မဲခေါင်၊ မေ ၂၈
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW က ဒီကနေ့ မေလ ၂၈ ရက်မှာ မဲခေါင်သတင်းဌာနကိုပြောပါတယ်။
မေလ ၂၂ ရက်ကနေ ၂၈ ရက်ထိတိုက်ပွဲတွေအတွင်း စစ်ကောင်စီ အရာရှိကြီး ၅ ဦးအပါအဝင် အရာရှိ ၁၃ ဦးသေဆုံးသွားပြီး စစ်သား ၃၀ နီးပါးသေဆုံးသွားတယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။
“မေလ ၂၂ ရက်နေ့က စဖြစ်တာပေါ့။ နံသာအောင်ကုန်းကနေ ရွာသာယာဘက်ကို စစ်ကောင်စီတပ်တွေ ထွက်လာတော့ ပျောက်ကြားဝင်တိုက်တယ်။ အထိအခိုက်အသေဆုံးတော့မသိရဘူး။
၂၃ ရက်နေ့ကတော့ ထိပ်တိုက်တွေ့တယ်။ ကျွန်တော်တို့ဘက်က ပျောက်ကြားလည်း နိုင်နိုင်နင်းနင်းတိုက်နိုင်ခဲ့တော့ မျက်မြင်အရ ၁၅ ယောက်လောက်သေတယ်။ အဲ့ဒီ့နေ့မှာပဲ စစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ဗုံး ၈ လုံးလာကြဲတယ်။ ရွာသာယာဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်။ ၂၄ မှာ နားပြီး ၂၅ မှာ ထပ်ဖြစ်တော့ ရွာသာယာ ကနေရှေ့တိုးလာတယ်။ ကျွန်းတောကျေးရွာနားမှာဖြစ်မယ်။ ပြင်းပြင်းထန်ထန်တိုက်ပွဲလည်းဖြစ်ခဲ့တော့ သူတို့ဘက်က ၂၁ ကောင်သေတယ်လို့ သတင်းရတယ်။ PDF ရဲဘော် ၂ ဦးလည်း အသက်ပေးလိုက်ရတယ်။ အဲ့နေ့မှာ လေကြောင်းနဲ့ ၄ ကြိမ်လာကြဲလို့ အသက် ၉၀ ကျော် အဘွားတစ်ယောက်သေဆုံးသွားတယ်။”လို့ OKSAW ကပြောပါတယ်။
မနေ့က ညနေပိုင်းမှာလဲ ABSDF က ရွာသာယာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပျောက်ကြားတိုက်ခိုက်ခဲ့လို့ တပ်ကြပ်အဆင့်ရှိသူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတာကို မျက်မြင်တွေ့လိုက်တယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့ထဲကို အရာရှိ ၁၃ လောင်းဝင်ခဲ့ပြီး အရာရှိကြီး ၅ ဦးသေဆုံးသွားလို့ လစ်လပ်သွားတဲ့ ရာထူးတွေကို စစ်ကောင်စီက မနေ့က ရဟတ်ယာဉ်နဲ့ လူသစ်တွေ လာပို့သွားတယ်လို့ OKSAW ကပြောပါတယ်။
လက်ရှိမှာတော့ စစ်ရေးအခြေအနေတင်းမာနေပြီး ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် မနေ့က ညနေပိုင်းမှာပဲ အနီးအနား စစ်ရှောင်အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ကာ ဓားစာခံအနေနဲ့ ဖမ်းဆီးပြီး ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
“မကြာခဏသူတို့တိုက်ခိုက်ခံနေရတော့ မလုံခြုံဘူးလို့ ထင်ပြီး ရွာသာယာနားက စစ်ရှောင် အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ပြန်တော့ဆုတ်သွားတယ်။ စစ်ရေးကတော့ တင်းမာနေဆဲပဲ။ ဒီစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ်အနိုင်ကျင့်တယ်။ လိင်အကြမ်းဖက်မှုတွေအစ ပြုလုပ်နေတဲ့ စစ်တပ်လည်းဟုတ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို ဘယ်လိုမှလက်ခံလို့မရဘူး ဆက်တိုက်သွားမှာဆိုတော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်ပါတယ်”လို့ OKSAW က ပြောပါတယ်။
MK-007
#MeKongNews
#ABSDF
#ဗန်းမောက်