ဘန်ကောက်၊ ဇန်နဝါရီ ၂၁
ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ယူတီအန်ပါတီရဲ့အထွေထွေညီလာခံဟာ ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ ဆရီရမ်ထိုင်းပါတီဝင် ၂ ယောက်က ထိုင်းရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ထိုးတောင်းဆိုထားပါတယ်။
တောင်းဆိုချက်ကို ဗီဒီယိုဖိုင်တွေနဲ့အတူ ပါတီမူဝါဒထိန်းကျောင်းရေးဥက္ကဌ ဆွမ်ချိုင်း ဆရီဆွတ်သီရာခွန် နဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမူဝါဒဆိုင်ရာဥက္ကဌ ဗီရာ ဆွမ်ခွမ်ကစ်တို့က ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတိုင်ကြားထားတာပါ။
ယူတီအန်ပါတီဟာ ဇန်နဝါရီ ၉ ရက်က ဘန်ကောက်မြို့မှာပြုလုပ်တဲ့ပါတီညီလာခံကို နယ်ဝေးကပါတီဝင်တွေတက်ရောက်နိုင်ဖို့ ဘတ်စ်ကားနဲ့ ခရီးသည်တင်ဗန်ကား ၁၀၀ ကျော်စီစဉ်ပေးခဲ့တယ်လို့ သူတို့က တိုင်ကြားထားတာပါ။
ရွေးကောက်ပွဲနေ့မှာ မဲရုံတွေသွားနိုင်အောင် အမတ်လောင်းတွေက ကားစီစဉ်ပေးတာမလုပ်ဖို့ ကိုယ်စားလှယ်လောင်းဥပဒေမှာ တားမြစ်ထားပေမဲ့ ဒီဖြစ်ရပ်အတွက် ဥပဒေအသုံးပြုနိုင်ခြင်းရှိ၊ မရှိ မရှင်းလင်းသေးဘူးလို့ တိုင်ကြားသူတွေကပြောပါတယ်။
ဒါပေမဲ့ ညီလာခံလာသူတွေကို ငွေပေးပြီးလာခိုင်းတယ်လို့ သံသယရှိတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့လည်း ပြောပါတယ်။
ယူတီအန်ပါတီဟာ ညီလာခံလာတက်သူတွေကို စုစုပေါင်းဘတ် ၁ သန်းဖိုးလောက်တန်ဖိုးရှိတဲ့ တီရှပ်တွေ၊ ခွက်တွေနဲ့ အလံတွေ ဝေငှခဲ့တယ်လို့လည်း ပြောပါတယ်။
အခုတိုင်ကြားချက်နဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ပါတီကဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကို ပါတီက အကြောင်းစုံရှင်းပြဖို့ ပြင်ဆင်ထားတယ်လို့ ပါတီအမှုဆောင်အဖွဲ့ဝင် ဝတ်တယာ ကော်ပရာဒိုင်ကပြောပါတယ်။
ယူတီအန်ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ဝန်ကြီးချုပ်လောင်းအနေနဲ့ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မယ့်ပါတီဖြစ်ပါတယ်။
Source – Bangkok Post
Photo – Bangkok Post