ဇန်နဂါရီ ၁ ရက်နေ့က အုပ်ချုပ်ရေးမှူး ရဲထွန်းဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက် စစ်မှုထမ်းဟောင်း ပျူစောထီး လူမိုက်ဖြစ်သူ သန့်ဇင် ကို အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
သူတောင်းစား ကတော့ ၁ ရက်နေ့မှာ သေသွားပြီ။ ဒီခွေးကတော့ ၄ ရက်နေ့မှာ တရားဝင် ခန့်လိုက်တာ။ ဒံပေါက်ကြွေးပြီး မိတ်ဆက်ပွဲ လုပ်ကြတာ။ အခုကောင်ကလည်း စစ်ထွက်။ ပျူးစောထီး လူမိုက် လုပ်စားနေတဲ့ ကောင်ပဲ။ ဘာမှ ရပ်ကွက် အတွက် အကျိုးပေးမယ့်ကောင်တွေ မဟုတ်ပါဘူး
လို့ သူကပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ဝန်းကျင်က (၂၀) ရပ်ကွက်ရုံး အနီး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် ယခင် ရပ်ကွက်အုပ်ကြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ပစ်သတ်သူကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေပါတယ်။
သေဆုံးခဲ့သူ ရဲထွန်းဦး ဟာ ကြံခိုင်ရေးပါတီဝင် ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ လူငယ်များကို ဦးဆောင် ဖမ်းဆီးခဲ့သူ ဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ပြီးနောက် ရပ်ကွက်အတွင်း အိမ်နဲ့မြေများ ဝယ်ယူထားနိုင်သူ တစ်ဦး ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။