မဲခေါင်၊ မတ် ၂၀
တာချီလိတ်မြို့ပေါ်ရှိ ကျားဖြန့်လုပ်ငန်း များသည် မြို့အနီးရှိ ပြည်သူ့စစ်တပ်ဖွဲ့များ စိုးမိုးရာ တောတွင်းဧရိယာများသို့ ပြောင်းရွှေ့လုပ်ကိုင်နေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တာချီလိတ်မြို့ပေါ်ရှိ တရုတ်နိုင်ငံသားနှင့် နိုင်ငံခြားသားများ ပါဝင်သည့် ကျားဖြန့်လုပ်ငန်းခွင် နှစ်နေရာကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကျားဖြန့်ဂိုဏ်းများသည် တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်အကြားရှိ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မိုင်းတွင်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွှေ့လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“တရုတ်တွေက လွယ်တော်ခမ်းအုပ်စုထဲက ပြည်သူ့စစ်တွေ ပိုင်နက်ထဲမှာ လုပ်နေကြတာ။ အဲဒီဘက်က စစ်တပ်နဲ့ ‘ဝ’ နဲ့အကြား ဖြစ်နေတာ။ မီးစက်ကြီးတွေ၊ ဆိုလာတွေ၊ စတားလင့် အင်တာနက်တွေနဲ့ လုပ်နေကြတာ။ တရုတ်တွေကို ပြည်သူ့စစ်ကားတွေနဲ့ တင်သွားကြတာလို့ ကြားတယ်” ဟု ကျားဖြန့်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်နှင့် လုံးချင်းအိမ်များကို အခြေပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားသားများသည် တောတွင်းရှိ ရာဘာခြံနှင့် သစ်တောများအတွင်း လူဦးရေ ရာဂဏန်းခန့် အုပ်စုလိုက်နေထိုင်ကာ ရွှေ့ပြောင်းလုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ဧရိယာမှာ စစ်ကောင်စီ၏ နယ်စပ်မဆုတ်တမ်းခံစစ်အဖြစ် အောင်မြေ (၁၊ ၂၊ ၃) ဆိုကာ တပ်ရင်းအလိုက် ခံစစ်စခန်းများ ဖွင့်လှစ်ထားသလို၊ “ဝ” တပ်ဖွဲ့ စိုးမိုးထားသည့် ဧရိယာလည်း ဖြစ်ပြီး ဒေသခံပြည်သူ့စစ် အများအပြားရှိနေသည့် နေရာလည်း ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ကျားဖြန့်
#ပြည်သူ့စစ်
#တရုတ်








