မဲခေါင်၊ စက်တင်ဘာ ၂
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း တစ်ခုကို Job For Kayah-JFK အဖွဲ့က ဆန် သွားရောက် လှူဒါန်းခဲ့တယ်လို့ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁ ရက်၊ နေ့လယ် ၁၂ နာရီက သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပြီး အိမ်ထောင်စု တစ်စုကို ဆန် ၄ ပြည်နဲ့ ဆားတစ်ထုပ် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
JFK အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက “ဆန်တခုတည်း ထောက်ပံ့တယ် ဆိုတာက ငွေရေးကြေးရေး အခက်အခဲနဲ့ ကုန်ဈေးနှုန်း တက်လို့ပါ။ ရန်ပုံငွေ မရှိလို့ အရင်လို ဆီတို့ ကြက်ဥတို့ မဝယ်နိုင်တော့လို့ပါ” လို့ ပြောပါတယ်။
အရင်ကထက် ဆန်စျေး ၂ ဆနီးပါး တက်လာပြီး ဆန် ၁၂ ပြည် တစ်အိတ်ကို ၈၄,၀၀၀ ကျပ် ဖြစ်လာတာကြောင့် ထောက်ပံ့နှုန်း အရင်ကထက် သိသိသာသာ လျော့သွားတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင် စခန်းမှာ အိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၄၀၆ ဦး နေထိုင်ပြီး တခြား စခန်းတွေထက် လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲတာကြောင့် ပြည်သူတွေ အနေနဲ့ ဆက်သွယ် လှူဒါန်းပေးဖို့ Job For Kayah-JFK တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
JFK အဖွဲ့ဟာ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ပင်လယ်ကွေ့ စစ်ဘေးရှောင် စခန်းကို အရေးပေါ် လိုအပ်တဲ့ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ဆပ်ပြာ၊ ခြင်ထောင်၊ အဝတ်အထည် စတဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။
JFK အဖွဲ့ကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေကို အခမဲ့ တင်ဆက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း သပိတ်နှိုးဆော်တဲ့ အဖွဲ့အစည်းတွေ ကတစ်ဆင့် စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး အဖွဲ့အဖြစ် ကူညီနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ၂၀,၀၀၀ ဂယက်ကြောင့် ကုန်ဈေးနှုန်း တက်လာတာနဲ့အမျှ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတွေမှာ စားဝတ်နေရေး ပိုခက်ခဲလာပြီး ပြည်သူတွေ အနေနဲ့ အားစိုက် လှူဒါန်းပေးကြဖို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက မေတ္တာရပ်ခံ ထားပါတယ်။
CJ-007
#MeKongNews
#စစ်ဘေးရှောင်
#JFK
#ဒီးမော့ဆိုမြို့နယ်













