ဆောင်းပါး

ရန်ကုန်မြို့က စစ်ရှောင်များ.. (ဆောင်းပါး)

မဲခေါင် 23 Feb - 2025
နွေနေ ကျောက်မြောင်း ကျားကွက်သစ်လမ်းပေါ်က စားနေကျ ရာမောင်သား(မင်းပြား) ရခိုင်ထမင်းဆိုင်ရှေ့မှာ ကားကိုရပ်လိုက်တော့ လမ်းဘေးမှာ ကွမ်းယာဆိုင်သစ်တဆိုင်။ “မမဲချေ ကွမ်းယာ” တဲ့။ အရင်က ဒီဆိုင် မတွေ့မိပါဘူး။ မှတ်မှတ်ရရ ဒီနေရာမှာ လွန်ခဲ့တဲ့ ခြောက်လလောက်က ခုလိုပဲ ကွမ်းယာဆိုင်တဆိုင် ရှိခဲ့ဖူးတယ်။ စိတ်တိုင်းကျ ကွမ်းယာဆိုင် ဆိုလားပဲ။ ခုလိုပဲ ဗီနိုင်းပေါ်မှာ စာလုံးကြီးတွေ ရေးထားတယ်။ သုံးပေ အကျယ်၊ လေးတိုင်စင်ကွမ်းယာဆိုင်ရှင်က အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦး။ ကြည့်ရတာ မျက်နှာသစ်။ ကျောက်မြောင်းရပ်ကွက်ထဲက ပုံစံမဟုတ်။ စပ်စုကြည့်တော့ လားရှိုးမြို့နယ်ထဲက ရွာတရွာက ဒီကို ရွှေ့လာကြတာတဲ့။ ဟိုမှာလည်း လယ်ပိုင်၊ ခြံပိုင် မရှိတော့ အန္တရာယ်ကင်းမယ်ထင်တဲ့ ရန်ကုန်ကို

နွေနေ

ကျောက်မြောင်း ကျားကွက်သစ်လမ်းပေါ်က စားနေကျ ရာမောင်သား(မင်းပြား) ရခိုင်ထမင်းဆိုင်ရှေ့မှာ ကားကိုရပ်လိုက်တော့ လမ်းဘေးမှာ ကွမ်းယာဆိုင်သစ်တဆိုင်။ “မမဲချေ ကွမ်းယာ” တဲ့။ အရင်က ဒီဆိုင် မတွေ့မိပါဘူး။ မှတ်မှတ်ရရ ဒီနေရာမှာ လွန်ခဲ့တဲ့ ခြောက်လလောက်က ခုလိုပဲ ကွမ်းယာဆိုင်တဆိုင် ရှိခဲ့ဖူးတယ်။ စိတ်တိုင်းကျ ကွမ်းယာဆိုင် ဆိုလားပဲ။ ခုလိုပဲ ဗီနိုင်းပေါ်မှာ စာလုံးကြီးတွေ ရေးထားတယ်။ သုံးပေ အကျယ်၊ လေးတိုင်စင်ကွမ်းယာဆိုင်ရှင်က အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦး။ ကြည့်ရတာ မျက်နှာသစ်။ ကျောက်မြောင်းရပ်ကွက်ထဲက ပုံစံမဟုတ်။ စပ်စုကြည့်တော့ လားရှိုးမြို့နယ်ထဲက ရွာတရွာက ဒီကို ရွှေ့လာကြတာတဲ့။ ဟိုမှာလည်း လယ်ပိုင်၊ ခြံပိုင် မရှိတော့ အန္တရာယ်ကင်းမယ်ထင်တဲ့ ရန်ကုန်ကို မိသားစုလိုက် ပြောင်းလာကြတာတဲ့။ ကလေးနှစ်ယောက်၊ အမေအိုတစ်ယောက် ပါလာတယ်။ ဘာလုပ်စားရမှန်းမသိလို့ ကွမ်းယာရောင်းဖို့ အကြံရတာနဲ့ ရောင်းရတာပါတဲ့။ အဲဒီ အမျိူးသမီး နဲ့ သူ့ကွမ်းယာဆိုင်လေး ပျောက်သွားတာ ခြောက်လလောက် ရှိရော့မယ်။ သူတို့ရောက်လာချိန်က ရှမ်းပြည်နယ်၊ လားရှိုးမှာ တိုက်ပွဲကြီးတွေ ဖြစ်နေချိန်။ အနယ်နယ်အရပ်ရပ်ကို စစ်ရှောင်ထွက်ပြေးကြသူတွေထဲမှာ ဒီအမျိုးသမီးမိသားစုလည်း ပါခဲ့တယ်။ ခုတော့ သူတို့ ဘယ်ကို ရောက်သွားကြပြီလဲ မသိ။

ဟော သူ့နေရာမှာ ” မမဲချေ ကွမ်းယာဆိုင်” ဆိုပြီး နောက်တဆိုင် ရောက်လာပြန်ပြီ။ ဆိုင်ရှင်အမျိုးသမီးကလည်း မျက်နှာသစ်။ ဆိုင်ကလည်းအသစ်။ ဆိုင်းဘုတ်ကလည်း အသစ်။

ကျောက်မြောင်းက ဒီတစ်နှစ်အတွင်း အတော်ပြောင်းလဲသွားတယ်။ လူတွေ ပိုစည်ကားလာတယ်။ လမ်းဘေးဈေးဆိုင်လေးတွေ ပိုများလာတယ်။ အမှုမဲ့ အမှတ်မဲ့နေရင်းက ကျောက်မြောင်း၊ သတိပဌာန်၊ ကျားကွက်သစ်၊ အာသောက၊ ဓမ္မဝိဟာရ၊ မလွှကုန်း၊ မြို့သစ်တကျော မှာ ရခိုင်အစားအစာဆိုင်သစ်တွေ တိုးပွားလာသလို ရခိုင်ပြည်နယ်က ပြောင်းရွှေ့လာသူတွေလည်း သိသိသာသာ များလာတယ်။ လမ်းပေါ်လျှောက်သွားရင် ဖြတ်လျှောက်သွားကြတဲ့ မိန်းကလေးတွေဆီက ရခိုင်စကားသံတွေ ကြားရတယ်။ မေးစရာမလိုဘဲ ရခိုင်တွေလို့ သိလိုက်ရတယ်။ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်ဝိုင်းတွေမှာလည်း ရခိုင်စကားသံတွေ လွှမ်းမိုးနေတတ်တယ်။ ရခိုင်မုန့်တီဆိုင်၊ ရခိုင်ထမင်းဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင်၊ ကဘားဆိုင်လို့ခေါ်တဲ့ ရခိုင်ခေါက်ဆွဲကြော်ဆိုင်တွေလည်း ကျောက်မြောင်းတကျောမှာ လက်ညှိုးထိုးမလွဲ တွေ့လာရတယ်။

ရာမောင်သား(မင်းပြား) ထမင်းဆိုင်ကတော့ သက်တမ်းကြာပါပြီ။ ကျောင်မြောင်းတခွင်မှာက နဂိုကတည်းက ရခိုင်လူမျိုးတွေရဲ့ ပန်းထိမ်လုပ်ငန်းတွေ ရှိပြီး ရခိုင်တွေနေကြတာပါ။ ခု ရခိုင်ပြည်မှာ စစ်ဖြစ်တော့ ရခိုင်တပြည်လုံးက (တတ်နိုင်သူတွေ) ရန်ကုန်ကို စစ်ရှောင်လာကြရင်း ဒီကျောက်မြောင်းမှာ လူတွေ ပိုများလာခဲ့တာပါ။

“ကျမတို့ ကျောက်မြောင်းက ‘စစ်တွေ’ ဖြစ်သွားပြီ” လို့ ရာမောင်သားထမင်းဆိုင်ရှင် အမျိုးသမီးက ပြောတယ်။

“အိုး.. မနက် မနက် ကျမ ဈေးသွားရင် စစ်တွေကလူတွေ အများကြီးတွေ့တယ်။ ရခိုင်လိုပဲ ပြောနေကြတယ်။ ဒီကျောက်မြောင်းမှာ စစ်တွေကလူတွေ အများဆုံးနေတယ်”

“စစ်က တစ်နှစ်ကျော် ကြာလာပြီဆိုတော့ တချို့လည်း ရောက်ခါစတုန်းကလို မျက်နှာ မသာယာတော့ဘူး။ တစ်နှစ်လောက် ဘာအလုပ်မှ မလုပ်ရဘဲ ထိုင်စားရတော့ ကုန်လာပြီလေ။ တချို့ကတော့ ဈေးဆိုင်ကလေးဖွင့် တဝမ်းတခါး ရှာစားကြတာပေါ့”

ကျောက်မြောင်းဓမ္မဝိဟာရထိပ်မှာ မင်းလမ်းမုန့်တီဆိုင်ရှိသလို စစ်တွေ RV စားသောက်ဆိုင်လည်း ရှိတယ်။ ကျောက်မြောင်းဟာ တကယ်ပဲ စစ်တွေ တစိပ်တပိုင်းဖြစ်လာတယ်။ ရခိုင်စကားသံတွေဟာ ကျောက်မြောင်းလမ်းတွေပေါ်မှာ လွင့်ပျံနေတယ်။

အားလုံးကတော့ အေးအေးချမ်းချမ်းပါပဲ။ ရန်ကုန်ကို သူတို့ပြောင်းရွှေ့လာကြတော့လည်း ရန်ကုန်သားတွေနဲ့ ရောသွားတာပါပဲ။ ရခိုင် နဲ့ မြန်မာက စကားသံကွဲတာကလွဲပြီး တချို့စကားလုံးတွေက နားလည်လို့ရအောင် တူတယ်လေ။

ရန်ကုန်မြို့က ရခိုင်လူမျိုးတစ်မျိုးတည်း လာရောက်ခိုလှုံနေကြတာတော့မဟုတ်ပါဘူး။ ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ လူမျိုးစုံ တိုင်းရင်းသားစုံ။ ရွှေလားရှိုး၊ လားရှိုးလေး၊ မောရွှေလီ၊ ရှမ်းစားသောက်ဆိုင်တွေ၊ ရှမ်းခေါက်ဆွဲဆိုင်တွေလည်း ရန်ကုန်အနှံ့မှာ လက်ညှီုးထိုးမလွဲ။ ကယန်းအစားအစာဆိုင်တွေ၊ ချင်းရိုးရာ ဆာဗူးသီးဆိုင်အသစ်တွေလည်း အများကြီးပဲ။ စစ်တမ်းအရ စနစ်တကျ စာရင်းကောက်ခံထားတာ မရှိပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်လူဦးရေက သိသိသာသာ တိုးပွားလာတယ်။ စစ်ကောင်စီက တပြည်လုံး သန်းခေါင်စာရင်းကောက်ယူတယ်ဆိုပေမယ့် ရန်ကုန်မြို့မှာတောင် တချို့ရပ်ကွက်တွေ တကယ်လာကောက်မသွားခဲ့ဘူး။ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေးရုံးရဲ့ UNOCHA ရဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁၇၅၀၀၀ ရှိတယ်လို့ဆိုတယ်။ ဒါလည်း တိကျတဲ့ ကိန်းဂဏန်းတော့ ဖြစ်နိုင်ဖွယ်မရှိဘူး။

စစ်အာဏာသိမ်းပြီးနောက် တပြည်လုံးမှာ နေရပ်စွန့်ခွါထွက်ပြေးနေရသူပေါင်း ၂.၈ သန်း ရှိတယ်လို့ ဖော်ပြထားတယ်။ လက်တွေ့မြေပြင်အခြေအနေမှာ ဒီ့ထက်မက များနိုင်တယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို မောင်းထုတ်တာအပြင် ဖိနှိပ်မှုအမျိုးမျိုးကြောင့် နေရပ်စွန့်ခွါထွက်ပြေးရသူတွေ ရှိခဲ့တယ်။ Internal displaced လို့ ခေါ်တဲ့ ပြည်တွင်းမှာပဲ ဒေသမျိုးစုံ၊ နေရာမျိုးစုံမှာ စစ်ရှောင်နေကြရသူတွေအပြင် ပြည်ပကို ထွက်ခွါသွားကြသူတွေလည်း အာဏာသိမ်း(၄)နှစ်ကာလမှာ အမြောက်အများရှိခဲ့တယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ စစ်မှုမထမ်း မနေရ တဖက်သတ်အမိန့်အာဏာကြောင့် လူငယ်လူရွယ်အမြောက်အများ ပြည်ပကို တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်။

လေးနှစ်တာ စစ်အာဏာသိမ်းအကျိုးဆက်အဖြစ် လက်ရှိအချိန်မှာ ပြည်ပနိုင်ငံအသီးသီးကို ပျံ့နှံ့ရောက်ရှိသူတဲ့ မျိုးဆက်သစ်လူငယ်အရေအတွက်ဟာ မခန့်မှန်းနိုင်အောင် ရှိခဲ့တယ်။ အထူးသဖြင့်တော့ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ အများဆုံးဖြစ်ပြီး ကိုးရီးယား၊ဂျပန်၊ အမေရိကန်၊ ကာတာ၊ ယူအေအီး စတဲ့ နိုင်ငံပေါင်းစုံကို နိုင်ငံရဲ့ အထားရတဲ့ လူသားအရင်းအမြစ်တွေ လွင့်စင်ရောက်ရှိသွားခဲ့တယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်ခွါ စစ်ဘေးမရှောင်နိုင်ကြသူတွေဟာ လတ်တလောအခြေအနေမှာ လွတ်မြောက်နယ်မြေအဖြစ် ကျန်ရှိနေသေးတဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်အနီးတဝိုက်ကို လာရောက်ခိုလှုံနေကြရတယ်။

ရန်ကုန်ကို လာရောက်ခိုလှုံ စစ်ရှောင်ကြသူတွေထဲမှာ စစ်ကိုင်းတိုင်း၊ မုံရွာဒေသခံတွေလည်း ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယား နဲ့ ချင်းပြည်နယ်က လာသူတွေလည်း ရှိတယ်။ များသောအားဖြင့်တော့ သူတို့ဒေသမှာ ထိုက်သင့်သလောက် ငွေကြေးဥစ္စာ ရှိကြသူတွေဖြစ်တယ်။ ရန်ကုန်ကို စစ်ရှောင် အခြေချဖို့ဆိုတာ တော်ရုံအနေအထားနဲ့တော့ မလွယ်ကူလှဘူး။

စစ်က လေးနှစ်သက်တမ်းထဲ ဝင်လာပြီဖြစ်တယ်။ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းအထက်ပိုင်း၊ မကွေး၊ မန္တလေးတစိပ်တပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ ကွက်ကွက်ကလေးသာ လွတ်မြောက်နယ်မြေအဖြစ် ကျန်တော့တယ်။ စစ်က ဒီဒေသတွေကိုတော့ တိတိပပ ရောက်မလာသေးဘူး။ ဒီတော့ ဒီဒေသမှာ လတ်တလောအခြေအနေက သာသာယာယာပါ။ ဘုရားပွဲ နဲ့ စတိတ်ရှိုး နဲ့ စစ်မဖြစ်ဘဲ ငြိမ်းချမ်းနေသယောင်ယောင်။ လက်ရှိအနေအထားက ဒီအတိုင်းဖြစ်နေတယ်။ စစ်ပွဲရဲ့ အရွေ့ဟာ ယာယီရပ်တန့်နေသယောင်ရှိတယ်။

သူတပါးပြည်တွင်းရေး ဝင်မစွက်ပါဘူးဆိုတဲ့ တရုတ်က ရုပ်သေးကြိုးဆွဲလုပ်ပြီး ကိုးကန့် MNDAA ကို အတင်းအကျပ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးစေခဲ့တယ်။ ညီနောင်သုံးဖွဲ့ထဲက တဖွဲ့ကို ဖဲ့ထုတ်လိုက်တယ်။ ဒီရက်ထဲ TNLA ပလောင်အဖွဲ့နဲ့ ကူမင်းမှာ စကားပြောနေပြီး ကိုးကန့်အဖွဲ့လို အတင်းအကျပ် လက်မှတ်ရေးထိုးစေပြီး မြောက်ပိုင်း နှစ်ဖွဲ့စလုံး ကို ကျောသပ်ဖို့ဘကြိုးစားနေတယ်။ တရုတ်က မြောက်ပိုင်း နဲ့ အရှေ့ပိုင်း ငြိမ်သက်ငြိမ်းချမ်းရေးအဓိကပဲ။ ဒီနှစ်ဖွဲ့ ငြိမ်သွားရင် ရခိုင်မှာ အာရက္ခတပ်တော် AA သာ ကျန်တော့မယ်။ လက်ရှိ အခင်းအကျင်းဟာ မပြီးဆုံးသေးသော စစ်ပွဲပါ။

ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်ကို ကူးစက်လာတော့ အင်္ဂလိပ်လက်အောက် မြန်မာနိုင်ငံသားတွေ စစ်ရှောင်ကြရတယ်။ ဂျပန်တွေ ဝင်လာတော့ စစ်ပြေးအဖြစ်နဲ့ လွတ်ရာကင်းရာဒေသတွေကို ပြေးကြရတယ်။ ဂျပန်က ဗုံးကြဲလိုက်၊ အင်္ဂလိပ် နဲ့ မဟာမိတ်က ဗုံးကြဲလိုက် စစ်ရှောင်း ဗုံးမှန်လို့ သေကြရသူတွေလည်း မနည်းမနော။ ဆရာကြီး ရွှေဥဒေါင်းလည်း စစ်ရှောင်ခဲ့ရတာပဲ။ မန္တလေးကလူတွေက စစ်ကိုင်းဘက်က ချောင်တွေမှာ စစ်သွားရှောင်ကြရသတဲ့။ စာတွေထဲမှာ ဖတ်ရတယ်။ ဒုတိယကမ္ဘာစစ် ဂျပန်တွေသိမ်းပိုက်ထားတဲ့ မြန်မာပြည်စစ်မျက်နှာက (၁၉၄၂-၄၅) သုံးနှစ်ပဲကြာခဲ့တယ်။ အခု ရခိုင်ပြည်နယ်မှာ၊ ရှမ်းမြောက်မှာ၊ စစ်ကိုင်းမှာ၊ မုံရွာ၊ ကလေးဘက်မှာ ဗုံးတွေကြဲ အရပ်သားတွေ၊ ကလေးသူငယ်၊ အမျိုးသမီးတွေ သေကြရတာမြင်တော့ သမိုင်းထဲက ဂျပန်ခေတ် စစ်ရှောင်တွေကို မြင်ယောင်မိတယ်။

ခုချိန်ထိတော့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် ကွက်ကွက်လေးက စစ်ဘေးဒဏ်က လွတ်မြောက်နေသေးတယ်။ စစ်မဲ့ဇုန် ရန်ကုန်ဟာ စစ်ရှောင်တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်နေတယ်။ ရန်ကုန်မှာ ဘယ်တိုင်းရင်းသား၊ ဘာလူမျိုးရယ်လို့ ခွဲခြားမှုမရှိ၊ တစ်ရပ်ကွက်ထဲနေ၊ တဆိုင်ထဲစား၊ တဝိုင်းထဲသောက် ခင်ခင်မင်မင် ဆက်ဆံသွားလာနေတာတွေ့ရတယ်။ သူတို့ဒေသမှာ ဗုံးတွေကြဲလို့၊ စစ်ပွဲတွေဖြစ်လို့ သူတို့တတွေ ရန်ကုန်ကို စစ်ရှောင်လာကြတာပါ။ စစ်ပွဲတွေ ရပ်ဆိုင်းသွာတဲ့တနေ့မှာတော့ သူတို့တတွေ သူတို့နေရာဒေသကို ပြန်သွားကြပါလိမ့်မယ်။ ခုချိန်ထိတော့ ဒီစစ်ပွဲကြီးက မပြီးသေးပါ။ ဘယ်အချိန်ပြီးမလဲ။ ဘယ်လိုပြီးမလဲ ဆိုတာလည်း မခန့်မှန်းနိုင်သေးပါ။

#MeKongNews
#ဆောင်းပါး
#ရန်ကုန်
#စစ်ရှောင်
#ရခိုင်
#ရာမောင်သား
#မင်းပြား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now