(ဘာသာပြန်ဆောင်းပါး)
ဆရာဝန်နဲ့ သူနာပြုဆိုတာ ကမ္ဘာမှာ မရှိမဖြစ် လူသားကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကြတဲ့ ဆရာဂိုဏ်းဝင် မေတ္တာရှင်တွေလို့ ဆိုရပါမယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးလုံးအပေါ် အခြေခံပြီး စိတ်ဓာတ်လည်း ခိုင်မာရမယ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်လည်း အပြည့်ရှိရမှာဖြစ်သလို နောက်ဆုံး ကယ်တင်ဖို့မတတ်နိုင်တော့ရင်လည်း ဥပေက္ခာတရားကို နားလည်ခံစားပြီး လုပ်စရာရှိတာ ဆက်လုပ်ဖို့ ပညာများစွာ သင်ကြားရင်း လောကကို ကောင်ကျိုးပြုကြသူတွေ မဟုတ်ပါလား။
ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတော်ကြီးမှာတော့ ဒီကနေ ဆရာဝန်တွေ၊ သူနာပြုတွေ ဘယ်ဘ၀ရောက်နေခဲ့ကြရပါပြီလဲ။ The New York Times သတင်းဌာနကြီးက ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဘန်ကောက်ပို့စ်က ဒီရက်ပိုင်းမှာ ပြန်လည်ဖော်ပြလာတယ်။ ခေါင်းစဉ်က မြန်မာစစ်ပွဲက ဆရာဝန်နဲ့ သူနာပြုတွေကို ပြည့်တန်ဆာနယ်ထဲ တွန်းပို့ခဲ့ပြီ တဲ့။ ရင်နာစရာကောင်းလိုက်တဲ့ ဖြစ်ရပ်မှန်ကြီးပေါ့။
ဆရာဝန်ဖြစ်ဖို့ မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ကို ၇ နှစ်ကြာ ငွေကုန်ကြေးကျ များစွာနဲ့ ရင်းနှီးပေးဆပ်ပြီး ဘွဲ့ရဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ မိသားစုရဲ့ ငွေကြေးတတ်နိုင်စွမ်း အားလုံးရင်းပြီး တက်ရောက်သင်ကြားရတာပါ။ သူမ ဆရာဝန်ဘွဲ့ကို အရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဘွဲ့လည်းရ၊ အလုပ်လည်းရပြီး ၁ လအကြာမှာပဲ သူမရဲ့ အိပ်မက်တွေဟာ မှုန်းဝါးကွယ်ပျောက်ဖို့ စလာတော့တာပါပဲ။
၂၀၂၁ ဖေဖော်ဝါရီလမှာပဲ မြန်မာနိုင်ငံမှာ မချုပ်ငြိမ်းနိုင်သေးတဲ့ စစ်အာဏာသိမ်းမှုကြီး ထပ်ဖြစ်လာခဲ့တယ်။ ကိုဗစ်ကပ်ဆိုးကြောင့် လှုပ်ခါယမ်းသွားတဲ့ မြန်မာ့စီးပွားရေးဟာ စစ်အာဏာသိမ်းမှုမှာ အပြီးတိုင် ခြွေချခံလိုက်ရသလို ဖြစ်သွားခဲ့ရပါရော။ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်။
သူ့ကိုယ်သူ မေ လို့သာ အမည် ပြောပြတဲ့ ဆရာဝန်မလေး သူမရဲ့ လစာက တစ်လ ၄၁၅ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေရရှိပါတယ်။ မြန်မာနိုင်ငံသားအတွက် မနည်းတဲ့ လစာဆိုပေမယ့် ဖခင်က ကျောက်ကပ်ဝေဒနာရှင်ဖြစ်လာတော့ ဆေးကုသစားရိတ်နဲ့ မိသားစု စားဝတ်နေရေးမှာ လုံလောက်တဲ့ တတ်နိုင်စွမ်း မရှိတော့ဘူး။ ဆရာဝန်ဘ၀ကို သွားစပြုနေချိန် သူမ ရဲ့ စိတ်ပျက်အားငယ်မှုတွေက ပိုပြီး တိုးသထက်တိုးလာတယ်။
ဒီတော့လည်း သူ့ထက်ဝင်ငွေ အနည်းဆုံး ၂ ဆ ကျော်ပိုရတဲ့ Date Girls ဆိုတဲ့ ဖုန်းဆက်ချိန်းဆို ခန္ဓာကိုယ် အသွေးအသားရောင်းစားသူတွေနဲ့ တွေ့ခဲ့ရတယ်။ ငွေရဲ့ ဖျားယောင်းမှုနဲ့ မတတ်စွမ်းနိုင်တော့တဲ့ ခေတ်ပျက်ထဲ သူမဆိုတဲ့ ဆရာဝန်မလေး အမျိုးသားတွေရဲ့ ငွေနဲ့ ဝယ်တဲ့ လိင်ပိုင်းဆိုင်ရာ အသွေးအသားရောင်းစားမှု အသိုင်းအဝိုင်းထဲ ရောက်သွားခဲ့ရတယ်။
“ဒီဘဝက လက်ခံနိုင်ဖို့ သိပ်ခက်ခဲလှပါတယ်။ ကျွန်မရဲ့ ဘ၀မှာ နှစ်ပေါင်းများစွာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ပညာတွေ တစ်စိုက်မတ်မတ်သင်ယူခဲ့ရတာပါ။ နောက်ဆုံးတော့ ကိုယ့်အသွေးအသား ရောင်းစားရတဲ့ဘ၀ကို ရောက်သွားစေတယ်လေ” လို့ မေ က ဝမ်းနည်းလှိုက်ဖိုစွာနဲ့ ပြောပြတယ်။
၂၆ နှစ် ရှိပြီဖြစ်တဲ့ မေဆိုတဲ့ ဆရာဝန်မလေး နေထိုင်ရာ မန္တလေးမြို့မှာ ပြည့်တန်ဆာလုပ်စားနေခဲ့တာ ၁ နှစ်ကျော်ခဲ့ပြီပေါ့။ ဒီဆောင်းပါးအတွက် မေးမြန်းစုံစမ်းသမျှသော ကာယကံရှင်တွေအားလုံး နာမည်အရင်းနဲ့ နာမည်အပြည့်အစုံကို မပြောပြပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့သမီးလေးက ဆရာဝန်လေလို့ ဂုဏ်ယူဝင့်ကြွားစွာပြောလေ့ရှိတဲ့ မိဘနဲ့မိသားစုက မေ တစ်ယောက် ပြည့်တန်ဆာလုပ်နေတာကို လုံး၀မသိကြတာရော၊ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်လုပ်ငန်းဖြစ်တာကြောင့်ရောပေါ့။
စစ်အာဏာသိမ်းမှုနဲ့ တစ်ဆက်တည်းဖြစ်တည်လာတဲ့ ပြည်တွင်းစစ်ပွဲကြောင့် မြန်မာ့စီးပွားရေးဟာ အလုံးစုံ ပျက်စီးယိုယွင်းသွားခဲ့ပါပြီ။ ဒီနှစ်ထဲ စက်ရုံတွေမှာ လျှပ်စစ်မီးမရမှု၊ ပြည်သူတွေထဲမှာလည်း လျှပ်စစ်မီးမရမှုတွေက ရှောင်လွှဲမရခဲ့တဲ့ကြား ရုတ်တရက် မိုးကြီးရေလွှမ်းမိုးမှုဒဏ်တွေကလည်း အသက်ပေါင်းများစွာကို သေကြေပျက်စီးစေခဲ့တော့ ငွေကြေးဖောင်းပွမှုနှုန်းက ၂၆ % မြင့်တက်လာတယ်။
တရုတ်နယ်စပ်တစ်လျှောက်၊ ထိုင်း နယ်စပ်တစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားခြင်းကနေ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းတွေလည်း ရပ်ဆိုင်းပြီး စီးပွားရေးက ဆိုးသထက် ဆိုးရွားလာတယ်။ ဒီနှစ်ထဲ ဒေါ်လာစျေးနဲ့ ကျပ်ငွေတန်ကြေး ဖလှယ်မှုမှာ ကျပ်ငွေ တန်ဖိုးက ၅ ပုံ ၂ ပုံအထိ ထပ်မံတန်ဖိုးကျဆင်းသွားတယ်။ မြန်မာနိုင်ငံသား အားလုံးထဲက တစ်ဝက်နီးပါးဟာ ဆင်းရဲမွဲတေသူတွေ စာရင်းဝင်သွားတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုတယ်။
ဒီဘေးဥပါဒ်ကြောင့်ပဲ ဆရာဝန်မလေးတွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုဆရာမတွေနဲ့ ပညာရေးနယ်ပယ်က ပရော်ဖက်ရှင်နယ် ဝန်ထမ်းမိန်းကလေးတွေဟာ ပြည့်တန်ဆာလုပ်ငန်းရဲ့ အပူရှိန်အောက်ထဲ တိုးဝင်ခဲ့ကြရတယ်။ ဒီ လိင်ကုန်ကူးမှု နယ်ပယ်ထဲ အမျိုးသမီးဘယ်နှယောက် ထောင်ခြောက်မိခဲ့သလဲ ဆိုတာ ခြေရာခံဖို့က ခက်ခဲပါတယ်။ လမ်းမတွေပေါ်မှာတော့ မိန်းကလေးတွေ ပြည့်တန်ဆာအဖြစ် လူလုံးပြနေထိုင်မှု မြင်ကွင်းတွေကတော့ မမြင်ချင်မှအဆုံး များသထက်များလာတယ်။
ဒီဆောင်းပါနဲ့ပတ်သက်လို့ ဒါဇင်ဝက်လောက်ရှိတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ အင်တာဗျူခဲ့ပါတယ်။ ဒီထဲမှာ ၄ ယောက်က ပညာတတ် white-collar workers အဝန်းအဝိုင်းထဲက သူတွေပါ။ ဘ၀ ရှင်သန်နေထိုင်ရပ်တည်နိုင်ဖို့ ဒီလောက် ပညာတတ်အသိုင်းအဝိုင်းက အဖိုးတန်အမျိုးသမီးလေးတွေတောင် ငွေရဖို့ သူစိမ်းအမျိုးသားတွေနဲ့ လိင်ဆက်ဆံပေးရတဲ့ အလုပ်တွေကို ရွေးချယ်နေခဲ့ကြရတယ်ဆိုတာ သိရတော့ ရင်နာဖို့ ကောင်းလှပေစွ။
၂၀၂၁ စစ်အာဏာသိမ်းခံရအပြီး ဆန့်ကျင်တော်လှန်ဆန္ဒပြသူတွေထဲ အမျိုးသမီးထုက ရှေ့ဆုံးတန်းက ပါဝင်ခဲ့ကြပါတယ်။ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြကြတယ်။ အာဏာသိမ်းစစ်သားတွေကို ဆန်ကျင်ခြင်းအဖြစ် ထမီတွေ၊ အတွင်းခံတွေကို စစ်သားတွေလာရာလမ်းမှာ မိုးပေါ် ကြိုးတန်းတင် လှမ်းခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ စတေးခဲ့ကြတာပါ။
မြန်မာ့သမိုင်းမှာ စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ခါးစည်းခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ လွတ်မြောက်လိုခြင်း မျှော်လင့်ချက်တွေဟာ တုန်ခါနေခဲ့တာက တစ်ဖက်၊ အခြားတစ်ဖက်မှာလည်း ဒုက္ခတွေကို ခါးစည်းမခံနိုင်တော့ဘဲ ပြည့်တန်ဆာဘောင်ထဲ ဝင်ရောက်လာကြရတဲ့ အမျိုးသမီးထုကလည်း များသထက်များ လာခဲ့ရပါတယ်။ ဒီဆင်းရဲဒုက္ခက အဆုံးမသတ်နိုင်သေးပါဘူး။
စစ်အာဏာရှင်ဟာ တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်မှုမှာ စစ်ရှုံးပြီး နယ်မြေပေါင်းများစွာကို လက်လွှတ်ဆုံးရှုံးနေရတယ်ဆိုပေမယ့် အာဏာရှင်တွေဟာ မြို့ကြီးတွေကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒီမြို့ကြီးတွေ က ဇိမ်ခန်းတွေ၊ ကာရာအိုကေဘားတွေ၊ နိုက်ကလပ်တွေ၊ ဟိုတယ်တွေမှာ အမျိုးသမီးပြည့်တန်ဆာ အရေအတွက်ကလည်း တိုးပွားသထက် တိုးပွားလာနေခဲ့ပါတယ်။
သူမကလည်း နောက်တစ်ယောက်။ မန္တလေး ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြု ဆရာမလေး ဇာ တဲ့။ ဆေးရုံက ဆရာဝန်တွေလည်း ဆန္ဒပြမှုမှာ ပါဝင်ကုန်ပြီး CDM တွေ လုပ်ကုန်ကြတော့ စစ်ကောင်စီက ဆေးရုံကို ပိတ်ပစ်လိုက်တယ်။ လူကြီး၊ ကလေး၊ ငယ်ငယ်ရွယ်ရွယ် ဘယ်သူ့ကိုမဆို အညစ်အကြေးကိစ္စပါ မရွံမရှာ ကိုင်တွယ် ပြုစုစောင့်ရှောက်ပေးရတဲ့ နှလုံးသားလှသူ သူနာပြုမလေး ဇာ မှာလည်း ရွေးစရာ လမ်းမရှိတော့ဘူး။ သူငယ်ချင်းတစ်ယောက်က ငွေရှာဖို့ Date Girls ဘ၀သာ ရွေးချယ်ဖို့ အကြံပြုတိုက်တွန်းလာတယ်။
ပြည့်တန်ဆာလို ဆောင်ကြာမြိုင်မှာ ပေါ်တင်ထိုင်စောင့်၊ အလှည့်ကျ ဝန်ထမ်းရတဲ့ အဆင့်မျိုးထက် ဖုန်းနဲ့ ချိတ်ဆက်ပြီးမှ ခေါ်သူဆီသွားရတဲ့ Date Girl ဘ၀က နည်းနည်း အခါးသက်သာတယ် ထင်စရာရှိခဲ့ပုံပါပဲ။ ၂၅ နှစ်သာရှိသေးတဲ့ ဇာ ဆိုတဲ့ သူနာပြုဆရာမလေး ဒီဘ၀ရဲ့ ပထမဆုံး Date လုပ်မှုမတိုင်ခင် ငါဒီအလုပ်ကို ဘယ်လိုလုပ်ရမလဲတွေးတယ်။ နည်းလမ်း နိဿရတွေကို သိရဖို့ အပြာကားတွေ ကြည့်ရတယ်တဲ့။
ဇာ အတွက် ပထမဆုံးဖောက်သည်က အသက် ၄၀ အရွယ် တရုတ်အမျိုးသားတစ်ယောက်ပါ။ ဗမာလို နည်းနည်း ပြောတတ်တယ်။ အင်္ဂလိပ်လို့ လုံး၀မပြောတတ်တဲ့သူ။ ရေချိန်အမှတ်တစ်ခုအရောက် ကွန်ဒုံးမသုံးဘဲ ဆက်ဆံဖို့ ကြိုးစားလာသတဲ့။ သူနာပြုဖြစ်တော့ ဒီတောင်းဆိုမှုကို လက်မခံဘဲ ကွန်ဒုံးစွပ်ခိုင်းခဲ့ရတယ်လို့ ဇာ က ပြောပြတယ်။ “ပထမဆုံးအတွေ့အကြုံက မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ မကုန်ဆုံးနိုင်တဲ့ ထာ၀ရ နာရီမိနစ်လက်တံတွေလိုပါပဲ၊ ငရဲ စစ်စစ်ကျရတာမျိုးလေ” လို့ ရင်ထုမနာ ပြောရှာတယ်။
မကြာသေးတဲ့ အင်္ဂါနေ့က သူမဖုန်းရဲ့ တယ်လီဂရမ်လူမှုကွန်ရက်ကနေ Message ဝင်လာတယ်။ သူမရဲ့ နောက် ထပ် ဖောက်သည်သစ်။ နာမည်ဘယ်သူ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က ဘာ၊ သွားရမယ့် ဟိုတယ်နေရာနဲ့ အချိန် ဆိုတဲ့ ခိုင်းစေမှုတစ်ခုက ထပ်ရောက်လာပါတော့တယ်။
ဇာ ဆိုတဲ့ လူသားခန္ဓာဗေဒ အကုန်ကို မရှက်၊ မကြောက်၊ မရွံမရှာ သိမြင် စောင့်ရှောက်ပေးရသူ သူနာပြုတစ်ယောက် အရာရာကို ရွံရှာစွာနဲ့ပဲ ပန်းရောင်ဝတ်စုံကို ဝတ်၊ ပိုက်ဆံအိပ်ထဲ ကွန်ဒုံး ပါ၊ မပါစစ်ဆေးပြီး ခန္ဓာ စတေးခံဖို့ ချိန်းဆိုရာနေရာကို သွားခဲ့ရပါတော့တယ်။ အဲဒီညက ဇာ တစ်ယောက် ဒေါ်လာ ၈၀ ရခဲ့တယ်။ သူမအရင် သူနာပြုအလုပ်မှာ တစ်လလုံးလုပ်မှ ရတဲ့ ဝင်ငွေပမာဏကို တစ်ညတည်းနဲ့ ရလိုက်နိုင်တယ်။
“သိပ်ရှက်ဖို့ကောင်းတဲ့ အလုပ်လို့ ခါးခါးသီးသီး ခံစားရပါတယ်။ ဒီလိုအလုပ်မျိုးမှာ ပျော်ရွှင်နိုင်စရာလည်း ဘာမှ မရှိပါဘူး။ ဒါပေမဲ့ လိုအပ်မှုသက်သက်ကြောင့် မငြင်းနိုင်ခဲ့တဲ့ အလုပ်ပေါ့” လို့ ဇာက ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြပါတယ်။
အမျိုးသမီးတွေအတွက် စိတ်ပျက်အားငယ်ရခြင်းက ဥပဒေကိုချိုးဖောက်ပြီး လိင်လုပ်သားဘ၀တွေဆီ ဖိအား ပေးတွန်းပို့နေခဲ့တာမျိုးပါပဲ။ ဒီအလုပ်မှာ ရဲကဖမ်းဆီးပြီးရင် လိင်အမြတ်ထုတ်ရုံမက လွှတ်ပေးဖို့ ငွေညှစ်တဲ့ ဒုက္ခ ကိုပါ ခါးစည်းခံကြရတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းရှိပါတယ်။
စစ်အုပ်ချုပ်ရေး ကာလတွေက နှစ်ရှည်လများ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ကြုံဆုံခံစားရတဲ့ အရာပါ။ ၂၀၁၁ မှာ အရပ်သားအစိုးရ အုပ်ချုပ်ခွင့်စရတော့ လူလတ်တန်းစားနှုန်း ကြီးထွားလာတယ်။ အခြေခံလူတန်းစားတွေထဲက လူလတ်တန်းစားဘ၀တွေဆီ မြင့်တက်လာနိုင်ကြတာပါ။ ဒါပေမဲ့ အခုတော့ ဒီလူလတ်တန်းစားတွေထဲက ၅၀ ရာခိုင်နှုန်းဟာ အာဏာသိမ်းမှု နောက်ပိုင်းမှာ အောက်ခြေလူတန်းစားဘ၀ထဲကို ပြန်လည် ဇောက်ထိုးဆင်းသွားရပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ဖော်ပြသွားတယ်။
မြန်မာနိုင်ငံရဲ့ ထီးနန်းစိုက်ရာမြို့၊ နိုင်ငံရဲ့ဒုတိယမြို့တော် မန္တလေးမှာပဲ ဆု လို့ခေါ်တဲ့ နောက်ထပ် ဆရာဝန်မလေး တစ်ယောက်လည်း စစ်အာဏာသိမ်းခြင်းနဲ့ ပြည်တွင်းစစ်နောက်ကွယ်မှာ ပြည့်တန်ဆာလမ်းပေါ် တစ်စိတ်တစ်ပိုင်းလျှောက်လှမ်းရတဲ့ ဘ၀ရောက်ခဲ့ရပါသေးတယ်။
အရင်ကတော့ ဂုဏ်ရည်တူ ဆရာဝန် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စင်ကာပူ၊ အိန္ဒိယ၊ နီပေါစတဲ့ ပြည်ပနိုင်ငံတွေကို အားလပ်ရက် ခရီးတွေထွက်၊ စျေးတွေဝယ်နဲ့ သာယာခဲ့တဲ့ ဆရာဝန်မလေး တစ်ယောက်ပေါ့။
အာဏာသိမ်းပြီးနောက် ကြက်ဥကအစ သွားတိုက်ဆေးအဆုံး ကုန်စျေးနှုန်းတွေ အဆမတန်တက်လာတော့ စုဆောင်ထားတာတွေလည်းကုန်၊ အရင်လိုလည်း စားသောက်သွားလာနေထိုင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကနေ သူမ သွားလာလည်ပတ်ရာနေရာတွေဟာ မြန်မာနိုင်ငံထဲက အထင်ကရ နေရာတွေလောက်သာ ရန်ဖန်ရန်ခါ ရှိပါတော့တယ်။
အရင်လို ပြည်ပကို ဈေးဝယ်ထွက်၊ စားကောင်းသောက်ဖွယ်တွေ စားခဲ့ရတဲ့ ဆရာဝန်မလေး ပြည်တွင်းခရီးစဉ်တွေမှာ စားရတဲ့ အစားအသောက်တွေတောင် အရင်ကထက် တန်ကြေး ၁၆၀ ရာခိုင်နှုန်း မြင့်တက်သွားတော့ ဘ၀က ခါးပြီလေ။
၂၀၂၃ ခုနှစ်မှာ ၂၈ နှစ်အရွယ် ဆရာဝန်မလေး ဆု တစ်ယောက် မျက်စိစုံမှိတ်ပြီး ဆရာမကြီး (ခေါင်းမကြီး) တစ်ယောက်ဆီ သူမရဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ ပို့ပေးခဲ့ပြီး ဖောက်သည် ရှာပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဖောက်သည်ရလို့ ည အပြင်ထွက်ရရင် မိဘတွေကတော့ ဆေးရုံမှာ ညဂျူတီပြောင်းကျတယ်ထင်ပြီး ပညာတတ်ဆရာဝန် သမီးရတနာလေးကို စိတ်ချ လက်ချနဲ့ ခေါင်းချ အိပ်ပျော်ကြတာပေါ့။
“ကျွန်မက ကလေး အထူးကု ဆရာဝန်ကြီးဖြစ်ချင်ခဲ့တာ။ ကလေးတွေကို ကူညီကယ်ဆယ်ချင်တာ။ ဒါပေမဲ့ အာဏာသိမ်းမှုနဲ့ မိသားစုဝင်ငွေအခြေအနေကြောင့် တခြားရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ ကျွန်မ မက်ခဲ့တဲ့ အိပ်မက်ဘ၀နဲ့ တကယ့် လက်တွေဘ၀ကတော့ မိုးနဲ့မြေ ခြား နိမ့်ပါးသွားခဲ့ရပါပြီ” လို့ ရှိုက်သံသဲ့သဲ့နဲ့ ပြောရှာပါတယ်။
စီးပွားရေးကပ်ဆိုက်မှုတိုင်းမှာ အရင်ဆုံးနဲ့ အဆိုးရွားဆုံး ခံစားနစ်နာရတာက အမျိုးသမီးထုဆိုတာ ပုံသေနည်းပါပဲ။ ပုံမှန်အခြေအနေမှာတောင် အမျိုးသမီးတွေဝင်ငွေဟာ အမျိုးသားတွေဝင်ငွေနဲ့ယှဉ်ရင် တော်တော်လေး နိမ့်ပါးလေ့ရှိတယ်။
ဧပြီကနေ ဇွန်လအတွင်း စစ်တမ်းကောက်ယူလေ့လာမှုတစ်ရပ်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသမီး လုပ်သားတစ်ယောက် ပျမ်းမျှ တစ်ရက်တာ လုပ်ခဟာ ၅ ဒေါ်လာနှုန်းပဲ ရှိပါတယ်။ တူညီတဲ့အလုပမှာကို အမျိုးသားတွေက အမျိုးသမီး တွေထက် တစ်ရက်လုပ်ခ ၄၀ ရာခိုင်နှုန်း ပိုမို ရရှိကြတယ်လို့ အဖြေထွက်ခဲ့ပါ တယ်။ အလုပ်လက်မဲ့နှုန်းမှာလည်း အမျိုးသားတွေထက် အမျိုးသမီးတွေနှုန်းက တော်တော်ကြီးကို များပြားစွာ တည်ရှိနေခဲ့ပါတယ်။
အထည်ချုပ်စက်ရုံတွေဆိုတာ မြန်မာနိုင်ငံ ကျေးရွားတွေ၊ ဆင်ခြေဖုံးတွေက အမျိုးသမီးတွေအတွက် အသက်သွေးကြော အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ခဲ့ပါတယ်။ စီမံကိန်းလျာထားခဲ့မှုအရ ၂၀၂၆ မှာ အထည်ချုပ် ဝန်ထမ်းပေါင်း ၁.၆ သန်းရှိလာမယ်လို့ ခန့်မှန်းထားခဲ့ပြီးသားပါ။
အခုတော့ စစ်အာဏာသိမ်းမှုကြောင့် များပြားလှစွာသော အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းရပ်ဆိုင်းကုန်ကြပါပြီ။ စစ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံက ထွက်သွားတဲ့ ပြည်ပအထည်ချုပ်လုပ်ငန်းတွေကလည်း မနည်းမနောမို့ ခံစားရတာ မြန်မာအမျိုးသမီးထုပါပဲ။
၂၅ နှစ်အရွယ် မြ ဆိုတဲ့ Single Mother အထည့်ချုပ်အလုပ်သမလေး ဘ၀ကလည်း ကြားရသူအပေါင်း ရင်လှိုက် ဆို့နင့်ဖွယ်ရာပါ။ ဘာကြောင့် Single Mother ဖြစ်ရသလဲဆိုတော့ ၂၀၂၁ ခုနှစ်က မတရား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း စစ်သားတွေရဲ့ ပစ်သတ်ခြင်းခံလိုက်ရလို့ ဒီကနေ ၃ နှစ်အရွယ် သမီးလေးနဲ့ ဘ၀ရပ်တည်နိုင်ရေး တိုက်ပွဲဝင်နေရရှာပါပြီ။
အထည်ချုပ် အလုပ်သမလေးမို့ ပိတ်သွားတဲ့ စက်ရုံကြောင့် နောက်စက်ရုံမှာ အလုပ်ရဖို့ ထီးဖြူဖိနပ်ပါးအောင် အလုပ်သစ်လိုက်ရှာခဲ့ပါတယ်။ ဘယ်အလုပ်ကမှ စာနာသနားပြီး အလုပ်မပေး နိုင်ကြပါဘူး။ ရှိသမျှသောအရာတွေကို ၃ နှစ်သမီးလေး အသက်ဆက်နိုင်ရေး ပေါင်နှံရောင်းချရာက ပြုတ်ပြုတ် ပြုန်းကုန်သွားပြီဖြစ်တော့ လွန်လေသူ ချစ်ခင်ပွန်း တမလွန်ကနေ ရင်ကျိုးနိုင်တဲ့ ပြည့်တန်ဆာ လုပ်ငန်းထဲ တိုး ဝင်၊ သမီးလေးဘ၀အတွက်ဆိုတဲ့ မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ အသွေးအသားကို ရောင်စားနေခဲ့ရပါပြီ။
“လူတွေက ကျွန်မလုပ်တဲ့အလုပ်ကြောင့် အမျိုးမျိုး ဝေဖန်ကဲ့ရဲ့ အကဲဖြတ်ကြတယ်။ ဒါပေမဲ့ သူတို့နားမလည်နိုင်တာက ဆာလောင်မှုဆိုတဲ့ အကြောင်းတရား၊ ဘာမှမရှိတဲ့ဘ၀မှာ ကိုယ့်ရင်သွေးလေး ဆာလောင်နေတဲ့ ခံစားမှုအပေါ် မြင်ရတဲ့အမေတစ်ယောက်ရဲ့ ခံစားချက်ကိုပါ။ နေ့တိုင်း ဒီလမ်းကနေ ပြန်ထွက်ခွာနိုင်ဖို့ ကျွန်မ အမြဲဆုတောင်းနေခဲ့ပါတယ်” တဲ့။
The New York Times က ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကို ဘန်ကောက်ပို့စ်က ၂၀၂၄ ဒီဇင်ဘာ ၁၆ ရက် မှာ ပြန်လည် ဖော်ပြပေးတဲ့ Myanmar’s war has forced doctors and nurses into prostitution ကို ဆီလျှော်အောင် ဘာသာပြန်ဖွဲ့ဆို တင်ပြလိုက်ခြင်းဖြစ်ပါသည်။
MKF-001
#MeKongNews
#စစ်အာဏာသိမ်း’
#ပြည့်တန်ဆာ
#အမျိုးသမီး
#ဒိတ်ဂဲလ်
#ဆရာဝန်
#သူနာပြု
#မဲခေါင်ဘာသာပြန်
#ဆောင်းပါး








