မဲခေါင်၊ စက်တင်ဘာ ၁
ဩဂုတ် ၃၀ ရက်က ရုရှားဟာ ယူကရိန်းနိုင်ငံ ခါကိဗ်မြို့က နေရာ ၅ နေရာကို ဂလိုက်ဗုံးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ရာမှာ ကလေးကစားကွင်းပေါ် ကျသလို လူနေတိုက်ခန်းတွေကိုလည်း ထိမှန်ခဲ့လို့ ၁၄ နှစ်အရွယ် မိန်းကလေး တစ်ယောက်အပါ ၇ ဦးသေဆုံးခဲ့ကာ ကလေး ၁၈ ဦးအပါ ၇၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဂလိုက်ဗုံးဟာ ကလေးကစားကွင်းကိုကျလို့ ၁၄ နှစ်သမီးလေး သေဆုံးခဲ့သလို အနီးအနားက လူနေတိုက်ခန်းနဲ့ ကားတွေဟာလည်း မီးလောင်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပြီး ဒီဗုံးဟာ အနီးကပ်ရောက်မှ နေရာ ရွေးပြီးချိန်ကိုက် ဖောက်ခွဲတဲ့ ဗုံးဖြစ်လို့ နိုင်ငံတကာက ရုရှားရဲ့ လုပ်ရပ်အပေါ် အရပ်သားပြည်သူတွေကို ပစ်မှတ် ထားတိုက်ခိုက်မှုလို့ ရှုတ်ချခဲ့ပါတယ်။
ခါကိဗ်မြို့တော်ဝန် အိုလက်ဆီနီဂူဘော့ဗ်က ဒဏ်ရာရသူတွေထဲမှာ အယောက် ၂၀ ဟာ အလွန်စိုးရိမ်ရတဲ့ အနေ အထားရှိကြောင်းနဲ့ ခြေလက် ဖြတ်တောက်ရမှုတွေပါ လုပ်ရနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဒီအချိန်မှာ ယူကရိန်းတပ်တွေဟာလည်း ရုရှားနိုင်ငံထဲက ကက်ရှ်ဒေသရဲ့ မြို့ပေါင်း ၁၀၀ ကို သိမ်းပိုက်ပြီးနောက် ဘယ်လ်ဂို ရော့ဒ်ဒေသကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ပြီး တစ်ဖက်မှာလည်း ရုရှားပြည်သူတွေ သေဆုံးမှု ရှိနေခဲ့ပါ တယ်။
ဒါကြောင့် ယူကရိန်းသမ္မတ ဇီလန်းစကီးက အမေရိကန်အနေနဲ့ ပေးထားတဲ့ အဆင့်မြင့် ဒုံးကျည်၊ လက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ပစ်ခတ်တိုက်ခိုက်ခွင့်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ ကိုယ်စားလှယ်စေလွှတ်တောင်းဆိုနေပါတယ်။
နေတိုးအကြီးအကဲ စတိုလ်တန်ဘာ့ဂ်ကတော့ ယူကရိန်းတပ်တွေ ရုရှားထဲဝင်ပြီး နယ်မြေတွေ သိမ်းပိုက်တိုက် ခိုက်တာ ကျူးကျော်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အတွက် တရားနည်းလမ်းကျစွာ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်နေ့မှာ ထောက်ခံပြောဆိုသွားပါတယ်။
Ref:Thesun
MKF-001








