မဲခေါင်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးစသည့်ကုန်စည်များကို တရုတ်နံပါတ်အဝါ ကုန်တင်ကားများက စိုက်ခင်းများအထိ တိုက်ရိုက်ဝင်ရောက်သယ်ယူနေသည့်အတွက် ပြည်တွင်းကုန်တင်ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ အလုပ်အကိုင်ဆုံးရှုံးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိ ဖရဲသီးပေါ်ချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ဒေသနှင့် ဝတပ်ဖွဲ့-UWSA ထိန်းချုပ်ဒေသများအတွင်း တရုတ်နံပါတ်အဝါ ကုန်တင်ကားများ လွတ်လပ်စွာ ဝင်ထွက်သွားလာနေပြီး ဖရဲစိုက်ခင်းများအထိ တိုက်ရိုက်ဝင်ရောက် သယ်ယူနေကြခြင်းဖြစ်သည်။
ယခင်က တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများကို မြန်မာကားများဖြင့် နယ်စပ်ဂိတ်အထိ ပို့ဆောင်ပြီးနောက် တရုတ်ကားများသို့ တစ်ဆင့်ပြန်လည် လွှဲပြောင်းတင်ဆောင်ရသော်လည်း ယခုအခါ တရုတ်ကားများက စိုက်ခင်းများအထိ ဝင်ရောက်သယ်ယူလာသည့်အတွက် ပြည်တွင်းကားသမားများ ကုန်တင်ခွင့်ရရှိမှု နည်းပါးလာခြင်းဖြစ်သည်။
“အခုက တရုတ်တွေက ကိုယ်တိုင်ပဲ မောင်းတယ်။ တရုတ်ကားနဲ့ပဲ ရှမ်းမြောက်အတွင်းပိုင်းထဲထိကို ဝင်သယ်နေတော့ ကျွန်တော်တို့ မြန်မာကားသမားတွေ အလုပ်ဆုံးရှုံးကုန်တာပေါ့ဗျာ။ အဖွဲ့စည်းတွေရဲ့ ထိန်းချုပ်နယ်မြေကနေ တရုတ်ကားတွေက ကိုယ်တိုင် ဝင်သယ်ကြတာပေါ့ဗျာ။ အမှန်က အဲ့လို တရုတ်ကားတွေ ကိုယ်တိုင်ဝင်သယ်တာကို ခွင့်မပြုသင့်ဘူးပေါ့ဗျာ”လို့ ရှမ်းမြောက်ကုန်ကားမောင်းသူတစ်ဦးကပြောသည်။
ထို့ပြင် မြန်မာကားများဖြင့် သယ်ယူပို့ဆောင်ရာတွင် နယ်စပ်ဂိတ်များ၌ အဆင့်ဆင့် ပြန်လည်တင်ဆောင်ရခြင်းကြောင့် အချိန်ကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များပြားမှုရှိသည့်အပြင် ဖရဲသီးများ ပွန်းပဲ့ပျက်စီးနိုင်ခြင်းစသည့် အရည်အသွေးကျဆင်းမှုများကြောင့် တရုတ်နိုင်ငံထဲ ကားမလဲပဲ တိုက်ရိုက်တင်ပို့နိုင်သည့်အပြင် ကုန်ကျစရိတ်သက်သာသည့် လမ်းကြောင်းကို တရုတ်ကုန်သည်များက ရွေးချယ်လာကြခြင်းဖြစ်သည်။
တရုတ်နံပါတ်အဝါကားများမှာမူ နယ်စပ်ဂိတ်များတွင် ကုန်ပြန်လည်လွှဲပြောင်းတင်ဆောင်ရန်မလိုဘဲ တရုတ်နိုင်ငံအတွင်းရှိ ဝယ်လက်ဆိုင်များအထိ တိုက်ရိုက်ပို့ဆောင်နိုင်သည့်အတွက် ကုန်သည်များက ယင်းကားများကို ပိုမိုရွေးချယ်အသုံးပြုလာကြခြင်းဖြစ်သည်။
“အဓိကက အာဏာပိုင်အဖွဲ့တွေက ကိုယ့်ဒေသက ပြည်သူကို ပြန်ကြည့်ဖို့လိုတာပေါ့၊ သူတို့လုပ်ပိုင်ခွင့်ထဲမှာလေ။ လက်ရှိမှာက တရုတ်ကားတွေ ရှမ်းမြောက်ကနေ ဝယ်လက်ဆိုင်အထိ တိုက်ရိုက်မောင်းပို့လို့ရတဲ့အခါကျတော့ ကုန်သည်တွေက ပိုလွယ်ပြီး ကုန်ကျစရိတ်လည်း သက်သာမယ့်လမ်းကြောင်းကို ရွေးချယ်မှာပဲလေ။ အဓိကက အာဏာပိုင်တွေက ကိုယ့်ဒေသက ကိုယ့်တိုင်းပြည်က ပြည်သူအကျိုးကို ဦးစားပေးကာကွယ်ပေးဖို့လိုတယ်”ဟု နောက်ထပ်သတင်းရင်းမြစ် တစ်ဦးကပြောသည်။
ယင်းအခြေအနေကြောင့် ဖရဲသီးရာသီကို မျှော်လင့်စောင့်ဆိုင်းနေကြသည့် မြန်မာယာဉ်မောင်းများမှာ အလုပ်အကိုင်မရှိသည့်အပြင် ကားပိုင်ရှင်များလည်း မိမိတို့၏ယာဉ်များကို ရပ်နားထားရသည့် အခြေအနေဖြစ်လာကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးက ပြောသည်။
“မြန်မာကားကျတော့ အဆင့်ဆင့်ပြန်ချိန်းရတာနဲ့ အချိန်လည်းပိုကုန် ဖရဲသီးတွေလည်းနာတော့ ကုန်သည်တွေဘက်က တရုတ်ကားလည်း ဝင်လို့ရနေတော့ တရုတ်ကားနဲ့ပဲ ပြန်သယ်ကြတာပေါ့။ ဒါပေမဲ့ မြန်မာကားသမားတွေအနေနဲ့ ခံရခက်တယ်။ စားဝတ်နေရေးပဲ ထိခိုက်လာတယ်” ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင်လည်း ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ဒေသအတွင်း သွားလာနေသည့် မြန်မာလိုင်စင်ကားများကို ကိုးကန့်လိုင်စင် ထပ်မံပြုလုပ်ရန် သတ်မှတ်ထားပြီး လိုင်စင်မပြုလုပ်ထားဘဲ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေး ကျပ် ၁၀ သိန်းအထက် ပေးဆောင်နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ယင်းသတ်မှတ်ချက်ကြောင့် မြန်မာလိုင်စင်ရှိပြီးသား ကားများပင် ကိုးကန့်လိုင်စင် ထပ်မံပြုလုပ်ရသည့်အပြင် လိုင်စင်သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကားအချို့မှာ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။
ယခင်နှစ်များတွင် တရုတ်နံပါတ်အဝါ ကုန်တင်ကားများ မြန်မာဘက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်မရှိသည့်အတွက် ပြည်တွင်းကားသမားများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝင်ငွေရရှိခဲ့သော်လည်း ယခုနှစ်တွင် တရုတ်ကားများက စိုက်ခင်းများအထိ ဝင်ရောက်သယ်ယူလာခြင်းကြောင့် ဒေသခံယာဉ်မောင်းများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်လာခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် မြို့နယ်အများအပြားကို လက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်လာပြီးနောက် တရုတ်ကုန်တင်ကားများကို ထိန်းချုပ်နယ်မြေအတွင်း တိုက်ရိုက်ဝင်ရောက်ခွင့်ပြုလာခြင်းက ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပေါ် ရိုက်ခတ်မှုရှိလာခြင်း ဖြစ်သည်။
#MeKongNews
#တရုတ်
#မြန်မာ
#အလုပ်သမား
#စိုက်ခင်း
#ဖရဲ
#ကုန်ကား








