မဲခေါင်၊ ဇန်နဝါရီ ၄
ဗင်နီဇွဲလားနိုင်ငံရှိ အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ပတ်သက် ဆက်နွှယ်နေသူများ အားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေများကို အပြည့်အဝ လေးစားလိုက်နာလျက် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် ထိုင်းနိုင်ငံက တိုက်တွန်းလိုက်သည်။
အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ အကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဇန်နဝါရီ ၃ ရက် ဖြစ်ရပ်များအပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အခြေအနေများ ပိုမိုဆိုးရွား မလာစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် အရပ်သားများအား အကာအကွယ်ပေးရေးနှင့် ဗင်နီဇွဲလား ပြည်သူတို့၏ ဆန္ဒကို လေးစား လိုက်နာရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ပီရူးနိုင်ငံ၊ လီမာမြို့ အခြေစိုက် ဗင်နီဇွဲလားဆိုင်ရာ ထိုင်းတော်ဝင်သံရုံးက ဗင်နီဇွဲလားရောက် ထိုင်းနိုင်ငံသားများနှင့် နီးကပ်စွာ ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံသားများအား လက်ရှိအခြေအနေကို သေချာစွာ အကဲဖြတ်ရန်နှင့် လက်ရှိတွင် ယင်းဒေသသို့ မဖြစ်မနေ သွားရောက်ရမည့် ခရီးစဉ်များ မဟုတ်ပါက ပြန်လည် စဉ်းစားသုံးသပ်ရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြု တိုက်တွန်းထားသည်။
ဇန်နဝါရီ ၂ ရက် ညပိုင်းက ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်အား အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုများ အပြီး ဇန်နဝါရီ ၃ ရက်တွင် ဗင်နီဇွဲလားအာဏာရှင် သမ္မတ မာဂျူရိုနှင့်ဇနီးကို ဖမ်းဆီးနိုင်ခဲ့ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
Ref: Khaosod English
#MeKongNews
#ဗင်နီဇွဲလား
#ထိန်းထိန်းသိမ်းသိမ်း
#ထိုင်း
#တောင်းဆို








