မဲခေါင်၊ မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းမှာ PNLO ဆက်ဆံရေးရုံးကိုလာတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုအတွက် ပြင်းထန် စွာရှုတ်ချကြောင်း အာဆီယံခေါင်းဆောင်တွေက မေလ ၁၀ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း၊ လာဘူအန်ဘာဂျိုမြို့မှာ ၂ ရက်တာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ ရှုတ်ချကန်ကွက်တဲ့အကြောင်းကို ဒီကနေ့ ထုတ်ပြန်တာပါ။
စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ သွားတဲ့ စင်ကာပူနဲ့ အင်ဒိုနီးရှား သံတမန်ယာဉ်တန်းဟာ ဆီဆိုင်မြို့ မရောက်ခင် ၄ မိုင်လောက်အလိုမှာ ပစ်ခတ်ခံခဲ့ရတာပါ။ ဘယ်အဖွဲ့က ပစ်ခတ်မှန်း ဒီနေ့အထိ မသိရသေးပါ။
အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေကို အကူအညီပေးမယ့် အာဆီယံသံတမန်ယာဉ်တန်းဟာ လုံခြုံရေးအခြေအနေတွေကြောင့် ပြန်လှည့်ခဲ့ရပါတယ်။
မြန်မာပြည်သူတွေကို ထောက်ပံ့ပေးအပ်မယ့် ပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရတာကြောင့် မလွဲပေးနိုင်ခဲ့တာကြာပြီဖြစ်လို့ အင်ဒိုနီးရှားက အလှည့်ကျအာဆီယံ ဥက္ကဌ ဖြစ်လာချိန် သွားရောက် ပေးပို့ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း၊ ကားတစ်စီး ပျက်စီးပြီး လူတော့ ထိခိုက်ဒဏ်ရာရတာမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
“ဒီတိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ ကျူးလွန်သူတွေဟာ တာဝန်ခံရမှာဖြစ်ကြောင်း အလေးအနက်ဖော်ပြလိုက် ပါတယ်။ မြန်မာ့အရေးအတွက်လည်း လွန်စွာ စိုးရိမ်ပူပန်မိပါတယ်။ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး ဘယ်လို အကြမ်းဖက်မှုမျိုးမှ ဆက်မလုပ်ဖို့ တိုက်တွန်းပါတယ်” လို့ အာဆီယံခေါင်းဆောင်တွေ ပူးတွဲလက်မှတ်ထိုး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်သဘောအရ စစ်ကောင်စီအနေနဲ့ အာဆီယံက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ချမှတ်ပေးထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ် ၅ ရပ်ကို ချက်ချင်းအကောင် အထည်ဖော်ဖို့ ဖိအားပေးတောင်းဆိုတဲ့သဘောမျိုးဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Ref: khaosodenglish
#MeKongNews