ယင်လတ် ပြည်တော်ပြန်လာလည်း ထောင်ကျခံရဦးမယ်လို့ ထိုင်းတရားရေးဝန်ကြီးဆို
မဲခေါင်၊ ဇန်နဝါရီ ၉
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ပြည်တော်ပြန်လာဖို့ သေချာသလောက် ဖြစ်နေခဲ့ရာမှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကြောင့် ထောင်ပြင်ပမှာ ခေတ္တထိန်းသိမ်းခံရတာမျိုး ဖြစ်လာနိုင်မလားလို့ မီဒီယာတွေက မေးမြန်းမှုကို ထိုင်းတရားရေးဝန်ကြီး တာဝီဆက်ဒ်ဆောင်က မဖြစ်နိုင်သေးကြောင်းနဲ့ ထောင်တွင်း ပြစ်ဒဏ်ကျခံရဦးမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
ယင်လတ်ကို ၂၀၁၇ ခုနှစ် ဩဂုတ်လက စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်အဖြစ် လယ်သမားများ အမတော်ကြေး ပေးမှုမှာ အကျင့်ပျက်လာဘ်စားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်ဘဏ္ဍာ ဘတ် သန်း ၅၀၀ ဆုံးရှုံးခဲ့ရမှုနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းခံရကတည်းက ပြည်ပ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ယင်းလတ်ဟာ လပိုင်းအတွင်း သူ့အစ်ကို သက်ဆင်လို ထိုင်းနိုင်ငံထဲ ပြည်တော်ပြန်ဝင်လာဖို့ ရှိနေရာမှာ သက်ဆင်လို ထောင်ထဲတန်းပို့ပြီး ညတွင်းချင်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံကြီးကို ပြောင်းရွှေ့ နေထိုင်ကုသခံကာ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခံရသလို မျှော်လင့်နိုင်မလားလို့ မီဒီယာတွေက တရားရေးဝန်ကြီးကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
အသက် ၅၇ နှစ်သာရှိသေးတဲ့ ယင်လတ် ပြစ်ဒဏ်ဟာ ၅ နှစ်ဖြစ်ပြီး ထောင်ပြင်ပ ထိန်းသိမ်းရေး ဥပဒေမှာ ထောင်ဒဏ် ၄ နှစ်နဲ့အောက် အပြစ်သားတွေသာ ပါဝင်တာကြောင့် လိုအပ်တဲ့ ဥပဒေသစ်အချက်အလက်တွေနဲ့ ဘောင်မဝင်သေးသရွေ့ ထောင်တွင်းမှာသာ နေထိုင်ရမှာဖြစ်ကြောင်းနဲ့ ဥပဒေသစ် ပြင်ဆင်မှုတွေကတော့ ယင်လတ်နဲ့ နိုင်ငံရေးလောကသားတွေအတွက်သာ မဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်ဖို့ ရေးဆွဲနေတာဖြစ်တယ်လို့ တရားရေးဝန်ကြီး တာဝီဆက်ဒ်ဆောင်က ရှင်းလင်းပြောကြားသွားပါတယ်။
ထောင်ပြင်ပ ထိန်းသိမ်းရေးအစီအစဉ်သစ်ဟာ နိုင်ငံအတွင်း ထောင်အားလုံးနီးပါးရဲ့ သက်တမ်းက ပျမ်းမျှ နှစ် ၉၀ ဝန်းကျင်ရှိနေသလို ဒီအထဲက ထောင်ပေါင်း ၅၀ ဟာ ထားရှိဖို့အလွန်ဆိုးရွားတဲ့အခြေအနေမှာရှိကြောင်း၊ နိုင်ငံဘတ်ဂျက်အနေအထားကြောင့်လည်း တစ်နှစ်မှာ ထောင်သစ် တစ်ခုနှုန်းသာ တည်ဆောက်နိုင်လို့ အကျဉ်းသားတွေ ကျပ်သိပ်စွာ ထားရှိနေရတဲ့ အခြေအနေကြောင့် စီစဉ်နေရတာဖြစ်တယ်လို့လည်း တာဝီဆက်ဒ်ဆောင်က ပြောသွားပါတယ်။
Ref: bangkokpost
MKF-001
#MeKongNews








