မဲခေါင်၊ မတ် ၈
အရှေ့အလယ်ပိုင်းသို့ လေယာဉ်တင်သင်္ဘော ၂ စီးစေလွှတ်ရန် ဗြိတိန်က အလေးအနက် စဉ်းစားနေသော်လည်း အီရန်နှင့် စစ်ပွဲကိုအနိုင်ရရှိရန် အမေရိကန်က ၎င်းတို့ကို မလိုအပ်ကြောင်း စစ်ရေးမဟာမိတ် ၂ နိုင်ငံကြား နောက်ဆုံး ထွက်ပေါ်လာသည့် အခြေအတင်ဖြစ်မှုတွင် ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အီရန်အား စတင်တိုက်ခိုက်ချိန်တွင် ဗြိတိန်၏ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့် မပေးခဲ့ခြင်းအတွက် ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာအား အကြိမ်ကြိမ် ဝေဖန်ခဲ့ကာ ၂ နိုင်ငံကြားက သမိုင်းဝင်နီးကပ်သော ဆက်ဆံရေးကို စတာမာက ဖျက်ဆီးပစ်နေသည်ဟု ဆိုသည်။
အီရန်နှင့် ပဋိပက္ခတွင် ဗြိတိန်၏ပံ့ပိုးမှု နည်းပါးခဲ့သည်ကို မိမိတို့ မှတ်ထားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် Truth Social ပေါ်တွင် ထရမ့် ကဆိုသည်။
“တစ်ချိန်က ကြီးကျယ်တဲ့ မဟာမိတ်၊ အကြီးကျယ်ဆုံးလို့တောင် ပြောနိုင်တဲ့ မဟာမိတ် ဗြိတိန်က နောက်ဆုံးတော့ အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘော ၂ စီး စေလွှတ်ဖို့ကို အလေးအနက် စဉ်းစားနေပါတယ်” ဟု ၎င်းက ရေးသားသည်။
Prince of Wales လေယာဉ်တင်သင်္ဘောကို စေလွှတ်နိုင်ခြေအတွက် ပြင်ဆင်နေသည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ၎င်း၏ ပို့စ်တက်လာခြင်းဖြစ်သည်။
သို့သော် ဆုံးဖြတ်ချက် မချရသေးကြောင်း ဗြိတိန်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
“အဆင်ပြေပါတယ်။ ဝန်ကြီးချုပ် စတာမာခင်ဗျာ၊ သူတို့ကို ကျနော်တို့ မလိုတော့ပါဘူး။ ဒါပေမယ့် အမှတ်ရနေပါမယ်။ ကျနော်တို့ နိုင်နေပြီဖြစ်တဲ့ စစ်ပွဲထဲ ပါဝင်လာမယ့်သူတွေကို ကျနော်တို့ မလိုအပ်ပါဘူး” ဟု ထရမ့်က ၎င်း၏ ပို့စ်တွင် ဆက်လက်ရေးသားသည်။
ဗြိတိန်၏ စစ်စခန်းများ အသုံးပြုခွင့် မပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကာကွယ်ပြောဆိုခဲ့ပြီး မည်သည့်စစ်ဆင်ရေးမဆို တရားဥပဒေနှင့်ညီပြီး စနစ်တကျ စီစဉ်ထားသည်ကို မိမိအနေဖြင့် ဘဝင်ကျရန် လိုအပ်ကြောင်း စတာမာက ပြောကြားခဲ့သည်။
နောက်ပိုင်းတွင်မှု ဗြိတိန်စစ်စခန်းများအား စကာမာက အမေရိကန်ကို သုံံးခွင့်ပေးခဲ့သည်။
အေးကျော်
Ref: REUTERS
#MeKongNews
#အီရန်စစ်ပွဲ
#အနိုင်ရ
#ဗြိတိန်အကူအညီ မလိုဟု
#ဒေါ်နယ်ထရမ့်








