မဲခေါင်၊ ဩဂုတ် ၉
ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြားက ကျောက်စုကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာပြီး ပြန်ဆုတ်သွားပေမဲ့ တော်လှန်ရေး အင်အားစုတွေ နယ်မြေ မစိုးမိုးနိုင်သေးဘူးလို့ ဖားဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သံလွင်မြစ်ကမ်းဘေးမှာ တော်လှန်ရေး အင်အားစုတွေက ခံစစ်ပြင်ထားတဲ့ ကျောက်ပန်းညိုနဲ့ ၀မ်အောင်း (ရှမ်း) ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၂ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဖားဆောင်းမြို့နယ်၊ ကျောက်စုကျေးရွာကိုပါ တိုးချဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
ကျောက်စုကျေးရွာ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ တစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး ဩဂုတ်လ ၅ ရက်ကတော့ တစ်နေကုန် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဖားဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကတော့ တောက်လျှောက်ပဲ။ ဟိုဘက်(စစ်ကောင်စီ) က ပစ်လိုက်၊ ကျွန်တော်တို့ ပစ်လိုက်ပါပဲ။ ၅ ရက်ကတော့ ပြင်းတယ်။ တစ်နေကုန်ကို ဖြစ်တာ။ ကျောက်ပန်းညိုမှာ တပ်စွဲထားတဲ့ တပ်မ (၅၅) တပ်ရင်းတွေနဲ့ ဖြစ်တာ” လို့ သူကရှင်းပြပါတယ်။
ဩဂုတ်လ ၅ ရက် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၁၀ ထက်မနည်း သေဆုံးပြီး စစ်လက်နက် ခဲယမ်း အမြောက်အများ သိမ်းရခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းက ၆ ကြိမ် လာရောက် ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ရဲဘော် ၂ ဦးကတော့ အစမှန်ကျသွားတယ်။ ဟိုကောင်တွေ (စစ်ကောင်စီ) လည်း အတုံးအရုံးပဲ။ သေတာတော့ ၁၀ ယောက်လောက်ပဲ ရှိပေမဲ့ ဒဏ်ရာရများလိမ့်မယ်။ ပြန်ဆုတ်သွားတာ ဖရိုဖရဲပဲ” လို့ ဖားဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို တော်လှန်ရေး အင်အားစုတွေ နယ်မြေရှင်းလင်းနေပေမဲ့ နယ်မြေစိုးမိုးလို့ရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ သူကရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ နီးကပ်တဲ့ အပြင် အချိန်မရွေး လက်နက်ကြီး သာမက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် နယ်မြေရှင်းလင်းပြီး လက်နက်ခဲယမ်း တွေကိုသာ သိမ်းဆည်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ သံလွင်မြစ်ကမ်းဘေး ကျေးရွာ ၂ ခုဟာ ကာကင်း အတွက် အရေးပါတဲ့ နေရာတွေ ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေ ဘက်က ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ ဖားဆောင်း PDF က အသိပေး ပြောဆိုထားပါတယ်။
မယ်စဲ့မြိုနယ်နဲ့ ဖားဆောင်းမြို့နယ် ဒေသ အများအပြားကို ကရင်နီတော်လှန်ရေး အင်အားစုတွေ စစ်ရေးအရ ထိန်းချုပ်ထားပြီး စစ်ကောင်စီက တပ်မ(၉၉)၊ တပ်မ(၅၅)၊ တပ်မ(၇၇)၊ တပ်မ (၆၆) လက်ကျန်အင်အားတွေ၊ ရှမ်းအခြေစိုက် တပ်ရင်းတွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းကာ အင်အား ၃,၅၀၀ ထက်မနည်း အသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကရင်နီပြည်နယ်ထဲက မြို့နယ်တွေကို လက်လွှတ်လိုက်ရတာ၊ လက်ရှိ အပြင်းအထန် ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
လက်ရှိ ကျောက်စုကျေးရွာ အနီးမှာ ၂ ဖက် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို တော်လှန်ရေး အင်အားစုတွေဘက်က ဒရုန်းနဲ့ ဗုံးကြဲနေတယ်လို့ သိရပါတယ်။
MK-007
#MekongNews
#ကျောက်စုကျေးရွာ
#ဖားဆောင်း_PDF
#သံလွင်မြစ်








