေပြန်သည်။
ထို့ကြောင့် ရှေ့တန်းစစ်မြေပြင်၌ ရဲဘော်များနှင့်အတူ ရှိနေမည့် ကူညီကယ်ဆယ်ရေး (ကူ/ကယ်) အလုပ်က သူ့ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
SSRY တော်လှန်ရေးအဖွဲ့သို့ ရောက်ရှိချိန် အသက်ငယ်သေးသည့် အားယွမ်ကို SSRY က ရှေ့တန်းသို့ လိုက်ခွင့်မပေးပါ။ နောက်တန်းတွင်သာ သင်တန်းများ တက်ရောက်ခွင့်သာပြုသည်။ သင်တန်းပေါင်းစုံ ၇ ခု တက်ရောက်ပြီးနောက် ၈ ခုမြောက်ကို Free Burma Ranger တွင် တက်ရောက်ခဲ့ရသည်။
၂ နှစ်ခန့် သင်တန်းတက်ရောက်ပြီးနောက် ရဲမေအားယွမ်းသည် ရှေ့တန်းသို့ လိုက်ပါခွင့် ရခဲ့သည်။ ရှေ့တန်းသို့ လိုက်ပါခွင့် ရသည့်အချိန် ကျည်ဆန်၊ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြား သွေးသံရဲရဲနှင့် ရဲဘော်များအား မြင်တွေ့ချိန်တွင် ဒီအလုပ်ကို ပိုအားစိုက် လုပ်ကိုင်ရန် တွန်းအားပေးနေသည်ဟု သူက ဆိုသည်။
၂၀၂၃ ခုနှစ်၊ ရှမ်းကယားနယ်စပ် တောင်စလုံးတိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီတပ်နှင့် နီးနီးကပ်ကပ် ရင်ဆိုင်တွေ့ခဲ့သည့် ဖြစ်ရပ်ကလည်း အားယွမ်းအတွက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲ ပြင်းထန်ချိန်က လူနာများကို မြေပြင်တွင် ကူညီရင်း စစ်ကောင်စီတပ်များနှင့် အနီးကပ်တွေ့ခဲ့ရသည်။
“အဲ့ကောင်မကို အရှင်ဖမ်း၊ မုဒိမ်းကျင့်မယ် ဆိုတဲ့ သူတို့ (စစ်ကောင်စီတပ်) ပြောတဲ့ အသံပါ ကြားရတဲ့အထိ နီးကပ်ခဲ့တာ”
ထိုအချိန်တွင် ဒဏ်ရာရရဲဘော်ဆီမှ သေနတ်ယူပြီး ပြန်လည်ခုခံခဲ့သည်ဟု အားယွမ်း က ပြန်ပြောပြသည်။
“ အရမ်းနီးနီး ရောက်လာရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ်၊ သေနတ်လည်း ရှိနေတာလေ” ဟု စစ်ကောင်စီလက်ထဲ အဖမ်းမခံနိုင်သည့်အကြောင်း သူက ရယ်မောရင်း ပြန်ပြောပြသည်။

ထိုတိုက်ပွဲများသည် ရှမ်းကယားနယ်စပ် တောင်မဲသင်း၊ လယ်ကြား၊ လုံးပြင်၊ နန်းနိမ်၊ စလုံးမြောက်ရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတပ်ဖြန့်ခဲ့ပြီး လွယ်ဝှဲ၊ လွယ်လုံ၊ စက်တော်၊ လတူးရွာများတွင် စစ်ကောင်စီတပ်က ထိန်းချုပ်ရန် ကြိုးစားလာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် လနှင့်ချီတိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။
လနှင့်ချီကြာမြင့်ခဲ့သည့် ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့သလို လက်နက်ခဲယမ်းများအား KNDF က သိမ်းမိခဲ့သည်။ KNDF ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့သလို ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်တော်လှန်ရေးအဖွဲ့များဘက်မှလည်း ကျဆုံးမှုများ ရှိခဲ့သည်။ နေအိမ် ၂၀၀ ကျော်လည်း ပျက်စီးခဲ့သည်။
ရှေ့တန်းစစ်မျက်နှာပြင်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့်လည်း တိုက်ပွဲအတွင်း ကူညီကယ်ဆယ်ရေး မည်မျှအရေးကြီးသည်ကို အားယွမ်း ပိုသိလာခဲ့ရသည်။
သွေးအလိမ်းလိမ်းနှင့် ပေနေသည့် ရှေ့တန်းစစ်မျက်နှာပြင်ကို မကြောက်သော်လည်း ပြန်လည်ခုခံရန် ခက်ခဲသည့် လေကြောင်းတိုက်ခိုက်မှုများကိုတော့ စိုးရိမ်သည်ဟု သူက ပြောသည်။ လေယာဥ်နှင့် မကြာခဏ ပစ်ခတ်ခံရသည့်အတွက် လေယာဥ်သံကြားလျှင် ကြောက်နေရသည့်စိတ် အားယွမ်းနှင့် ရှေ့တန်းရဲဘော်များတွင် စွဲကပ်လာသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ၊ သင်္ကြန်အကြိုနေ့က ကရင်နီပြည်၊ ဖားဆောင်းရှေ့တန်းတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် သူငယ်ချင်းဖြစ်သူ ကျဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက်ကလည်း အားယွမ်း၏ စိတ်ကို အနာပေါ် အနာထပ်စေခဲ့ရသည်။
ထို စိတ်ထိခိုက်စရာ အဖြစ်အပျက်ပြီးနောက် ၆ လခန့်အကြာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၁၀၀၈ တပ်ရင်းမှ သူငယ်ချင်းရဲဘော်တစ်ဦး မိုင်းနင်းမိချိန်ကလည်း အားယွမ်းစိတ်ကို ထိခိုက်စေခဲ့ပြန်သည်။ သွေးအလိမ်းလိမ်းနှင့် သူငယ်ချင်းရဲဘော်အားကြည့်ပြီး အားပေးစကားပြောခဲ့ရသော်လည်း ကွယ်ရာမှာ ငိုကြွေးခဲ့ရသေးသည်။
စစ်၏အနိဌာရုံများက အားယွမ်းကို စိတ်ညစ်ခြင်း၊ စိတ်ခြောက်ခြားခြင်း၊ ဝမ်းနည်းခြင်း၊ ပူးဆွေးခြင်းများကို ကြုံတွေ့စေခဲ့ရသည်။ ထို့အပြင် အမျိုးသမီးရဲဘော်ဖြစ်သည့်အလျှောက် အားယွမ်းအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုက ရှိနေသေးသည်။
လစဥ် အမျိုးသမီး ဓမ္မတာလာခြင်းဖြစ်သည်။ ရှေ့တန်းသို့ သွားရမည့်အချိန်နှင့် ဓမ္မတာလာသည့်အချိန် တိုက်ဆိုင်ခဲ့လျှင် ခရီးကြမ်းလွန်းသဖြင့် ရာသီသွေးရပ်တန့်သွားတာမျိုးလည်း ကြုံတွေ့ရသည်။ ထိုကြမ်းတမ်းသည့် နေ့ရက်များအား အားယွမ်းတစ်ယောက် ကောင်းစွာကျော်ဖြတ်နိုင်ခဲ့ပါသည်။
ထို့သို့သော အခက်အခဲများကို ကျော်ဖြတ်ပြီးနောက် ရှေ့တန်းတိုက်ပွဲ အကြိမ် ၃၀ ခန့် အတွေအကြုံရှိလာသည့် သူဟာ Free Ranger Burma အဖွဲ့၏ အဆင့်မြင့် ဆေးပညာသင်တန်းများလည်း တက်ရောက်ခဲ့ပြီးနောက် ရဲဘော်သစ်များအား ပြန်လည်ပို့ချနေပြီ ဖြစ်သည်။
ထိုအဖွဲ့မှ စစ်ပညာများအပြင် မြင်းစီးခြင်း၊ ဆေးပညာရပ်၊ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုများကို ၂ နှစ်ကြာ သင်ယူခဲ့ပြီးမှ သင်တန်းဆရာပြန်ဖြစ်တာပါ။
အင်းတိုင်းရင်းသူ ရဲမေအားယွမ် တာဝန်ထမ်းဆောင်နေသည့် SSRY အဖွဲ့သည် ယခင်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်ခံ တပ်ရင်း (၁၀၀၈) အဖြစ် ရပ်တည်ခဲ့တာပါ။
လက်ရှိအချိန်တွင် MoD လက်အောက်မှ ခွဲထွက်ပြီး ရှမ်းပြည်တောင်ပိုင်း အခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည်။
SSRY အဖွဲ့တွင် ရဲရင့်ထက်မြက်သည့် သူ့အား တပ်ရင်းရဲဘော်များက ခွဲခြားဆက်ဆံမှုများ မရှိခြင်းကလည်း သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ဖြစ်စေခဲ့သည်ဟု ဆိုသည်။
ယုတ်မာဆိုးရွားလှသည့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် အမျိုးသမီးငယ်များစွာ တော်လှန်ရေးအဖွဲ့များတွင် ရှိကြသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တော်လှန်ရေးအောင်မြင်ခဲ့ပါလျှင် ရဲမေအားယွမ်း လုပ်ချင်သည့် ဆန္ဒကို သူက ယခုလို ပြောပြသည်။
“တော်လှန်ရေးပြီးရင် ပြန်လည်ထူထောင်ရေးမှာကူချင်တယ်၊ ပြီးရင်ခရီးသွားချင်တယ်ပေါ့နော်။ တကယ်လို့ တာဝန်ပြန်ထမ်းဆောင်ဖို့ လိုအပ်တယ်ဆိုရင် တာဝန်ပြန်ထမ်းဆောင်ဖို့အသင့်ပါပဲ”
#MeKongNews
#ဆောင်းပါး
#အင်းတိုင်းရင်းသူ
#အားယွမ်း
#ကူကယ်ခေါင်းဆောင်
#ရှမ်းတောင်
#တော်လှန်ရေး
#စစ်ကောင်စီ










