မဲခေါင်၊ ဇန်နဝါရီ ၂၀
ယခု လပိုင်းအတွင်း ထိုင်းတွင် လာရောက် အလုပ်လုပ်ရန် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် လုပ်သားများစွာ ဝင်ရောက်လာနေသည်ဟု ထိုင်းမီဒီယာများက ဖော်ပြနေရာ နယ်စပ်ဒေသများတွင် အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး လုပ်ငန်းခွင်များ အတွင်းအထိ လိုက်လံစစ်ဆေး အရေးယူသွားမည်ဟု ဇန်နဝါရီ ၁၈ ရက်၌ ထိုင်းအစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ အီရာဝန်ဖန်ရစ်က အတည်ပြု ထုတ်ပြန်သွားခဲ့သည်။
ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ပမှ တရားမဝင် ဝင်ရောက်လာသူများက ရယူ လုပ်ကိုင်နေကြခြင်းများကို ခွင့်ပြုမည် မဟုတ်သဖြင့် ခရိုင် အလုပ်သမားရေးရာရုံးများ၊ လုံခြုံရေးအေဂျင်စီများ ပူးပေါင်းပြီး စုံစမ်းထောက်လှမ်းခြင်း၊ ခိုးဝင်မှုများအား တားမြစ်ခြင်းနှင့် လုပ်ငန်းခွင်များ အတွင်းအထိပါ ဝင်ရောက် ရှာဖွေခြင်းများကို လုပ်ဆောင်တော့မည်ဟု အီရာဝန်ဖန်ရစ်က ဆိုသည်။
ယင်းစီမံကိန်းတွင် အလုပ်လုပ်ခွင့် ပါမစ်မပါဘဲ တရားမဝင်ခိုးဝင်ကာ အလုပ်လုပ်နေပါက ထိုသူအား ဒဏ်ငွေ ဘတ် ၅ ထောင် မှ ၅ သောင်းအထိ ဒဏ်ရိုက်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်သလို ပြစ်ဒဏ်ထိသည့် ရက်မှစတင်ပြီး ၂ နှစ်အတွင်း ထိုင်းတွင် အလုပ်ပါမစ် လျှောက်ထားခွင့် ပိတ်ပင်သွားမည်ဟု ထုတ်ပြန်သည်။
အလုပ်ရှင်များက ထိုသို့ တရားမဝင် လုပ်သားများကို ခေါ်ယူ အလုပ်လုပ်ခိုင်းပါက တစ်ဦး ဘတ်တစ်သောင်းမှ တစ်သိန်းအထိ ဒဏ်ရိုက်ပြီး အကြိမ်ကြိမ် ကျူးလွန်လျှင် ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅ သောင်း မှ ၂ သိန်း အထိ ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုင်းဒေသခံများအနေဖြင့် ပြည်ပမှ ခိုးဝင်လာသည့် မသင်္ကာဖွယ်ရာ လုပ်သားများတွေ့လျှင် တိုင်ကြားသတင်း ပေးရမည့် ဟော့လိုင်း ဖုန်းနံပါတ်များလည်း ထုတ်ပြန်ကာ လုံခြုံရေး တင်းကြပ်တော့မည်ဟု အီရာဝန်ဖန်ရစ်က ပြောသည်။
ကိုကလင်း
Ref: nationthailand
#MeKongNews
#တရားမဝင်လုပ်သား
#ခိုးဝင်
#လုပ်ငန်းခွင်
#ထိုင်းအာဏာပိုင်








