မဲခေါင်၊ ဖေဖော်ဝါရီ ၁
အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ ဒီကနေ့မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဒုဝန်ကြီးချုပ် ၅ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
အသစ်ဖွဲ့စည်းတဲ့ စစ်ကောင်စီမှာ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ် ရာထူးကို မင်းအောင်လှိုင် ကသာ ရယူထားပေမယ့် ဒုချုပ် စိုးဝင်း အပါအဝင် အခြားဝန်ကြီး ၄ ဦးကတော့ ဒုဝန်ကြီးချုပ် ရာထူးတွေနဲ့ ပွဲထွက်လာတာကို တွေ့ရပါတယ်။
ထူးခြားချက်အဖြစ် အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဝဏ္ဏမောင်လွင် ကိုတော့ အသစ်ဖွဲ့စည်းတဲ့ စစ်ကောင်စီမှာ ကောင်စီဝင် အဖြစ် ပြောင်းရွှေ့ခန့်ထားပြီး သူ့နေရာမှာ ဦးသန်းဆွေ ဆိုသူ တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အဖွဲ့ဝင် အချို့ကို ထပ်မံ အားဖြည့်ထားပြီး မင်းအောင်လှိုင် အပါအဝင် ၂၀ ဦးနဲ့ ပြန်လည် ဖွဲ့စည်းထားကာ လူ ၉ ဦးပါဝင်တဲ့ အကြံပေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ ကာလုံ အစည်းအဝေးကို မနေ့က နေပြည်တော်မှာ ကျင်းပပြီး အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ ကို ကိုးကားကာ ကာလုံ အစည်းအဝေးကနေ မင်းအောင်လှိုင်ကို အာဏာသက်တမ်း ၆ လ တိုးပေးလိုက်ပြီးနောက် အခုလို စစ်ကောင်စီကို ပြင်ဆင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
#MekongNews