မဲခေါင်၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကကျရာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်အနီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက်နဲ့ ၅ မိုင်ခန့်သာ ကွာဝေးတဲ့ ဝိန်းနန်းကျေးရွာက TNLA စစ်ကြောင်းတစ်ခုကို ဒီကနေ့ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းထိုးခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
ဝိန်းနန်းကျေးရွာအနီးက လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က စစ်ရေးအရ မကြာခန အသုံးပြုနေတာဖြစ်ပြီး ဒီကနေ့မှာတော့ TNLAက စောင့်ကြိုတိုက်ခိုက်ခဲ့တယ် မူဆယ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“စစ်တပ်က တောင်ပေါ်ဘက်တက်ဖို့ လုပ်နေတာထင်တယ်။ TNLAနဲ့ သွားတိုးပြီး တိုက်ပွဲဖြစ်တာ။ တစ်မနက်လုံးပဲ ပစ်နေကြတယ်။ လက်နက်သေးရော အကြီးရောပစ်လို့ အသံကျယ်တယ်” လို့ သူက ပြောပါတယ်။
တိုက်ပွဲဟာ နေ့လည် ၁ နာရီအချိန်ထိ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကို စယ်လန့်ကျေးရွာအုပ်စု ဆုတောင်းပြည့်တောင်ကနေ လက်နက်ကြီးတွေပစ်ကူ နေတယ်လို့ စယ်လန့်ရွာခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးက ဝိန်းနန်းကျေးရွာ ထိခိုက်ပျက်ဆီးမှုရှိမရှိကိုတော့ ဖုန်းအဆက်အသွယ်ပျက်တောက်နေတာကြောင့် အတည်မပြုနိုင်သေးပါဘူး။
အလားတူ ဒီနေ့ မနက်မှာဘဲ စစ်ရေးတင်းမာနေတဲ့ မူဆယ်မြို့နယ် မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေး စယ်လန့်ကျေးရွာမှာ TNLA တပ်ဖွဲ့ရှိရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တစ်ဖက်သက် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးနေပါတယ်။
“မနက်က စစ်တပ်က အဲတောင်ကို လက်နက်ကြီးတွေ ပစ်နေတယ်။ ကျနော်တို့ဘက်က တုံ့ပြန်တာတော့ မရှိဘူး။ စယ်လန့်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်တပ်လည်း တိုက်ပွဲဖြစ်နေတဲ့ ဝိန်းနန်းမှာ တက်သွားတယ်” လို့ မြေပြင် TNLA တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဒီနေ့ စစ်ကောင်စီတပ်ရဲ့ တစ်ဖတ်သက်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှာ စိုးရိမ်တဲ့ စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာနဲ့ မိုင်းဆတ်ရွာက ရွာခံတွေဟာ နီးစပ်ရာနဲ့ ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲ တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို TNLA က တန်ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားခဲ့ရာ ဒေသခံ ထောင်ချီဟာ မူဆယ်မြို့ပေါ်ကို တစ်လအကြာ တိမ်းရှောင်ခဲ့ကြရပါတယ်။
CJ – 014
#MeKongNews
#စယ်လန့်ကျေးရွာ
#မူဆယ်
#TNLA








