မဲခေါင်၊ သြဂုတ် ၂၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရားဈေးမှာ လာရောက် ရောင်းချတဲ့ ဈေးသည် လျော့နည်းလာမှုကြောင့် မကြာမီ စျေးပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် အစောပိုင်းကစပြီး ကုန်ဈေးနှုန်း မြင့်တက်တာ၊ လမ်းခရီး အစစ်အဆေး တင်းကြပ်တာ၊ စစ်တပ် စစ်ဆေးရေး ဂိတ်တွေမှာ ဆက်ကြေး အများအပြား ပေးနေရတာတွေကြောင့် ကျေးလက်က ဈေးသည်တွေ တွက်ခြေမကိုက် ဖြစ်လာပြီး လာရောက် ရောင်းချသူတွေ လျော့နည်းလာတာလို့ ဆိုပါတယ်။
ဈေးသည် တစ်ဦးက “အကြောင်းအရာတွေတော့ အကုန် ဆက်စပ်တာပေါ့လေ။ ကုန်ဈေးနှုန်း တက်တော့ ရောင်းသူလည်း မကိုက်၊ ဝယ်တဲ့သူကလည်း အရင်လောက် မဝယ်နိုင်၊ ဝယ်တဲ့သူ နည်းလာတော့ မရောင်းရတာနဲ့ ဈေးသည်တွေလည်း မကိုက်ပေါ့။ ဂိတ်တွေလည်း တစ်ဂိတ် ၂၀,၀၀၀(ကျပ်) ဆိုရင် ပေးရတာမနည်းဘူး။ အဲလောက်မှ မမြတ်တာ” လို့ ပြောပါတယ်။
ကျေးရွာက လာရောက်တဲ့ ဈေးသည်တွေဟာ လမ်းတစ်လျှောက် ပေါင်းပိန်း၊ တောင်လေးလုံး၊ ညောင်ရွှေ၊ အင်းတိန် စတဲ့ စစ်ဆေးရေးဂိတ်တွေမှာ တစ်ဂိတ်ကို အနည်းဆုံး ငွေကျပ် ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်တပ် စစ်ဆေးရေးဂိတ်တွေဟာ မနက် ၆ နာရီမှ ဖွင့်ပေးတာကြောင့် ဈေးသည်တွေ အတွက် ရောင်းချိန် မမီလို့ ဖောင်တော်ဦးဈေးအစား တခြားဈေးတွေကို သွားရောင်းကြတယ်လို့ ဆိုပါတယ်။
လတ်တလော ရောင်းချနေတဲ့ ဈေးသည်တွေဟာ အရင်ကထက် ၄ ပုံ တစ်ပုံ တစ်ပုံအထိ လျော့နည်းသွားကာ တချို့ ဈေးနေ့တွေမှာ ရောင်းသူ၊ ဝယ်သူ မရှိသလောက် ဖြစ်နေပြီး ဈေးတစ်ခုလုံး တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဈေးသည် နောက်တစ်ဦးက “အဓိက ဓါတ်ဆီ၊ ဒီဇယ် ဈေးတက်တာပေါ့။ စက်လှေတွေက တော်ရုံ မလာနိုင်တော့ဘူးလေ။ ကုန်းလမ်း လာသူတွေကလည်း ဂိတ်ကြေးက ပေးရ၊ နောက်ကျမှဖွင့် အဲတာတွေပေါ့။ တောင်ရိုးဈေးသည်တွေဆို အရင် တစ်မဲထဲ မဲနေတာ။ အခုတော့ သူတို့လည်း မလာကြတော့ဘူး။ တချို့ ဈေးသည်တွေက တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်ပဲ တက်ရောင်းကြတော့တယ်” လို့ ပြောပါတယ်။
ဖောင်တော်ဦးဈေးမှာ ညောင်ရွှေ၊ အင်းတိန်နဲ့ အင်းလေးဒေသ တစ်ဝိုက်က တောင်ရိုး၊ ရှမ်း၊ အင်းသား၊ ဗမာ စတဲ့ ဈေးသည်တွေ ခြံထွက် အသီးအရွက်၊ အသီးအနှံတွေ အဓိက လာရောက် ရောင်းချကြပြီး အင်းလေးဒေသအတွင်း လှည့်လည်နေတဲ့ ၅ ရက်တစ်ဈေး ဖြစ်တာကြောင့် ဒေသခံတွေက ဟင်းမျိုး၊ ဟင်းလျာအတွက် ဝယ်ခြမ်းရတဲ့ ဈေးဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ် အာဏာမသိမ်းမီ ကာလတွေက ဖောင်တော်ဦးဈေးကို နိုင်ငံခြားနဲ့ ပြည်တွင်း ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ ရှိပေမယ့် လက်ရှိ နိုင်ငံခြား ခရီးသွား လုံးဝ မလာတော့တဲ့ အပြင် ပြည်တွင်း ခရီးသွား များစွာ လျော့နည်းသွားတာကြောင့် ဈေးသည်တွေ အနေနဲ့ ရပ်တည်ရ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-007
#MeKongNews
#ညောင်ရွှေမြို့နယ်
#ဖောင်တော်ဦးဘုရား
#ခရီးသွား








