~ လင်းမောင် ~
တရုတ်ဟာ သူတို့တင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ဆည်ကြီးပိုင်ဆိုင်ထားတဲ့ စံချိန်ကို ထပ်ချိုးပြီး နောက်ထပ် ပိုကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံး ဆည်ကြီးတည်ဆောက်ဖို့ စီစဉ်နေပါပြီ။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရတော့ တိဗက်ကုန်းပြင်မြင့် အရှေ့ဘက်ခြမ်းမှာ ဒီဆည်ကြီး တည်ဆောက်မှုက ဘင်္ဂလားဒေ့ရှ်လို ဒုက္ခသုက္ခတွေ စုဝေးရာ နိုင်ငံကို ပိုပြီး ပျက်စီးရာပျက်စီးကြောင်း ကပ်ဘေးဆိုက်စေပါတော့မယ်လို့ သိရတယ်။ ဒီဆည်ကြောင့် ဘင်္ဂလားဒေ့ရှ်က ယမုံနာမြစ်ဝှမ်းဒေသ မြေမျက်နှာသွင်ပြင်တွေဟာ ထပ်မံအသွင်ပြောင်းပြီး မိုးတွင်း ဆည်ကလွှတ်ထုတ်မယ့်ရေတွေဟာ ယမုံနာမြစ်ဝှမ်းဒေသတစ်လျှောက် ရေကြီးရေလွှမ်းမိုးမှု ဒဏ်တွေ ခါးစည်းခံရပါ တော့မယ်။
ခြောက်သွေရာသီတွေမှာတော့ တရုတ်က ဒီဆည်ကရေတွေကို မလွှတ်ပေးဘဲ ထားမှာဖြစ်လို့ မြစ်ဝှမ်းဒေသတစ်လျှောက် ပူပြင်းခြောက်သွေ့ခြင်း ကပ်ဘေးကို ခံစားကြရမှာပါ။ ဒီဂယက်က တစ်ခုတည်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ တခြားသော မြစ်ချောင်း၊ အင်းအိုင်တွေရဲ့ ပထဝီဝင်အနေအထားကိုပါ ပြောင်းလဲသွားစေမှာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်သေးဘဲ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ဆည်ကြီးတည်ဆောက်ခြင်းကနေ ငလျှင်ဒဏ် ပိုမိုခံစားရမယ့် စိုးရိမ်မှုတွေကို ဖြစ်တည်လာစေမှာပါ။
၁၇၈၇ ခုနှစ်က ငလျှင်ကြီးကြောင့် ယမုံနာမြစ်ဝမ်းလွင်ပြင်ရဲ့ မြေမျက်နှာသွင်ပြင်တွေ များစွာပြောင်းလဲခဲ့တာကို ပြန်အမှတ်ရ သတိပြုရမှာပါ။ ဒါလည်း ပေကျင်းချစ်သူ ကိုယ်ကျိုးရှာသမားတွေဟာ တရုတ်အစိုးရရဲ့ တိဗက်က ဆည်ကြီးတည်ဆောက်ရေးကို မသိကျိုးကျွံနှုတ်ဆိတ်နေကြပြီး တရုတ်အတွက် ပွဲစားတွေတောင် ဝင်လုပ်နေကြပါတယ်။ ဒါဟာ ပျက်စီးရင်းစွဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီး ပျက်စီးရာပျက်စီးကြောင်းဆီ ဆိုက်ရောက်မှာ သိသိကြီးနဲ့ ကိုယ်ကျိုးရှာ လော်ဘီလုပ်နေကြခြင်းဟာ ယမုံနာမြစ်ဝှမ်းလွင်ပြင်ကြီးကို ပျက်စီးစေဖို့ ဖြစ်လာတော့မှာပါ။
တရုတ်ဟာ တိဗက်ကုန်ပြင်မြင့် အရှေ့ဘက် ဂျီမာယောင်ဂျွန်း ရေခဲတောင်မှာ ဒီဆည်ကြီးကို စတင်ဆောက်လုပ်တော့မှာ ဖြစ်ပါတယ်။ တရုတ်မီဒီယာတွေရဲ့အဆိုအရ သူတို့ရဲ့ ကမ္ဘာ့အကြီးဆုံးဆည်သစ်ကြီးကနေ သူတို့နိုင်ငံ အသုံးပြုမယ့် ရေအားလျှပ်စစ်စီမံကိန်းကြီး ထူထောင်မှာလို့ သိရတယ်။ ဂျီမာယောင်ဂျွန်း ရေခဲတောင် အောက်ပိုင်း ယာလန်းဆန်းပိုမြစ်ပေါ်မှာ ဆည်ပိတ်ဆောက်မှာပါ။
ဒီမြစ်ဟာ အိန္ဒိယရဲ့အရူနာချယ်ပရာဒက်ရှ် ပြည်နယ်မှာတော့ ရှီယန်း (ဝါ) ဆီယောင်းမြစ်လို့ ခေါ်တွင်ကြတယ်။ အာသံပြည်နယ်ထဲဝင်သွားရင် ဒီမြစ်နာမည် ဟာ ဆီယောင်းအမည်ကနေ ဗြဟ္မပုတြ မြစ်ဖြစ်သွားပြန်ရော။ ဒီမြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဂျမဲလ်ပါပြည်နယ်၊ ဒီဝါနန် အနီး ကူရီဂရမ်အရပ်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားတယ်။ ဗြဟ္မပုတြမြစ်ဟာ အရှေ့တောင်ဘက်ကနေ ဂျမဲလ်ပါနဲ့ မိုင်မန်ဆင်းခရိုင်တွေကို ဖြတ်သန်းသွားပြီး တောင်ပိုင်းက ဘီဟာရက်ဘ်ဘဇာကနေ မဂ္ဂနာဖြစ်နဲ့ ပေါင်းစုံသွားပါတယ်။
၁၇၈၇ ခုနှစ်က ကြောက်စရာ ငလျှင်ကြီးကြောင့် ဒီမြစ်ကြောင်းကြီးဟာ တစ်ကြိမ် ဦးတည်ရာပြောင်းလဲခဲ့ပြီးပါပြီ။ အဓိက မြစ်လက်တက်က ယမုံနာမြစ်ပါ။ မြစ်ညှာဒေသရဲ့ ယမုံနာမြစ်ကို တရုတ်ဆည်က ထိန်းချုပ်လိုက်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကျရောက်လာတော့မယ့် သဘာ၀ဘေးအန္တရာယ်ကပ်ဆိုးတွေက ဘယ်လောက်ကြီးမားစွာ စောင့်ကြိုနေမလဲ မြင်သာပါတယ်။
ဒါကို ဘင်္ဂလားဒေ့ရှ်မှာ ဩဇာလွှမ်းမိုးထားနိုင်သူတွေက နားလည်ရခက်တဲ့ အကြောင်းတရားတွေနဲ့ နှုတ်ဆိတ်နေကြပါတယ်။ ကိုယ့်နိုင်ငံဘယ်လောက် ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုရှိမယ်ဆိုတာ သိကြပေမယ့်လည်း တရုတ်ကို ဒီ ဆည်စီမံကိန်းအတွက် ပြန်လည်စဉ်းစားပေးဖို့ တိုက်တွန်းတာမျိုးလည်း မလုပ်တဲ့အပြင် တရုတ်နဲ့ ရင်းနှီးချစ်ခင်မှု ကိုတောင် ထပ်တိုးမြှင့်နေကြတယ်။
လူပေါင်းများစွာက တရုတ်ဟာ ငွေကြေးများစွာ အကုန်အကျခံပြီး သူတို့ အကျိုးစီးပွားအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရဟာ ပထဝီနိုင်ငံရေးနယ်ပယ်မှာ ဘယ်သူ့ကိုမှ မိတ်ဆွေနိုင်ငံအဖြစ် စိတ်ရင်းကောင်းနဲ့ မဆက်ဆံဘဲ တစ်ကိုယ်ကောင်းဆန်စွာ၊ အတ္တဆန်စွာ ကိုယ်ကျိုးပဲကြည့်ပြီး အိမ်နီးချင်းနိုင်ငံတွေ ပျက်စီးရာပျက်စီးကြောင်းရောက်လေ ရှီကျင်းဖျင် ပိုပြီးပျော်လေဆိုတာကိုပဲ လောဂျစ်ကျကျ တွေးမြင်သိရှိရမှာပါ။
တရုတ်နိုင်ငံကို နိုင်ငံတကာက အတိုးချေးစား၊ အမြတ်ချေးစား နိုင်ငံအဖြစ် သိကြတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ကိုလည်း ကြွေးမြီထောင်ချောက်ထဲရောက်အောင် နှစ်ပေါင်းများစွာကတည်းက ချည်နှောင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒါကို ဘင်္ဂလားဒေ့ရှ်က ဩဇာကြီးမားသူတွေဟာ ဆိုးကျိုးတွေကို အားလုံးသိလည်း တရုတ်ရှိခိုး သွားမကျိုး ဆိုတဲ့ စံနဲ့ ဆက်ဆံနေကြပြီး တရုတ်ဘက်က ရပ်တည်တဲ့ ပွဲစားတွေအဖြစ် ကိုယ်ကျိုးရှာနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ယာယီအစိုးရလက်ထဲ အာဏာအပ်နှင်းထားရပြီး ဒီလက်ထက်မှာ တရုတ်ကိုပိုချစ်တဲ့ အင်အားပါ တိုးလာတယ်။ လွတ်မြောက်ရေးဆန့်ကျင်မှု အင်အားစုတွေ အုပ်စိုးတဲ့ အခိုက်အတန့် ဒီလူတန်းစားတွေက တရုတ်နဲ့ ပူးပေါင်းဖို့ ပိုပြီး စိတ်အားထက်သန်နေကြတဲ့အတွက် ယမုံနာမြစ်ပေါ်က ကမ္ဘာ့အကြီးတကာ့အကြီးဆုံး တရုတ်ဆည် စီမံကိန်းကြီးကို မကန့်ကွက်၊ အသံတိတ်ပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဖျက်ဆီးနေသလို လုပ်ဆောင်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်က တရုတ်ဆည်ကိစ္စ နှုတ်ဆိတ်နေလည်း အိန္ဒိယမှာတော့ ပါတီအစွဲမပါတဲ့ ပြည်သူတွေဟာ ဒီဆည်ကြီးပေးမယ့် ကပ်ဘေးတွေ ကြိုမြင်လို့ ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြပါပြီ။ တရုတ်ရဲ့ ဒီဆည်ကြီးဟာ ဗြဟ္မပုတြဆိုတဲ့ နိုင်ငံအသက်သွေးကြော မြစ်ကြီးတစ်လျှောက် ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်တည်လာမှာမို့ အိန္ဒိယဟာ ကမ္ဘာချီ၊ နိုင်ငံတကာချီပြီး ပူးပေါင်းတောင်းဆိုမှုတွေနဲ့ တရုတ်စီမံကိန်း အထ မမြောက်ဖို့ ကြိုးစားနေပါတယ်။
တကယ်တမ်းဆို နှုတ်ဆိတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ဆည်ကြောင့် အဆိုးရွားဆုံး ကပ်ဘေးဆိုင်မယ့် နိုင်ငံပါ။ ခြောက်သွေ့ရာသီမှာ တရုတ်ဆည်က ရေမလွှတ်ပေးရင် အိန္ဒိယကို ဖြတ်သန်းပြီးမှ ဘင်္ဂလားဒေ့ရှ်မှာ ပိုမိုခြောက်သွေ့မှုကို ဖြစ်စေမှာပါ။ မိုးတွင်းရေများချိန် ရေပိုလွှဲက ရေလျှံတာတွေကို လွှတ်ထုတ်နေပြန်ရင်လည်း အိန္ဒိယကို အရင်ဖြတ်ပြီးမှ ဘင်္ဂလားဒေ့ရှ်ကို ဆက်စီးဆင်းမယ့်ရေတွေက ဘင်္ဂလားဒေ့ရှ်ကိုပဲ အဆုံးသတ်မှာ ပိုမိုရေကြီး၊ ရေလျှံ ရေလွှမ်းမိုးမှုတွေ ဖြစ်စေမှာပါ။ ပိုမိုအန္တရာယ်ကျရောက်မှုဟာ ယမုံနာမြစ်ဝှမ်းလွင်ပြင်ဒေသမှာ ဖြစ်ပါလိမ့်မယ်။
‘South China Morning Post သတင်းဖော်ပြချက်မှာ တရုတ်ဟာ ဒီဆည်ကြီးတည်ဆောက်ရေးအတွက် ကုန်ကျစားရိတ် ဒေါ်လာ ၁၃၇ ဘီလီယံ သုံးမယ်လို့ ဆိုတယ်။ ဒီထက်ပိုစျေးကြီးတဲ့ စီမံကိန်း ကမ္ဘာမှာမရှိတော့ဘူး။ ဒီဆည်ကနေ တရုတ်နိုင်ငံအတွက် တစ်နှစ် လျှပ်စစ်မီး ကီလိုဝပ်နာရီ ၃၀၀ ဘီလီယံ ထုတ် လုပ်နိုင်မယ်။ တရုတ်ရဲ့ ကာဗွန်လျှော့ချရေး စီမံကိန်း၊ တိဗက်မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာဖြေရှင်းနိုင်ရေး လို့ တရုတ်အစိုးရသတင်း ဆင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ တရုတ်ရဲ့ ရည်မှန်းချက်တွေဟာ တခြားနိုင်ငံတွေ ပျက်စီးခြင်းဆီကိုပဲ ဦးတည်နေခဲ့တာဖြစ်ပါတယ်။
ဆည်တည်ဆောက်ပြီဆိုတာနဲ့ သဘာ၀ဂေဟစနစ် ဆိုးဆိုးရွားရွားပျက်စီးမယ်။ မြစ်ကြောင်း ရေစီးကြောင်း ဆိုးရွားစွာ ပြောင်းလဲသွားမယ်။ စီမံကိန်းကြောင့် လူပေါင်း သောင်းသိန်းချီပြီး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းပေးရမယ်။ ဒီမတိုင်ခင်ကလည်း တရုတ်ဟာ ဒေါ်လာ ၁၃၄ . ၈၃ ဘီလီယံ အကုန်အကျခံပြီး Three Gorges Dam ဆိုတဲ့ နဂါးသုံးကောင် ဆည်ကြီးတည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လူပေါင်း ၁၄ သိန်း နေရပ်စွန့်ခွာရွှေ့ပြောင်းပေးခဲ့ရတယ်။ ဆည်တည်ဆောက် စားရိတ်က Three Gorges ဆည်တည်ဆောက်မှု ကုန်ကျစားရိတ်ထက် ၃ ဆ ပိုကုန်ကျခဲ့တယ်။ လူသန်းပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာရွှေ့ပြောင်းပေးလိုက် ရတယ်။ တရုတ်အစိုးရက အခုနောက်ဆုံးဆောက်လုပ်မယ့် ကမ္ဘာ့အကြီးဆုံးဆည်ကြီးက ထုတ်လုပ်မှုပမာဏ အရင်ဆည်ထက် ၃ ဆပို ထုတ်နိုင်မယ်လို့ ပြောခဲ့ခြင်းဟာ အရင်ထက် ပျက်စီးရာပျက်စီးကြောင်း ၃ ဆ ပိုများ မယ်လို့ ပြောလိုက်ခြင်းလည်း ဖြစ်တယ်။ ဒါလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်းဆောင်တွေ နှုတ်ဆိတ်နေကြတုန်းပါပဲ။
တရုတ်ဘက်က ဘယ်လိုကတိတွေအများကြီးပေးခဲ့ပါစေ၊ တရုတ်ဆည်ကြီးကြောင့် ဗြဟ္မာပုတြမြစ် သဘာ၀ရေစီးကြောင်းကြီးကတော့ ပြောင်းလဲထိခိုက်သွားမှာသေချာပါတယ်။ မိုးတွင်းမှာ ပိုပြီး ဆိုးရွားတဲ့ ရေလွှမ်းမိုးမှု ဒဏ်တွေကို ခါးစည်းခံကြရဖို့လည်းသေချာနေပါပြီ။ ခြောက်သွေ့ရာသီမှာ ပိုမိုခြောက်သွေပူလောင်မှုတွေကို ဖြစ် တည်စေမှာလည်း သေချာပါတယ်။ ဗြဟ္မာပုတြနဲ့ ယာလန်းဆန်းပိုမြစ်တွေဟာ ငလျှင်ထူပြောရာအရပ်မှာ စီးဆင်း နေခဲ့တာဖြစ်ပါတယ်။ မြစ်ရေစီးကြောင်း ပြောင်းလဲခြင်းမှာ ငလျှင်အန္တရာယ်ကလည်း ပိုကြီးထွားလာမှာပါ။ သဘာ၀ရဲ့ အလိုအလျှောက် ထိန်းကျောင်းမှုဖြစ်စဉ်လည်း ဟန်ချက်ပျက်ယွင်းပါတော့မယ်။
၂၀၀၅ ခုနှစ်က နာဆာသိပ္ပံပညာရှင်တွေ သုတေသနပြု တွက်ချက်ဖော်ပြခဲ့ရာမှာ တရုတ်ရဲ့ နဂါးသုံးကောင် ဆည်ကြီးကြောင့် ကမ္ဘာ့မြေထုကြီးဟာ အရင်ကထက် ကျွံဝင်နိမ့်ကျမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုခဲ့တယ်။ ကမ္ဘာလုံးကြီးရဲ့ ဗဟိုချက်က ပိုပြီ ဖောင်းကြွရောင်ယမ်းလာပြီး ဝန်ရိုးစွန်းနှစ်ဖက်မှာ ဖိအားတွေပိုများလာစေခဲ့တယ်။ နေ့စဉ် ကမ္ဘာကြီးလှည့်ပတ်နှုန်းအရှိန်ဟာလည်း ကျဆင်းလာတယ်။ ဘူမိဗေဒပညာရှင်တွေကလည်း Three Gorges ဆည်ထက် ၃ ဆ ပိုကြီးတဲ့ ဆည်ကြီး ထပ်တည်ဆောက်ခြင်းဟာ ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမျှမှုကို ဆိုးရွား စွာထိခိုက်စေမှာ အထူး စိုးရိမ်နေကြပါတယ်။ ဒါပေမဲလည်း တရုတ်ကတော့ သူ့စီမံကိန်းအောင်မြင်ဖို့ ဘယ်မျက်နှာမှမကြည့်ဘဲ ဆက်လုပ်နေပါပြီ။ ဒီဆည်ကို ကမ္ဘာ့နိုင်ငံတချို့မှာ ဆန္ဒပြ ဆန့်ကျင်မှုတွေ လုပ်နေချိန် လက်တွေ့ ထိခိုက်ခံစားရမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ နှုတ်ဆိတ်နေဆဲပါပဲ။
ကိုယ့်ရေကိုယ့်မြေ ပျက်သုဉ်းခြင်းဆီ သေချာ ပေါက်ဦးတည်နေလည်း ဘင်္ဂလားဒေ့ရှ်က ဩဇာရှိသူတွေဟာ တရုတ်ဆီက ငွေကြေးတွေနဲ့ သူတို့ ချမ်းသာရာ ချမ်းသာကြောင်းကိုသာ အာသာငမ်းငမ်းရှာဖွေနေကြပါတယ်။ ဒါကြောင့်ပဲ တရုတ်လက်ထဲ မကြာတော့တဲ့ ရက်တွေအတွင်း ယမုံနာမြစ်ဝှမ်းဒေသကြီးတစ်လျှောက် ဆိုးရွားတဲ့ ကပ်ဆိုးတွေ ဆိုက်ကပ်လာဖို့က နီးသထက် နီးလာခဲ့ပြီဖြစ်ပါတယ်။
#MeKongNews








