(ဘာသာပြန်ဆောင်းပါး)
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနန်ပြည်နယ် ကူမင်းကိုသွားပြီး တရုတ် စီးပွားရေးလုပ်ငန်းရှင် တွေ၊ တရုတ်အစိုးရ အကြီးအကဲတွေ၊ တရုတ် ကွန်မြူနစ်ပါတီ အကြီးအကဲတွေကို လက်မလည်အောင် ရှင်းပြနေရခြင်း နောက်ကွယ်က အရေးအကြီးဆုံး အကြောင်းတရားတစ်ခုကတော့ မြေရှားသတ္တုအရေးပါပဲ။
မြေရှား သတ္တုဆိုတာ ဒီနေ့ကမ္ဘာမှာ မရှိမဖြစ်တဲ့ အရာ။ တရုတ်ကိုရော ကမ္ဘာကြီးကိုပါ ကိုင်လှုပ် နိုင်စွမ်းရှိတဲ့ ကိစ္စဖြစ်လာပါတယ်။
တက်စမေးနီးယားတက္ကသိုလ်အာရှရေးရာပိုင်း ပါမောက္ခကြီး ဂျိမ်းစ်ချင်း ပြောစကား တစ်ခုကို South China Morning Post က ကောက်နုတ်ဖော်ပြလာတာက ဒီလို။ “ လူတွေဟာ ကမ္ဘာကြီးမှာ မြေရှားသတ္တုရဖို့ ပတ်ပြေးရှာဖွေနေကြရပါတယ်” ဆိုတဲ့ စကားပါ။
ဒီကနေ့ တရုတ်စီးပွားရေးမှာ မရှိမဖြစ် အရေးပါနေတဲ့ သတ္တုက မြေရှားပဲ။ သူတို့ ထုတ်လုပ်နေတဲ့ လျှပ်စစ် ကား တွေ၊ ဖုန်းအမျိုးမျိုးနဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ နောက်ဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်အထိ မရှိမဖြစ်တာ မြေရှားသတ္တုပါပဲ။
တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုစျေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ နိုင်ငံ။ သူတို့ လိုချင်တဲ့ မြေရှားသတ္တုကုန်ကြမ်းက မြန်မာနိုင်ငံကနေပဲ ရတယ်။ ကမ္ဘာ့မြေရှားသတ္တုစျေးကွက်ရဲ့ လိုအပ်တဲ့ ကုန်ကြမ်း ၅၀ ရာခိုင်နှုန်းက မြန်မာပြည်ကနေပဲ တရုတ်ကနေ တစ်ဆင့်သန့်စင်ပြီး ကမ္ဘာချီ အသုံးပြုနေရတာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်းတစ်ကြောကို ၁၀၂၇ စစ်ဆင်ရေးကနေစပြီး မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ပွဲက သိမ်း ပိုက်လိုက်ရာမှာ မြို့များစွာအပြင် တရုတ်နယ်စပ် ကုန်စည်ဂိတ်အားလုံးလဲ စစ်ကောင်စီ လက်လွှတ်လိုက်ရတယ်။
မိုင်းတွင်းတွေအားလုံးလည်း ရပ်တန့်သွားရပြီ။ အခု အောက်တိုဘာလလယ်က စတင်ထိုးစစ်ဆင်တဲ့ KIA ကလည်း တရုတ်-မြန်မာ နယ်စပ်က အရေးအပါဆုံး ပန်ဝါ၊ ဖီမော်၊ ချီဖွေနဲ့ ဆော့လော် အပါအဝင် ကန်ဖန်ကျေးရွာတွေကို သိမ်းပိုက်လိုက်နိုင်ပါပြီ။
မြေရှားသတ္တုမိုင်းတွင်းတွေ အများဆုံး ရှိတာက ကချင်မှာဖြစ် လို့ တရုတ်လည်း ဘာမှ မတတ်နိုင်တော့တဲ့အဆုံး မင်းအောင်လှိုင်ကို ခေါ်ပြီး မင်း ဘာလုပ်ပေးနိုင်မလဲလို့ မေးမြန်းအကဲစမ်းကြတာ ဖြစ်ပါလိမ့်မယ်။
မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံသား၊ တရုတ် စီမံကိန်းနဲ့ တရုတ် အကျိုးစီးပွားတွေကို လုံး၀မထိခိုက်အောင် အစွမ်းကုန် ကာကွယ်ကြိုးစားပါ့မယ်လို့ တွင်တွင်ပြောနေပေမယ့် စစ်ရေးအရ အဘက်ဘက်မှာ ရှုံးနိမ့်နေတာကို တရုတ် အကူအညီ ဘာများရမလဲ တောင်းချင်ပေမယ့် တရုတ် ဘက်က လိုအင်တွေကိုလည်း ပေးနိုင်စွမ်းမရှိတော့မှုမှာ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတဲ့ မုသားတွေချည်း ပြော ဆိုနေတာ တွေ့ရမှာပါ။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၀၀ ကျော်ရှိခဲ့ပါတယ်။
ခုတော့ မြေရှားသတ္တုအများဆုံး ထုတ်လုပ်တဲ့ ပန်ဝါနဲ့ တခြားဒေသတွေကို KIA က ထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာ ၁၈ ရက် ကတည်းက တရုတ်ဟာ မြန်မာဘက်ကို လျှပ်စစ်မီးဖြတ်တယ်၊ မရှိမဖြစ်ကုန်စည်တွေ၊ လောင်စာဆီ၊ ဓာတု ပစ္စည်းနဲ့ အစားအသောက်အပါတွေကို မြန်မာဘက် တင်ပို့မှုပိတ်တယ်။
သွင်းကုန်၊ ပို့ကုန်လမ်းကြောင်းတွေ ပိတ်ဆို့ပြီး ကချင်ပြည်သူတွေကို အခက်တွေ့စေဖို့ လုပ်ဆောင်လာတယ်။ တရုတ်အတွက် ကချင်ပြည်နယ်ဟာ ဘယ်လောက် အရေးပါသလဲဆိုရင် နိုင်ငံစီးပွားပျက်ကပ်ဆိုက်နိုင်တဲ့အထိ အရေးပါပါတယ်။
တရုတ်ဟာ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကနေ ion-adsorption clays (IACs) ဆိုတဲ့ မြေစေးထဲက မြေရှားအောက်ဆိုက် (REOs) မက်ထရစ်တန် ၅၀၀၀၀ တင်သွင်းခဲ့ရတယ်။ တရုတ်ပိုင် IAC မိုင်း ကိုတာက တန် ၁၉၀၀၀ ပဲရတော့ မြန်မာရဲ့ မြေရှားသတ္တုကသာ ကမ္ဘာ့ စျေးကွက်အတွက် အကြီးမားဆုံးရင်းမြစ်နဲ့ အရေးအကြီးဆုံး တင်ပို့ရာ နယ်မြေ ဖြစ် နေတာ ကမ္ဘာက သိတယ်။ ကျွမ်းကျင်သူအားလုံးက တရုတ်တွေ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုလိုအင် မရနိုင် တော့ခြင်းဟာ ကမ္ဘာမြေရှား သတ္တုစျေးနှုန်းကို အများကြီးမြင့်တက်စေတော့မယ်လို့ ခန့်မှန်းထားကြတယ်။
ဒီစျေး ကွက်ကို ချုပ်ကိုင်ထားတဲ့ တရုတ်မှာလည်း ရွေးစရာ ၂ လမ်းပဲ ရှိတယ်လို့ တစ်ခုကို South China Morning Post က ရေးသားဖော်ပြခဲ့တယ်။ စျေးတက်ဖို့နဲ့ ပြည်ပ တင်ပို့မှုတွေကို ရပ်တန့်လိုက်ဖို့ ၂ လမ်းသာ တရုတ်အတွက် ရွေးချယ်ရာကျန်တော့တယ်လို့ ဆိုတာပါ။
တရုတ်နိုင်ငံ အကောက်ခွန်ဌာန စာရင်းဇယားမှာ သူတို့ဟာ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်းမှာပဲ ပြည်တွင်း ထုတ်ကုန်မှာပဲ အသုံးပြုဖို့ မြန်မာနိုင်ငံက မြေရှား သတ္တု တန် ၃၀၀၀၀ ကျော် တင်သွင်းခဲ့ရတယ်လို့ သိရတယ်။
လျှပ်စစ်ကားတွေ၊ လေတာဘိုင်တွေနဲ့ပတ်သက် ပြီး မြေရှားသတ္တုက ကမ္ဘာမှာ မရှိမဖြစ်ကိုလိုအပ်နေလည်း မြန်မာ့နွေဦးတော်လှန်ရေးက စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အောင်ပွဲဟာ တရုတ်ရဲ့ ဂုပ်သွေးစုပ်နေမှုကို လှလှကြီး တားဆီးနိုင်ခဲ့ပါပြီ။
တရုတ်အတွက် မြန်မာက မြေရှားသတ္တုမရနိုင်တော့တာဟာ မျောက် မီးခဲကိုင်ရသလို ဖြစ်နေရတဲ့ကြားထဲ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ပြန်ရွေးချယ်ခံလိုက်ရမှုက တစ်ပူပေါ် တစ်ပူ ဆင့် သွားစေပါတယ်။
ထရမ့်က သမ္မတဖြစ်လာရင် သူ့နိုင်ငံ အကျိုးစီးပွားအတွက် သွင်းကုန်အားလုံးရဲ့ အခွန်ကို ၂၀ ရာခိုင်နှုန်း ကောက်မယ်။ တခြားနိုင်ငံတွေကို ၂၀ ရာခိုင်နှုန်းသာ သွင်းကုန်အခွန်ကောက်မှာဖြစ်ပေမယ့် တရုတ် ဆိုရင် အခွန် ၆၀ ရာခိုင်နှုန်းကောက်မယ်လို့ ရာဇသံပေးပြီးဖြစ်လို့ ကချင်မှာ KIA ရဲ့ အောင်ပွဲတွေက တရုတ်နဲ့ မင်းအောင်လှိုင်ရဲ့ ဆက်ဆံရေးကို လမ်းဆုံလမ်းခွ ရောက်စေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီကျင်းကိုယ်တိုင်ကလည်း မြန်မာ့အရေးဟာ တရုတ်နိုင်ငံအတွက် အရမ်းအရေးပါတယ်လို့ ပြောပြီး ပြည်တွင်း မှာ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းတည်ငြိမ်းရေတည်ဆောက်ဖို့ အားပေးပါ့မယ်။ အဆင့်မြင့် ခါးပတ်လမ်းစီမံကိန်း ထဲက တရုတ် – မြန်မာ စီးပွားရေး စင်္ကြန် China-Myanmar Economic Corridor စတင်နိုင်ဖို့ မင်းအောင်လှိုင် အနေနဲ့ လက်နက်ကိုင် အနိုင်မတိုက်နိုင်တာ မြင်သာပြီဖြစ်တဲ့အတွက် ဆွေးနွေးအဖြေရှာပါတော့ဆိုပြီး ဖိအားပေး ခိုင်းစေ လိုက်တာသာ ဖြစ်ပါတယ်။
စစ်ကောင်စီပြိုလဲမှာကို တရုတ်ဘက်က စိုးရိမ်တယ်ဆိုပေမယ့် ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ ပြိုလဲမှု၊ တပ်ပျက်မှုဖြစ်နေပြီဖြစ်လို့ တရုတ်ရဲ့ ရပ်တည်ချက်ဟာလည်း တော်လှန်ရေးအောင်ပွဲနဲ့အတူ လိုက်ပါ ပြောင်းလဲ ပေးဖို့သာ ရှိပါတော့တယ်။
နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲက လက်တစ်ကမ်းအလို ရောက်နေခဲ့ပြီလို့ပဲ ကျူးရင့်လိုက်ပါတော့တယ်။
Ref: oilprice.com မှ နိုဝင်ဘာ ၆ ရက် ဖော်ပြတဲ့ Metal Miner ရဲ့ Rare Earth Prices Soar as Myanmar’s Mining Operations Halt ဆောင်းပါးပါ အချက်အလက်တချို့ကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။
MKF-001
#MekongNews












