မဲခေါင်၊ စက်တင်ဘာ ၁၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြုလုပ်တဲ့ “ကနောင်စစ်ဆင်ရေး” အတွင်း စစ်ကောင်စီအများအပြားသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကနောင်စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကနေ စတင်ပြီး မတ္တရာ၊ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်တွေအတွင်းမှာ ပြုလုပ်ခဲ့တာလို့ မန္တလေး PDF က ကနဦးထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်(၁၀၁၄)ကို ဇူလိုင် ၁၅ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးခဲ့ပြီး စစ်ကူလာတဲ့ ကားကိုလည်း လုံးဝ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ PDF တစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။
နောင်ချိုမြို့အနီးမှာ သြဂုတ် ၁၄ ရက်က စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်မှာပါတဲ့ အရာရှိတစ်ဦးအပြင် ၁၅ ယောက်လုံးသေဆုံးခဲ့ပြီး လက်နက်တွေပါသိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ခုဟာ PDF ပူးပေါင်းအဖွဲ့နောက်လိုက်ကို စစ်ကြောင်းထိုးခဲ့တာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၀ ယောက်သေဆုံးတယ်လို့ သိရပါတယ်။
သြဂုတ် ၂၆ ရက်မှာ စစ်ကောင်စီတပ်နဲ့ အသင့်နေရာယူထားတဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ယောက်သေဆုံးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒရုန်းများနဲ့ တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲတယ်လို့ မန္တလေး PDF က ဆိုပါတယ်။
ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ် တောင်နီကျေးရွာအနီးက တာဝါတိုင်ကုန်းကို စက်တင်ဘာ ၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ယောက်သေပြီး PDF တစ်ဦး ကျဆုံးခဲ့ပါတယ်။
နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်များမှာ စက်တင်ဘာ ၁၀ ရက်အထိ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၅၂၊ ခလရ ၂၅၇ နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် (စကခ-၁) လက်အောက်ခံ ခမရ ၅၀၂ တို့က ပူးပေါင်းအင်အား ၄၀၀ ခန့်နဲ့ ထိပ်တိုက်စစ်ဆိုင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
#MeKongNews
#နောင်ချို
#ပြင်ဦးလွင်
#မတ္တရာ
#TNLA
#မန္တလေး













