မဲခေါင်၊ ဩဂုတ်၂၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ နမ့်တောင်း-ဖာဖိတ် လမ်းမမှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်က အဲဒီလမ်းကို ဖြတ်တောက်ဖို့ (၁၀၅) မိုင်ဘက်မှ မြေကော်စက် တစ်စီးနဲ့ တက်လာတဲ့ စစ်ကောင်စီနဲ့ TNLA တို့ ထိပ်တိုက်တွေ့ကာ နမ့်တောင်းရွာနဲ့ ဖာဖိတ်ရွာကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ TNLA က ထုတ်ပြန်ပါတယ်။
“ပလောင်တွေထင်တယ် အဝေးက ၂ ချက် ၃ ချက် လာပစ်တယ်။ လာပစ်ပြီး အဲမှာ နည်းနည်း ထိတွေ့ တိုက်ပွဲ ဖြစ်သွားတာ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်က လမ်းတူးကော် ဖြတ်တောက်ထားတဲ့ နေရာမှာ TNLA အုပ်ချုပ်ရေးပိုင်းက ဆိုင်ကယ်နဲ့ ကားလေးတွေ ဖြတ်လို့ရအောင် သဲတွေပြန်ဖို့ထားတာကို မနေ့က စစ်တပ်က ပြန်ဖျက်ဆီးဖို့ လာချိန် တိုက်ပွဲ ဖြစ်တာလို့ သူက ရှင်းပြပါတယ်။
“သူက ချိုင့်ခွက် တော်တော်ကြီးအောင် တူးပစ်လိုက်တာ ဆိုတော့ နည်းနည်း ပြန်လုပ်ယူရခက်နေလို့ စက်နဲ့ပဲ၊ မဟုတ်ရင် လူအင်အားနဲ့ မလုပ်နိုင်ဘူးလေ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ TNLA တပ်စခန်းချ နေထိုင်တာ မရှိပေမယ့် လှုပ်ရှားမှုတွေရှိလို့ ကားတွေ သွားလို့မရအောင် စစ်တပ်က ရည်ရွယ် လုပ်နေတာလို့ သူက ရှင်းပြပါတယ်။
မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသသတင်းဌာန ဖြစ်တဲ့ ရွှေဖီမြေမှာတော့ လမ်းမထပ်မံ ဖျက်ဆီးဖို့ တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို TNLA က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်ကလည်း ကွတ်ခိုင်မြို့ ကနေ သိန္နီဘက် စစ်ကား ၂၄ စီးပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ TNLA တပ်မဟာ (၅)၊ တပ်ရင်း (၃၃၅) တို့ ကွတ်ခိုင်နဲ့ သိန္နီကြား၊ ၃၈ မိုင် မန့်ပြိန်းရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo-PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန။
CJ-008
#MeKongNews
#နမ့်တောင်း
#PSLF/TNLA
#တိုက်ပွဲ








