မဲခေါင်၊ ဇွန် ၂၃
ဇွန် ၂၃ ရက်တွင် အစ္စရေးနှင့်အီရန်တို့ ၁၀ ရက်မြောက် အပြန်အလှန်ပစ်ခတ်မှုဖြင့် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးနိုင်ငံ ဗဟိုဒေသနှင့် တောင်ပိုင်းဒေသတို့သို့ အနည်းဆုံး အီရန် ဒုံးကျည် ၁၅ လုံး ရောက်ရှိခဲ့ကြောင်း၊ အီရန်ဘက်မှ လှိုင်း ၂ လှိုင်းခွဲပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားခဲ့သည့် တစ်လျှောက် ဂျေရုဆလင်နှင့်အက်ရှ်ဒေါ့မြို့များတွင် လေကြောင်းအန္တရာယ်အချက်ပေး ဥဩသံ အရှည် ကြာဆုံးအဖြစ် မိနစ် ၄၀ နီးပါး ဆူညံနေခဲ့သည်ဟု သိရသည်။
အစ္စရေးဘက်မှ ပေါက်ကွဲသံများ ဆက်တိုက်ကြားရသော်လည်း သေကြေဒဏ်ရာရမှုကို မထုတ်ပြန်သောကြောင့် မသိရှိရဘဲ နိုင်ငံတောင်ပိုင်းဒေသများတွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့် အတွက် ထိုဒေသတွင် ထိခိုက်ပျက်စီးမှုများရှိနိုင်သည်ဟု အစ္စရေး Hayom သတင်းစာက ဖော်ပြသည်။
ဇွန် ၂၃ ရက် အစောပိုင်းတွင် အစ္စရေးဘက်မှ အီရန်နိုင်ငံ တီဟီရန်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင်အကျဉ်းထောင်၊ အီရန်တော်လှန်ရေးအစောင့်တပ် ရုံးချုပ်၊ ပါလက်စတိုင်းရင်ပြင်၊ ဘာဆစ်ဂျ် အီရန် အရန်တပ်ရင်း ပစ်မှတ်များကို ပစ်ခတ်ခဲ့သလို ဇွန် ၂၂ ရက်က ပစ်ခတ်ခံရသည့် Fordo မြေအောက် နျူကလီးယားအဆောက်အအုံကိုပါ ထပ်မံ ပစ်ခတ်ထိမှန်ခဲ့သည်ဟု သိရသည်။
Fordo မြေအောက် နျူကလီးယားအဆောက်အအုံသည် ဇွန် ၂၂ ရက်နေ့ အမေရိကန်၏ တိုက်ခိုက်ခံရမှုမှာပင် ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ဇွန် ၂၃ ရက် ထပ်မံပစ်ခတ်ခံရမှုတွင်လည်း ပိုမို ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ထုတ်ပြန်သည်။
နှစ်နိုင်ငံ ၉ ရက်အတွင်း အပြန်အလှန်ပစ်ခတ်မှုတွင် အစ္စရေးဘက်မှ ကြေညာမှုအရ အနည်းဆုံး ၂၅ ယောက်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အီရန် ကျန်မာရေးဝန်ကြီးဌာန ကြေညာ ချက်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်၌ အနည်းဆုံး အယောက် ၄၃၀ သေဆုံးကာ ၃၅၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ကိုကလင်း
Ref: aa
#MeKongNews
#အီရန်
#အစ္စရေး
#အပြန်အလှန်ပစ်ခတ်
#တီဟီရန်








