မဲခေါင်၊ ဒီဇင်ဘာ ၂
အခေါက်ရွှေဈေးနှုန်း တစ်ရက်တည်းနဲ့ တစ်ကျပ်သားကို ကျပ် ၂ သောင်းကျော်မြင့်တက်ကာ အရောင်းအဝယ် မှောင်ခိုသဘောသာပြုလုပ်နေရတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝန်းက စုံစမ်းသိရှိရပါတယ်။
မနေ့က အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ကျပ် ၃၆ သိန်းကျော်ရှိခဲ့ရာမှ ဒီနေ့မှာတော့ ၃၆ သိန်း ၇ သောင်းအထိ မြင့်တက်နေတယ်လို့ ဈေးကွက်အတွင်း သတင်းအရသိရပါတယ်။
လက်ရှိ အခြေနေတွေကြောင့် ကုန်သွယ်ရေးအပိုင်း ထိခိုက်လာတဲ့အပြင် စစ်ကောင်စီက လုပ်ငန်းရှင်များကို နိုင်ငံခြားငွေအပြည့်အဝရောင်းချနိုင်ခြင်းမရှိတဲ့အတွက် ဒေါ်လာလိုအပ်ချက်များကာ ငွေလဲလှယ်နှုန်းမြင့်တက်ပြီး ရွှေဈေးကွက်ပါ အလှုပ်အခတ်ဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်များက ပြောပါတယ်။
“မနက်က စက်ဆီဈေးတက်တဲ့ ဂယက်ကြောင့် ရွှေဈေးတွေပါ တက်လာတာ၊ အရောင်းအဝယ်က နည်းတယ်၊ မှောင်ခိုသဘောမျိုးလုပ်နေရတယ်။ ကမ္ဘာရွှေဈေး တက်တာလည်းပါတယ်” လို့ ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
နိုဝင်ဘာ (၁) ရက်နေ့မှ စတင်ကာ ရွှေဈေးနှုန်းမြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးမှာလည်း မြင့်တက်လာကာ တစ်အောင်စ ၂၀၄၀ ကျပ်ဖြစ်ကာ အခေါက်ရွှေ တစ်ကျပ်သား ၃၇ သိန်းနီးပါး မြင့်တက်လာတာပါ။
စစ်ကောင်စီ လက်အောက်ခံ YGEA က ရွှေဈေးကျရန် ညွှန်ကြားထားပြီး သတင်းမှားတွေ ထုတ်လွှင့်သူ၊ ရွှေဈေးဖွင့်သူ၊ Viber အသုံးပြုပြီး အရောင်းအဝယ်လုပ်သူ၊ ဈေးကစားသူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ YGEA အသင်းရဲ့ ရည်ညွှန်းဈေး ရွှေတစ်ကျပ်သား ၃၂ သိန်း အထက်ရှိနေပြီး ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၃၆ သိန်း ၇ သောင်း နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။
MK-006
#MeKongNews
#ရွှေဈေး
#စစ်ကောင်စီ
#ဈေးတက်
#ဒေါ်လာ