မဲခေါင်၊ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးကုတ်၊ မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က မနေ့က ထုတ်ပြန်ပါတယ်။
မနေ့က တစ်ရက် အတွင်း မိုးကုတ်၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တို့ ၇ နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာအနီးနဲ့ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီး တစ်ကြိမ်စီ၊ မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာ အနီး ၂ ကြိမ်၊ အောက်ညောင်ကုန်းနဲ့ အထက်ညောင်ကုန်းရွာကြား တစ်ကြိမ်၊ အထက်ညောင်ကုန်းနဲ့ ကုန်းစံကြား တစ်ကြိမ်၊ ဖြူရောင်ရွာ အနီး တစ်ကြိမ်၊ စုစုပေါင်းတိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်တပ် အရာရှိတွေ အပါအ၀င် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး သေနတ် ၅ လက်၊ ပစ္စတို ၂ လက်၊ လက်ထောက် တစ်လက်၊ စက်လက် တစ်လက်၊ ၆၀ မမ ၅ လုံး၊ ဗုံးသီး ၆ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ပြန်ကြားရေးက ပြောပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ပူးပေါင်းတပ်တွေ ပါ၀င် တိုက်ခိုက်ခဲ့တဲ့အပြင် လွယ်ကျယ်လော့တပ်စခန်း၊ ၁၀၅ မိုင်တပ်စခန်းနဲ့ နမ့်ဖက်ကာ (၁၂၃) တပ်တွေကနေ လက်နက်ကြီး ပစ်ကူ အကြိမ်ရေ ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မန်ကန်ရွာ၊ နာထန်ရွာနဲ့ နမ့်ကတ်ရွာ အနီးမှာ ကျရောက် ပေါက်ကွဲပြီး လူနေအိမ်တွေ ပျက်စီးကာ ပြည်သူ ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မိုးကုတ်မြို့နယ်မှာ စစ်ရှောင်ဒုက္ခသည် ၄၀၀ ကျော်နဲ့ မူဆယ်မြို့နယ်က အိမ်ထောင်စု ၁၃၁ စု၊ လူဦးရေ ၃၄၀ ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်မှာ ဇူလိုင်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၁၉ ရက်အတွင်း စစ်ကောင်စီနဲ့ TNLA တို့ကြား တိုက်ပွဲ ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက် သေဆုံးမှုကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
MK-007
#MeKongNews
#မူဆယ်
#TNLA
#စစ်ဘေးရှောင်








