မဲခါင်၊ ဒီဇင်ဘာ ၂၄
၁၅ နှစ်နီးပါး ပိတ်ထားသည့် ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကြီးကို ဂျပန်နိုင်ငံတွင် ပြန်လည် လည်ပတ်တော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။
၂၀၁၁ ခုနှစ်က ပြင်းအား ရစ်ချ်တာစကေး ၉ ရှိသည့် ငလျင်ကြီးလှုပ်ခတ်ကာ ဆူနာမီပါ ရိုက်ခတ်မှုကြောင့် ဖူကူ ရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံကြီး ယိုစိမ့်ပြီး ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲမှုနောက် အဆိုးရွားဆုံး နျူကလီးယား ကပ်ဘေးဆိုက်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိ နျူကလီးယားစက်ရုံ ၅၄ ရုံစလုံးကို ပိတ်ခဲ့ရသည်။
ကမ္ဘာ့နျူကလီးယားအသင်းကြီး၏ ထုတ်ပြန်ချက်အရ ဂျပန်သည် ကျန်ရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖို ၃၃ လုံးအနက် ၁၄ လုံးကို ပြန်လည် လည်ပတ်နေပြီဟု သိရကာ ယခု တိုကျိုမြို့ အနောက်မြောက်ဘက် ၁၃၆ မိုင် အကွာတွင် ရှိသော ဧက ၁၀၀၀ ကျယ်သည့် ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ ကာရှီဝါဇာကီ-ကာရီဝါကို လာမည့် ဇန်နဝါရီ ၂၀ ရက်၌ ပြန်လည် လည်ပတ်သွားမည်ဟု တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ – TEPCO က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြု ထုတ်ပြန်သွားခဲ့သည်။
ဖူကူရှီးမား နျူကလီးယားစက်ရုံကိုပင် စီမံလည်ပတ်သည် TEPCO ကပင် ယခု ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံ ကြီးအား ပြန်လည် လည်ပတ်မည်ဆိုသဖြင့် ဒီဇင်ဘာ ၂၂ ရက်မှာပင် ဖူကူရှီးမား နျူကလီးယားစက်ရုံ ယိုစိမ့်မှုကြီးအား မျက်မြင် တွေ့ခဲ့ရသော ဒေသခံ အယောက် ၃၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ခဲ့သည်။
သို့သော် ဖူကူရှီးမား ယိုစိမ့်မှုကဲ့သို့ နောက်နောင် မည်သည့် ကပ်ဘေးမျိုးမှ မရှိစေရဟု TEPCO က အာမခံသလို နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုတည်းကိုသာ ပြန်လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ၁ ဒသမ ၃၆ ဂစ်ဂါဝပ်သာ က နဦး ထုတ်လုပ်ပြီး ၂၀၃၀ ပြည့်နှစ်မှ နောက်ထပ် ဒုတိယ ဓာတ်ပေါင်းဖိုအား လည်ပတ်မည်ဟု ကတိပြုသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ကမ္ဘာ့အကြီးဆုံး
#နျူကလီးယား
#ဓာတ်အားပေးစက်ရုံ
#ဂျပန်








