မဲခေါင်၊ မေ ၅
ရေကြောင်းပိတ်ဆို့မှုများ အပြိုင်လုပ်ဆောင်ထားကြသည့် ဟောမုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြစဉ် အမေရိကန်နှင့် အီရန်က ပင်လယ်ကွေ့တွင် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြပြီး မခိုင်မာသော အပစ်အခတ်ရပ်စဲမှုလည်း လှုပ်ခတ်လာခဲ့သည်။
သောင်တင်နေသော ရေနံတင် သင်္ဘောများနှင့် အခြားရေယာဉ်များ ရေလက်ကြားကို ဖြတ်သန်းနိုင်ရန် အစီအစဉ်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က စတင်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်နှင့် အမေရိကန်စစ်ဘက်က ကြေညာခဲ့သော “လွတ်လပ်မှုပရောဂျက်”စတင်သော ပထမဆုံးနေ့ဖြစ်သည့် တနင်္လာနေ့ မကုန်ဆုံးမီမှာပင် မီးလောင်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပင်လယ် ကွေ့ရှိ ကုန်သင်္ဘောအများအပြားက သတင်းပို့ခဲ့ကြသည်။
အီရန်စစ်တပ်၏ ရေယာဥ်ငယ် ၆ စီးကို ဖျက်ဆီးပစ်လိုက်ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားချိန်မှာပင် ကြီးမားသော အမေရိကန်စစ်စခန်းကို လက်ခံထားသည့် ယူအေအီး နိုင်ငံမှ အရေးပါသော ရေနံဆိပ်ကမ်းတစ်ခု အီရန်၏ ဒုံးကျည်များကြောင့် မီးလောင်ခဲ့သည်။
သောင်တင်နေသော သင်္ဘောများ ဖြတ်သန်းသွားရန် ကူညီပေးသွားမည်ဆိုသော “လွတ်လပ်မှုပရောဂျက်” နှင့် ပတ်သက်၍ ထရမ့်က အသေးစိတ်မပြောခဲ့သလို ရေလက်ကြားကို အီရန်စစ်ဘက်၏ ခွင့်ပြုချက်မပါဘဲ ဖြတ်သန်းရန် ကြိုးစားခဲ့ပါက ပစ်ခတ်ခံရမည်ဟု အီရန်က ယမန်နေ့က သတိပေးခဲ့သည်။
ထရမ့်၏အစီအစဉ်မှာ ပြီးခဲ့သည့်လက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အရေးပါဆုံး ရေလမ်းကြောင်းကို အင်အားသုံး၍ ဖွင့်လှစ်ရန် ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။
ပင်လယ်ကွေ့အကျပ်အတည်းအတွက် စစ်ရေးအရ အဖြေမရှိကြောင်းကို ယမန်နေ့ ဖြစ်ရပ်များက ပြသနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ပြောကြားပြီး “လွတ်လပ်မှုပရောဂျက်” သည် “ပရောဂျက်လိပ်ခဲတည်းလည်း” ဖြစ်လာခဲ့ကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ပင်လယ်ကွေ့
#ထိန်းချုပ်
#အမေရိကန်
#အီရန်
#တိုက်ခိုက်မှု








