မဲခေါင်၊ မေ ၁၃
ရှမ်းပြည်နယ် တောင်ပိုင်းက မုန်တိုင်းလမ်းကြောင်းနဲ့ ဝေးကွာလှတဲ့ တောင်ပေါ်ဒေသ ဟိုပုံးမြို့မှာ ဒီနေ့ မနက်ပိုင်းက မိုချာ မုန်တိုင်း အန္တရာယ် ကျရောက်လာပါက အရေးပေါ် ကယ်ဆယ်ရေးဖို့ ဆိုပြီး စစ်ကောင်စီ လက်ပါးစေတွေ လှေအသုံးပြု ဇာတ်တိုက် လေ့ကျင့်မှုအပေါ် ဒေသခံတွေက ဝေဖန် ပြောဆိုနေကြပါတယ်။
အဲ့ဒီ လေ့ကျင့်မှုကို ဒီနေ့ မနက်ပိုင်း ဟိုပုံးမြို့လယ် မွေတော်ဘုရားကြီးရှေ့က လွတ်လပ်ရေး ကျောက်တိုင်ကွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကြက်ခြေနီတွေ ပူးတွဲ လေ့ကျင့်ခဲ့တာဖြစ်ပြီး စစ်တပ်က သိမ်းဆည်းထားတဲ့ ကယ်ဆယ်ရေး ပစ္စည်း တချို့ကို သယ်လာပြီး လေ့ကျင့်ခဲ့တာလို့ ဟိုပုံးမြို့ခံတွေက ပြောပါတယ်။
“မရောင်ရာ ဆီလူး ကြတာ။ ရေကြီးတာက သဲလမ်း ကတ္တရာလမ်း ဖောက်ထားပြီး ရေနုတ်မြောင်း မလုပ်ထားပေးလို့ ကြီးတာ။ တောင်ပေါ်မြို့မှာ ကယ်ဆယ်ရေး အတွက် ဆိုပြီး လှေကြီးပါ ထုတ်လာတာ တော်တော်ရုပ်ပေါက်တယ်။ ကွင်းထဲက သူ့ဘာသာနေတဲ့ သစ်ပင်တွေပါ ခုတ်သွားတာ” လို့ ဟိုပုံးမြို့ခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ဟိုပုံးမြို့ကနေ ၂ မိုင်ခန့်သွားရတဲ့ လူနေရပ်ကွက် တစ်ခုမှာ ရက်ပိုင်းခန့် ရေကြီးခဲ့ရာ ရေနုတ်မြောင်းတွေ မဖောက်ထားလို့ ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီရေကြီးမှုကို တားဆီးနိုင်ဖို့ ရေနှုတ်မြောင်းတွေ ဖောက်ရမှာဖြစ်ပြီး စစ်ကောင်စီက မော်တော်ဘုတ်တွေနဲ့ မုန်တိုင်း အတွက် ကြိုတင် ပြင်ဆင်ရေး လုပ်ပြတာဟာ ဟန်ပြဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုပုံမြို့ဟာ အစဉ်အလာအရ ရေကြီးလေ့ မရှိတဲ့ တောင်ပေါ်မြို့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ မော်တော်ဘုတ်တွေနဲ့ မုန်တိုင်း အန္တရာယ်ြ ကိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်ဟာ ဒေသခံတွေကြား လှောင်ရယ်စရာ ဖြစ်နေခဲ့ပါတယ်။
မိုးလေဝသ ခန့်မှန်းချက်တွေအရ မိုချာ မုန်တိုင်းကြောင့် တောင်ကြီးခရိုင်မှာ မိုးသည်းထန်စွာ ရွာမယ်လို့ သိရပါတယ်။
CJ-001
#MeKongNews
#ဟိုပုံး
#စစ်ကောင်စီ
#မုန်တိုင်း