မဲခေါင်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများအား လွိုင်လင်ဗိုလ်ကြီးဟုဆိုကာ ကားသမားများထံ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာ ၂၃ ရက်တွင် လွိုင်လင်-နောင်လိုင်လမ်းပိုင်း၌ ပိတ်မိနေသည့် ကီလိုကားများကို လွိုင်လင်ဗိုလ်ကြီးဟုဆိုသူက ကားများကို ဖြတ်သန်းခွင့်လုပ်ပေးမည်ဖြစ်ပြီး ထိုအတွက် ကားတစ်စီးတစ်သိန်းကျပ်ပေးရမည်ဖြစ်ကြောင်း ပြောကြာ ငွေလိမ်သွားခဲ့ခြင်းဖြစ်သည်။
ထိုလိမ်လည်မှုအတွင်း ကီလိုကားများရာချီအနက် ကားသမား ၂၀ ဦးခန့် အလိမ်ခံခဲ့ရသည်ဟု သိရသည်။
“သူက ဗိုလ်မှူးကြီး လွတ်လာတာတဲ့ လွိုင်လင်က ဗိုလ်ကြီးတဲ့။ ကားတွေကို ဖြတ်သန်းခွင့်ရအောင်လုပ်ပေးမယ် ကားတစ်စီး တစ်သိန်းကျပ်ကျတယ်ဆိုပြီး နောင်လိုင်မှာပိတ်ပိတဲ့ကားတွေကို လာတောင်းသွားတယ်။ အဲ့ဒီမှာ ကားအစီး ၂၀ ကျော်ဆီကနေ ပိုက်ဆံ တောင်းသွားတယ်။ တကယ်တော့ ဘာမှ မလုပ်ပေးဘူး။ ငွေလာတောင်းတဲ့သူက တကယ်ဗိုလ်ကြီးလား အတုလား မသိဘူး။ လိမ်သွားတာကတော့ သေချာတယ်။”ဟု ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊ လွိုင်လင်မြို့အဝင်အထွက်၊ ပင်လုံမြို့အဝင်အထွက် ၊ လွိုင်လင်-နမ့်စန်လမ်းဘက်တွင် သံတိုသံစသယ်သည့်ကားအစီးရေ ၅၀၀ ကျော်ကို စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသေးပဲ ပိတ်ပင်ထားခြင်းဖြစ်သည်။
ထိုသို့ ကားအစီးရေများပြားစွာ ပိတ်မိနေသည်ကို အခွင့်အရေးယူပြီး ကားသမားများထံမှ ဖြတ်သန်းခွင့်လုပ်ပေးမည်ဟုဆိုကာ ယခုတွင် ငွေလိမ်စားသူပါ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခင်တွင် သံတို သံစသယ်သည့် ကားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထောက်ခံစာ၊ စည်ပင်ထောက်ခံစာ၊ အောက်ပြည် မန္တလေးဘက်မှ ကုန်လက်ခံမည့်လုပ်ငန်းရှင်၏ ထောက်ခံစာများ ပြည့်စုံပါက စစ်ကောင်စီဂိတ်မှ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း လက်ရှိတွင် ဖြတ်သန်းခွင့်မပြုတော့ပဲ စစ်ကောင်စီ၏ လုံနယ်ဝန်ကြီး ထောက်ခံစာကိုပါ တောင်းခံနေသည်။
လက်ရှိပိတ်မိနေသည့် ကားများမှာ စစ်ကောင်စီ၏ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပေးသည့် ထောက်ခံစာကို ရရှိရန် လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် တောင်ကြီးတွင် သွားရောက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု ကားသမားများကပြောသည်။
ထိုသို့ လမ်းခရီးကို မပေးသွားပဲ ကြာရှည်စွာ ပိတ်ပင်ထားခြင်းကြောင့် ကားသမားများမှာ လမ်းဘေးတွင် တဲထိုးကာ ဖြစ်သလို နေနေရပြီး ရေရှည်တွင် စားဝတ်နေရေး ကျန်းမာရေးအတွက်ပါ အခက်အခဲဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယင်းကဲ့သို့ ကြိုတင်အကြောင်းမကြားပဲ ထပ်မံ တင်းကျပ်ခြင်းကြောင့် သံတိုသံစ သယ်ယူသည့် ကားများအနေဖြင့် နယ်လုံ ဝန်ကြီးထောက်ခံစာရရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။
#MeKongNews
#လွိုင်လင်
#သံတိုသံစ
#ကီလိုကား
#ပိတ်မိ
#ဗိုလ်ကြီး








