မဲခေါင်၊ မတ် ၁
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က နိုင်ငံတော် အာဏာကို လက်နက်အားကိုး သိမ်းယူခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကနေ ဖေဖော်ဝါရီ ၂၈ ရက်အတွင်း စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့ ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ပြည်သူ ၃,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-AAPP ထံက သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ သတ်ဖြတ်ခဲ့ရာမှာ AAPP ရဲ့ ထုတ်ပြန်ချက်အရ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီး ၃၈၉ ဦးကျော်နဲ့ ကလေးသူငယ် ၂၉၅ ဦးကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဆန့်ကျင်သူတွေကို ဆက်တိုက် ဖမ်းဆီးနေပြီး ပြည်သူ ၂၀,၀၀၀ နီးပါး ဖမ်းဆီးခံရပါတယ်။ ဒီလို ဖမ်းဆီးပြီး စစ်ကြောရေးတွေ၊ အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁,၀၀၀ ကျော် ရှိတယ်လို့လည်း AAPP က ဖော်ပြထားပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ကောက်ယူရရှိနိုင်သလောက် အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီ့ထက် ပိုများနိုင်တယ်လို့ AAPP က ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက နိုင်ငံအနှံ့က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၂၃ လူသားချင်း စာနာမှုဆိုင်ရာ အစီအရင်ခံစာ အရ ပြည်သူ ၁၇ သန်းကျော်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
MK-007