မဲခေါင်၊ အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊ ကိုယ်တိုင် မူးယစ်ဆေးရောင်းခြင်း၊ လူပြန်ပေးဆွဲ ရောင်းစားခြင်းများကို ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
၎င်းသည် ယင်းလုပ်ငန်းများမှ မတရား ရရှိနေသည့် ငွေများကို ဇနီးဖြစ်သူ လွင်လွင်ဦး အမည်ဖြင့် မြေကွက်များ၊ ရွှေများ ဝယ်ယူပေးကာ ဇနီးဖြစ်သူကလည်း ကိုယ်တိုင် အလုပ်လုပ်၍ ချမ်းသာနေသယောင် သရုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“အမှန်တော့ လူရောင်း၊ လူဖမ်း ငွေညှစ် မူးယစ်ဆေးနဲ့ အလုပ်ဖြစ်နေတာပါ။ သူ့မိန်းမက အကောင်းစား ဟိုတယ်တွေတက်၊ brand တွေ ကိုင်၊ မတန်မရာတွေ လုပ်နေပြီး လူကြီးတွေကိုလည်း ငွေနဲ့ ပိတ်ထားတာပါ” ဟု ၎င်းကပြောသည်။
၎င်းတို့သည် လင်မယား ကွဲချင်ယောင်ဆောင်ထားသော်လည်း အကြွားပိုသည့် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ပို့လာသည့် ကျောက်စိမ်း အကောင်းစားများနှင့် မြေကွက် ဝယ်ပေးသည်များကို လူမှုကွန်ရက်ပေါ် တင်၍ ကြွားဝါမှုများ ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဒုရဲမှူးခင်စိုးမှာ ဖားကန့်သို့ ရောက်သည်မှာ ၃နှစ်ခန့်ကြာမြင့်ပြီဖြစ်ပြီး အထက်သို့ လာဘ်ငွေများများပေးနိုင်သည့်အတွက် နေရာ မပြောင်းရွှေ့ရကြောင်း၊ ၃နှစ်အတွင်း ကျပ်သိန်း သောင်းနှင့်ချီကာ လာဘ်ငွေရှာဖွေထားဖြင့် ၎င်းမိန်းမ အမည်ဖြင့် မြေကွက်များ၊ ရွှေငွေများ ဝယ်ယူထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအပေါ် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေသည့်အချိန်တွင် ယခုကဲ့သို့ ရဲအရာရှိတစ်ဦးအပေါ် စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထောက်ပြထားသည်။
#MeKongNews
#ဖားကန့်
#ဒုရဲမှူးခင်စိုး
#မူးယစ်တပ်ဖွဲ့
#ငွေညှစ်မှု
#လူပြန်ပေးဆွဲမှု
#အဂတိလိုက်စားမှု








