မဲခေါင် ၊ ဧပြီ ၂၇
ကျားဖြန့်ငွေလိမ်းဂိုဏ်းနှင့် ပတ်သက်သည့် တရားရေးကော်မတီ အရာရှိ ၂ ဦးကို ရာထူးမှ ထုတ်ပယ်ကာ အလုပ်ကြမ်း ပြစ်ဒဏ်ပေးခြင်းဖြင့် အရေးယူလိုက်သည်ဟု “ဝ”တပ်ဖွဲ့ – UWSAက ယမန်နေ့ ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်သည်။
အရေးယူခံရသည့် အရာရှိ ၂ ဦးမှာ UWSA ၏ တရားရေးကော်မတီမှ ညွှန်ကြားရေးမှူးအဆင့်ရှိ ကျောက်ကော်လီယန် နှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ကျောက်အီရှန် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဝ”တပ်ဖွဲ့ တရားရေးကော်မတီမှ ရဲတပ်ဖွဲ့ဗျူရို၏ ညွှန်ကြားရေးမှူး ကျောက်ကော်လီယန်သည် ဗဟိုကော်မတီ အမိန့်များကို အကြိမ်ကြိမ် ချိုးဖောက်ကာ ကျားဖြန့် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သော ဆွေမျိုးများနှင့် လက်အောက် ငယ်သားများကို ကာကွယ်ရန် ၎င်း၏ရာထူးကို အလွဲသုံးစားပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
ထို့ကြောင့် ကျောက်ကော်လီယန်ကို ပါတီ၊ အစိုးရရာထူးအားလုံးမှ ထုတ်ပယ်ကာ အလုပ်ကြမ်းနှင့် ၃ နှစ်ကြာ ပြန်လည်ပညာပေးရန်အတွက် အထွေထွေဝန်ထမ်းဌာနချုပ် ကင်းတပ်ရင်းသို့ ပြောင်းရွှေ့ခြင်း ပြစ်ဒဏ်ပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့အတူ “ဝ”တပ်ဖွဲ့ တရားရေးကော်မတီ၏ စစ်ဆေးရေးဗျူရိုရုံး ဒုတိယညွှန်ကြားရေးမှူး ကျောက်အီရှန်သည် ဗဟိုကော်မတီ အမိန့်များကို တမင်ချိုးဖောက်ကာ ကျားဖြန့်အတွက် နေရာများဖန်တီးပေးခြင်း၊ ငှားရမ်းခများ ကောက်ခံခြင်းနှင့် ကျားဖြန့်များကို ခိုလှုံခွင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပြောသည်။
ထို့ကြောင့် ကျောက်အီရှန်ကို ပါတီနှင့် အစိုးရရာထူးအားလုံးမှ ထုတ်ပယ်ကာ အလုပ်ကြမ်းနှင့် သုံးနှစ်ကြာ ပြန်လည်ပညာပေးရန်အတွက် စစ်ဘက်ဥပဒေဌာနချုပ်သို့ ပြောင်းရွှေ့ခြင်း ပြစ်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် အဖွဲ့ဝင် တပ်ဖွဲ့ဝင်အားလုံးသည် ယခုအရေးယူမှုကို သတိပေးချက်အဖြစ် သဘောထားရန်၊ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရန် တိုက်တွန်းသည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် နယ်မြေအတွင်း ကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းကို အထူးစီမံချက်ဖြင့် ဆောင်ရွက်နေရာ “လုံးဝ သည်းမခံမှု” မူဝါဒဖြင့် ထိထိရောက်ရောက် ဖမ်းဆီးနေသည်ဟု ထုတ်ပြန်ထားသည်။
“ဝ”တပ်ဖွဲ့ အနေဖြင့် ကျားဖြန့်များနှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးပြီး ပြန်လွှဲပေးလျက်ရှိရာ ယခုနှစ် ၄ လအတွင်း ဖမ်းဆီးပြီး ပြန်လွှဲပေးသည့် တရုတ်နိုင်ငံသားများ ၅၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်။
#MeKongNews
#ကျားဖြန့်
#UWSA
#အရာရှိ
#အရေးယူ








