မဲခေါင်၊ ဇန်နဝါရီ ၁၉
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ (၆) မိုင် စံပြ လမ်းမကြီး တစ်လျှောက် စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲကာ ဝင်ရောက်လာပြီးနောက် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံး ထားတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းကစပြီး (၆) မိုင် ဘုရားကျောင်းနဲ့ လမ်းမကြီး တစ်ကျောမှာ နေရာ ၃ ခုထက်မနည်း ဝင်ရောက်တပ်စွဲခဲ့တာပါ။
(၆) မိုင် ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြင်ထွက်လာရာ ဇန်နဝါရီ ၁၁ရက် ည ၁၁ နာရီကျော်မှာ မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ KNDF မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ပွဲတွေအပြီး ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်မှ ဒီးမော့ဆို အရှေ့ဖက်ခြမ်းသို့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ အဆောက်အအုံတို့ ထိခိုက်ပျက်ဆီးခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်မှာတော့ (၆) မိုင် ကျေးရွာနဲ့ ဘက်သလိန်ကျေးရွာရှိ စစ်ကောင်စီတပ် ခြေကုတ်ယူထားတဲ့ နေရာတွေနဲ့ ခမရ (၄၂၇)တပ် ကင်းပုန်းတို့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ KNDF က အသိပေးပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ (၆) မိုင်စံပြကျေးရွာ လမ်းမကြီး တစ်ကျောနဲ့ ဘုရားကျောင်းတို့မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNDF တပ်ရင်း (၉)တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုအခြေစိုက် ခမရ (၄၂၇)တပ်ရဲ့ ကင်းပုန်းတွေကိုပါ အလစ်အငိုက် တိုက်ခိုက်တာတွေ တစ်ဆက်တည်း လုပ်ဆောင်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကလည်း (၆) မိုင်ကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ KNDF က ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီးမော့ဆိုမြို့နဲ့ (၆) မိုင်စံပြကျေးရွာ အကြား လမ်းမကြီးတစ်ကျောနဲ့ ဘုရားကျောင်း တို့မှာ ခြေကုပ်ယူကာ တပ်စွဲ လှုပ်ရှားနေပြီး KNDF တပ်ရင်း (၉) မှ ဆက်လက် ခုခံနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KNDF တပ်ရင်း (၉)။
MK-003