မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
အမေရိကန်နှင့် အစ္စရေးတို့၏ ယနေ့ တိုက်ခိုက်မှုအတွင်း အီရန် အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမေနီမှာ သေဆုံးသွားနိုင်ခြေ သို့မဟုတ် အနည်းဆုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု အစ္စရေးစစ်တပ်က ယူဆထားကြောင်း အစ္စရေးရုပ်သံ Channel 12 က ဖော်ပြသည်။
ခါမေနီနှင့် ပတ်သက်သည့် သတင်းများက ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ၎င်း၏ စံအိမ်ဝင်းမှာလည်း လုံးဝပျက်စီးသွားပြီ ဖြစ်ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။
အီရန်နိုင်ငံပိုင် မီဒီယာအချို့ကလည်း ခါမေနီသည် တိုက်ခိုက်မှု မဖြစ်ပွားမီကပင် ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့သွားခဲ့ကြောင်းနှင့် မကြာမီ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းလွှင့်နေသော်လည်း လက်ရှိအချိန်အထိ လူကိုယ်တိုင် ပေါ်ထွက်လာခြင်း မရှိသေးပေ။
အစ္စရေးနိုင်ငံပိုင် Kan TV သတင်းကမူ ခါမေနီနှင့် ဆက်သွယ်မှုများ ပြတ်တောက်နေပြီး ၎င်း၏ အခြေအနေအမှန်ကို မည်သူမျှ အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။
သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်မှာမူ ဘေးကင်းကြောင်း အီရန်ဘက်က ဆိုသည်။
အီရန်ကာကွယ်ရေးဝန်ကြီးနှင့် တော်လှန်ရေးအစောင့်တပ် (IRGC) တပ်မှူးအချို့ သေဆုံးသွားနိုင်ကြောင်း အစ္စရေးဘက်က ယူဆနေသော်လည်း အီရန်ဘက်ကမူ တပ်မှူး တစ်ဦး၊ ၂ ဦးခန့်သာ ဆုံးရှုံးသည်ဟု ဆိုထားသည်။
အီရန်မီဒီယာများကမူ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အဆင့်မြင့်အရာရှိကြီးများ သေဆုံးသည်ဆိုသည့် သတင်းများကို လက်ရှိအချိန်အထိ ငြင်းဆိုထားဆဲဖြစ်သည်။
Ref: CNN
#MeKongNews
#တိုက်ခိုက်မှု
#အီရန်
#အဓိပတိခေါင်းဆောင်
#ခါမေနီ
#သေဆုံး
#အစ္စရေး








