မဲခေါင်၊ ဧပြီ ၁၇
ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်မြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲ ဆင်းမ်ကတ်အပါ မိုဘိုင်းဖုန်း ၄၉၉၈ လုံး၊ အဆင့်မြင့် Starlink ဂြိုဟ်တု အင်တာနက် စက် ၁၀ လုံး၊ အသင့်သုံး ကွန်ပျူတာ ၉၄ လုံး၊ မိုဘိုင်းဖုန်းသီးသန့် ၃၄၇ လုံး၊ တရုတ် Notebook ၁၅ လုံး၊ အခွန်ဆောင်းအပြီး ဘတ် ၅ . ၄ သန်းပါ ထိုင်း ဘဏ်အကောင့်ပါ ဆင်းမ်ကဒ် ၅ ကတ်ကို သိမ်းဆည်းရမိခဲ့တာဖြစ် ပါတယ်။
ဖုန်းနဲ့ ကွန်ပျူတာတွေထဲပါတဲ့ အချက်အလက်တွေကို စစ်ဆေးမှုအရ မြန်မာနဲ့ လာအိုဘက်ခြမ်း ရွှေတြိဂံနယ်မှာရှိတဲ့ ကျားဖြန့်လုပ်ပြီး အွန်လိုင်း ငွေလိမ်တဲ့ လုပ်ငန်းသုံးမယ့် ပစ္စည်းတွေဖြစ်ကြောင်း အတည်ပြုနိုင်သလို ဒီလောက် များပြားတဲ့ ပစ္စည်း တွေကို နယ်စပ်အထိ သယ်ဆောင်လာမှုမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းပတ်သက်မှသာ ဖြစ်နိုင်တာမို့ မြို့တော်ဝန်ရဲ့ ဝင်ငွေဘဏ်စရင်းတွေကို စစ်ဆေးခြင်းအပါအဝင် မသင်္ကာဖွယ်ရာ နိုင်ငံဝန်ထမ်းအကြီးအကဲတွေ အထိ စုံစမ်းစစ်ဆေးမှုလုပ်သွားမှာဖြစ်တယ်လို့ ထိုင်း ကျားဖြန့်လုပ်ငန်း တိုက်ဖျက်ရေး စင်တာက ထုတ်ပြန်သွား ခဲ့ပါတယ်။
Ref: MAESAIPRESS
MKF – 001